Breaking News

ကရင်ပြည်နယ်နဲ့ မွန်ပြည်တို့နယ်မှာ စစ်ရေးလှုပ်ရှားမှု ပိုများလာနေ၊ ကျောင်းသား ၇ ဦး သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်း ကျေးရွာလေကြောင်းတိုက်ခိုက်မှု နှစ်ပတ်လည်


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၇ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၃


ကရင်ပြည်နယ်နဲ့ မွန်ပြည်တို့နယ်မှာ စစ်ရေးလှုပ်ရှားမှု ပိုများလာနေ၊  ကျောင်းသား ၇ ဦး သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်း ကျေးရွာလေကြောင်းတိုက်ခိုက်မှု နှစ်ပတ်လည် 

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ထိစပ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျေးရွာတွေ၊ ဒေသအခေါ်အဝေါ်အားဖြင့် ခလယ်-တံခွန်တိုင် ကျေးရွာတွေကို စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က စစ်ကြောင်းတွေ ဝင်ရောက်လာနေပြီး ခုရက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပွားလာမယ့် အနေအထားတွေကို သတင်းဖေါ်ပြမှုတွေအရ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အလားတူ သတင်းတပုဒ်မှာလည်း ဝင်းရေးမြို့နယ်ထဲက ကေအန်ယူ/ကေအန်အယ်လ်အေရဲ့ တပ်မဟာ ၆ ရဲ့ တပ်ရင်း ၁၆ နယ်မြေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေလို့ ဒေသခံ ၁ သောင်းခွဲလောက် ထွက်ပြေး တိမ်းရှောင် ကြရတယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ် တဝိုက်၊ ကော့ကရိတ်မြို့နယ် တဝိုက်မှာ မကြာခဏ စစ်ရေးလှုပ်ရှားမှုတွေ တိုက်ပွဲတွေ ကေအန်ယူနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားတဲ့ စခန်းတွေကို ပြန်ရယူဖို့ကြိုးပမ်းတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင် ၊ ပဲခူးတိုင်းထဲက ညောင်လေးပင်၊ မုန်း၊ ကျောက်ကြီး စတဲ့ဒေသတွေလည်း မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို သတင်းဖေါ်ပြမှုတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ 

အခုလို ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ ဖြစ်ပွားနေချိန်မှာပဲ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ် မှာလည်း စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေနဲ့ စစ်ကြောင်းထိုးလာတာ တွေ့ရတာ ဖြစ်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ထိုင်းနယ်စပ် စစ်စခန်းတခုကို ကေအန်ယူ/ကေအန်အယ်လ်အေ တပ်တွေက ယခုလဆန်းမှာ သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကို အခုလို ထိုးစစ်ဆင်လာတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ အခုလို စစ်ကြောင်းထိုးတာကြောင့် ကြာအင်းဆိပ်ကြီး ခလယ်-တံခွန်တိုင် (ကေအန်ယူ နယ်မြေအရ ဝင်းရေးဒေသ)က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်တွေ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မုတ်သုန်မိုးရာသီ မကုန်ဆုံးသေးချိန် မိုးဆက်တိုက်ရွာသွန်းတာတွေကြောင့် ရေကြီးတဲ့ အန္တရာယ်တွေကြုံနိုင်ခြေ ရှိချိန်မှာ အခုလို နေအိမ်တွေ ကျေးရွာတွေကနေ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အခြေအနေက ဒေသခံတွေအတွက် ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လုံခြုံတဲ့ အမိုးအကာမရှိတာ၊ တိမ်းရှောင်ရာ နေရာတွေမှာ မုတ်သုန်မိုးရွာသွန်းမှုတွေကြောင့် တောင်ကျရေ၊ ချောင်းရေများချိန် သွားလာရခက်ခဲတာ နေထိုင်ရခက်ခဲတာတွေက စစ်ပွဲကြောင့် လက်နက်အန္တရာယ်အပြင် ကျန်းမာရေးအန္တရာယ်ပါ  ထပ်မံကျရောက်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ နှစ်ခွဲကျော် စစ်အာဏာသိမ်းပြီးနောက်ကာလတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ ယခင်ကလို ပွင့်လင်းရာသီလို့ခေါ်ဆိုတဲ့ နိုဝင်ဘာကနေ မေလ ဝန်းကျင်အတွင်းမှာသာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာ၊ ထိုးစစ်တွေ ဆင်တာမျိုးမဟုတ်တော့ပဲ ဆောင်းနဲ့ နွေသာမက မိုးရာသီအတွင်းမှာပါ တနှစ်ပတ်လုံး ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ယခင်တုန်းက ကားလမ်းတွေ တံတားတွေ နဲ့ ဆက်သွယ်ရေး ညံ့ဖျင်းခြင်းကလည်း မုတ်သုန် မိုးရာသီထဲမှာ ကြီးကြီးမားမား ထိုးစစ်ဆင်တာ လက်နက်တွေ ရိက္ခာတွေ သယ်ယူတာမျိုး ခက်ခဲတာကြောင့် တိုက်ပွဲကြီး ဖြစ်ပွားမှုနည်းပါးတာ ဖြစ်ပြီး အခုစစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ မိုးရာသီထဲမှာလည်း ရပ်နားခြင်းမရှိ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းလေကြောင်းကနေ တိုက်ခိုက်ခံရတာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုမှာ စာသင်ကြားနေတဲ့ ကလေးသူငယ် ၇ ဦးနဲ့ အရပ်သား ၅ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ နေရာမှာတင် သေဆုံးရသူတွေရှိသလို ဆေးရုံမှာ ကုသမှုခံယူဖို့ ခေါ်ဆောင်သွားပြီးနောက် အသက်ဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ သွေးစွန်းနေတဲ့ ကလေးသူငယ်တွေရဲ့ ကျောင်းလွယ်အိတ်နဲ့ ကျောင်းစာအုပ်တွေက စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုရဲ့ ရက်စက်မှုကို ထင်ရှားတဲ့ သာဓက သဖွယ်သက်သေခံနေကြတာလည်း ဖြစ်ပါတယ်။ 

ဒီလို ကျေးရွာတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိခိုက်တာက အနည်းစုဖြစ်ပြီး အရပ်သား အစုအဝေးတွေကို တိုက်ခိုက်တဲ့အခါ လူဒါဇင်ချီကနေ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အဖြစ်အပျက်မှာ ရာချီသေဆုံးကြရတာဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်း ကျေးရွာအဖြစ်အပျက်နဲ့ ပတ်သက်လို့ စစ်ကောင်စီကို အရေးယူနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အများအပြားရှိတဲ့အထဲ ပိုမိုထင်ရှားတဲ့ အဖြစ်အပျက်တရပ် အနေနဲ့ စာရင်းသွင်းထားပြီး တချိန်မှာ တာဝန်ခံဖို့ အတွက် မှတ်တမ်းတင်ထားရမယ့် အနေအထားဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မလုပ်နိုင်အောင် တားဆီးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းမျိုး အကာအကွယ်မျိုး ခုချိန်ထိ မရှိသေးဘူးလို့ ဝမ်းနည်းစွာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar