Breaking News

သံဒိုင်မင်း - ပေးစာ

ပေးစာ
သံဒိုင်မင်း
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၃

ဒီအဖြစ်သနစ်တွေပြီးဆုံးသွားတဲ့အခါ
မင်း ဒါမှမဟုတ် ငါဟာ 
ပါချင်မှပါလာလိမ့်မယ်။

ငါတို့မိသားစုတွေထဲကတယောက် ဒါမှမဟုတ် အကုန်လုံးဟာလည်း
ပါလာချင်မှ ပါလာလိမ့်မယ်။

ဒါမှမဟုတ် ငါတို့လက်တဖက်
ဒါမှမဟုတ် ခြေတဖက်ဟာ
တောကြိုအုံကြားတနေရာမှာ
အသက်စွန့်သွားလို့
ရရာနဲ့အစားထိုးထားရတာဖြစ်ချင်ဖြစ်လိမ့်မယ်။

ဒါမှမဟုတ် ငါတို့မျက်လုံးတဖက်ဟာ
သည်းသည်းရွာနေတဲ့ယမ်းခိုးမိရင်း
အလင်းရောင်ကိုစွန့်ခွာရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါပေမယ့်ကိုယ့်လူရေ အဲဒီအဖြစ်သနစ်တွေပြီးသွားတဲ့အခါ
ငါတို့ခြေတွေလက်တွေ မျက်လုံးတွေပါမလာတဲ့တိုင်
အာဏာရှင်ကိုနေ့တိုင်းထိုင်ရှိခိုးနေရတဲ့အဖြစ်ကိုတော့
အဲဒီတောင်ကုန်းမှာ 
အပြီးအပိုင် မြေမြှုပ်ထားခဲ့ပါ
ဒီနေရာဆီနောက်ထပ်မလာစေနဲ့။

ကျေးဇူးပြုပြီး ကျန်းမာအောင်နေပါ
တိမ်ပြာတဲ့နေ့မှာ ပြန်တွေ့ကြမယ်လေ။ ။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar