ကျော်ဟုန်း - ငွေ့ရည်ဖွဲ့ အစိုပြန်များသို့
ငွေ့ရည်ဖွဲ့ အစိုပြန်များသို့
ကျော်ဟုန်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၃
လိမ်လည်မှုတွေ
ကြိမ်ဖန်များစွာနဲ့
ကြုံရဖူးသူဟာ
သစ္စာတရားကို
ခုံမင်တတ်လာတယ်။
နရီစည်းပျက် ရင်ခုန်သံဟာ
ရင်ပူစေတဲ့ လောင်စာပဲ။
ရထားလမ်းချော်တာပဲ
အပြစ်တင်မနေနဲ့
ရထားလမ်းပြင်ဖို့မှ
မသိခဲ့ကြတာကိုး။
ရောဂါကျွမ်းချိန်မှ
အနာနဲ့ဆေး တွေ့ခွင့်ရတော့
အသက်အတွက်
တမနက်အတွက်
စက္ကန့်တိုင်း အရေးပါပုံဟာ
လက်ဖျောက်တဖျစ်တီးတိုင်း
အချီးအနှီးအဖြစ်မခံနိုင်ချိန်ပေါ့။
အတွင်းရန်
အပြင်ရန်တွေ
လူဝါးမဝနိုင်အောင်
အတွင်းစည်း
အပြင်စည်းတွေ
ခွက်စောင်းမခုတ်ဖို့
အသိ၊ သတိ မျိုးပွားကြပါ။
တရားမျှတမှုချစ်တဲ့မျက်နှာတွေ
အငွေ့ပျံ မလွယ်ပါစေနဲ့။
တွေ့လား
ဟိုမှာ
လက်မည်းကြီး
ကြိတ်ဝမ်းသာနေတယ်။
၂၃၉၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar