Breaking News

မြဝတီမြို့ ရဲစခန်းဝင်း ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ခရိုင်အဆင့်အရာရှိနဲ့စစ်အရာရှိအပါအဝင် ၅ ဦးသေဆုံး



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၃


မြဝတီမြို့ ရဲစခန်းဝင်း ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ခရိုင်အဆင့်အရာရှိနဲ့ စစ်အရာရှိ အပါအဝင် ၅ ဦးသေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိရာ ရဲစခန်းကို ကေအန်ယူနဲ့ ပူးပေါင်းအဖွဲ့ကလို့ ယူဆရတဲ့ Drone နဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ ထွေ/အုပ် ခရိုင်မှူး တဦး၊ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးတဦး အပါအဝင် ထွေအုပ်ဝန်ထမ်းနဲ့ ရဲအရာရှိတွေ စုစုပေါင်း ၅ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

မြဝတီအခြေစိုက် တပ်ရင်းမှူး တက်ရောက်တဲ့ အစည်းအဝေးတရပ်ကို မြဝတီခရိုင်ရဲမှူးရုံးမှာ ပြုလုပ်စဥ် Drone နဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးတဲ့ အချိန်မှာ ဒုတိယအကြိမ် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများပြားခဲ့တဲ့ သဘောလို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ အခုလို အဖြစ်အပျက်ဟာ မြဝတီမြို့အနေနဲ့ စစ်မြေပြင်မှာမဟုတ်တဲ့ မြို့ပေါ်လို နေရာမျိုးမှာ စစ်ကောင်စီဘက်က ခရိုင်အဆင့်အရာရှိနဲ့ စစ်ကောင်စီတပ်ရင်းမှူးတို့ကို သေဆုံးစေတဲ့အထိ တိုက်ခိုက်မှုဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ထိခိုက်မှုများတဲ့ သက်ရောက်မှုကြီးတဲ့ တိုက်ခိုက်ခံရမှုလို့ ဆိုနိုင်ပါတယ်။ 

မြဝတီမြို့ဟာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ လက်ခတ်တောင် စခန်းတောင်ကုန်းနဲ့ မဝေးလှတဲ့ နေရာ၊ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ လေးကေ့ကော်လိုနေရာတွေနဲ့ မဝေးကွာလှပေမယ့် နယ်စပ်ကုန်သွယ်မြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့မြို့ဖြစ်လို့ ယေဘုယျအားဖြင့် စစ်ကောင်စီဘက်က လုံခြုံမှုရှိတဲ့နေရာအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ Drone နဲ့ ဗုံးချတိုက်ခိုက်မှုကိုတော့ စစ်ကောင်စီဘက်က လုံခြုံအောင် ကာကွယ်ခြင်း မပြုနိုင်ဘူး ဆိုတာကို ပြသနေတဲ့ အဖြစ်အပျက်တရပ်လည်း ဖြစ်ပါတယ်။ ဒီဗုံးချတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကေအန်ယူဘက်က မည်သည့် လက်အောက်ခံတပ်ရင်းကလုပ်ဆောင်သလဲဆိုသည်ကို အတည်မပြုသေး သော်လည်း သတင်းဖော်ပြမှုများတွင် ကေအန်ယူ နှင့် ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်တယ်လို့ ရေးသားနေကြတာ ဖြစ်ပါတယ်။ KIC သတင်းဌာနမေးမြန်းမှုကို ကေအန်ယူတာဝန်ရှိသူက ဖြေကြားရာမှာတော့ အတည်ပြုနိုင်ဖို့ သတင်းအချက်အလက်တွေ စိစစ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်ခတ်တောင် တဝိုက်မှာ အမြောက်တွေနဲ့ ပစ်ခတ်တာတွေ ရှိနေတဲ့အကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

အခုအဖြစ်အပျက်ကိုကြည့်ရင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ နေရာယူစစ်၊ နယ်မြေသိမ်းယူတဲ့ စစ်ပွဲ၊ မြို့တွေသိမ်းယူတဲ့ စစ်ပွဲမျိုးထက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ ရဲစခန်းလို ပစ်မှုတွေကို အဓိကထားပြီး ပိုမိုတိုက်ခိုက်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ ပါဝင်နေသူတွေကို မလုံခြုံအောင် ခြိမ်းခြောက်လာနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အခုလို Drone နဲ့ ဗုံးချတိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘိုမြို့နယ်တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းတွေနဲ့ ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ကျေးရွာ ၁၅ ရွာလောက်က ကျေးရွာသူ ကျေးရွာသား ၂ သောင်းလောက် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ စစ်ကိုင်းမြို့ကနေ မန္တလေး-မြစ်ကြီးနား ကားလမ်းရဲ့ အရှေ့ဘက်ခြမ်း ဝက်လက်မြို့နယ်နဲ့ ကားလမ်းပေါ်မှာရှိတဲ့ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက တရွာဝင် တရွာထွက် စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက် စစ်ကောင်စီ သက်တမ်းတိုးချိန်ကစလို့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး တဖန် သီတင်း ၃ ပတ်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်တွေကိုပါ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ဒီဒေသတွေကို စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ထားနိုင်ဖို့ အုပ်ချုပ်ရေး လည်ပတ်ဖို့က အလှမ်းဝေးနေပြီး ဒီဒေသတွေမှာ ကျေးရွာအလိုက်သော်လည်းကောင်း ဒေသအလိုက်သော်လည်းကောင်း PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြကာ နယ်မြေထဲ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ထောက်ခံတဲ့ ကျေးရွာအချို့မှာ ပြည်သူ့စစ် ဖွဲ့စည်းထားတာမျိုး၊ စစ်ကောင်စီအုပ်ချုပ်ရေး ကို လက်ခံလုပ်ဆောင်တာမျိုးရှိပြီး အများစုသော ကျေးရွာတွေကတော့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ၊ NUG  လက်အောက်က ပကဖ လို့ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက  အုပ်ချုပ်ရေးအားဖြင့် စိုးမိုးထားကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ စနစ်ကျတဲ့ အခွန်ကောက်ခံမှု၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိဖို့တော့ မလွယ်ကူသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ နယ်မြေကျယ်ပြန့်ပြီး လူဦးရေလည်း များပြားတဲ့ စစ်ကိုင်းတိုင်းရဲ့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အနေအထားကို အနိုင်ယူတိုက်ခိုက်နိင်ဖို့ မလွယ်ကူမှန်း သဘောပေါက်ပုံရပြီး လက်ရှိအနေအထားမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဒေသခံတွေထံမှ ရံပုံငွေ အရင်းအမြစ်တွေ မရနိုင်အောင် စစ်ကိုင်းတိုင်းဒေသတွင်းက ငွေကြေးအရင်းအမြစ်တွေ ရိက္ခာတွေကို နည်းပါးအောင် မဟာဗျူဟာ အရ လုပ်ဆောင်နေတာလို့ ခန့်မှန်းရပါတယ်။ အချိန်ကာလ အတိုင်းအတာတခုမှာ ငွေကြေးနဲ့ ရိက္ခာအရင်းအမြစ်တွေ ရှားပါးလာတဲ့အခါ တော်လှန်ရေး အင်အားစုတွေ အားနည်းသွားမလားဆိုတဲ့ ရည်မှန်းချက်မျိုး စစ်ကောင်စီဘက်က ရွယ်ရွယ်ထားတဲ့ အနေအထားလို့ ယူဆရပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တရပ်ကတော့ မကြာခင် လအနည်းငယ်အတွင်း အလှည့်ကျ ဥက္ကဋ္ဌတာဝန်ပြောင်းလဲတာဝန်ယူရမယ့် အာဆီယံအဖွဲ့ရဲ့  နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ယခုရက်ပိုင်းအတွင်းအစည်းအဝေး ကျင်းပကြမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်က လာမယ့် ဒီဇင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်တကြိမ် အလှည့်ကျတဲ့ နိုင်ငံက လာအိုနိုင်ငံ ဖြစ်ပါတယ်။ 

အာဆီယံအဖွဲ့ထဲမှာ သြဇာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကနေ နိုင်ငံအရွယ်အစားအရ သေးငယ်ပြီး  ဒီမိုကရေစီအစဥ်အလာအရ အားနည်းတဲ့ လာအိုနိုင်ငံအနေနဲ့ တာဝန်ယူချိန် တနှစ်တာကာလမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ပတ်သက်လို့ ကမကထလုပ် ဖြေရှင်းနိုင်စွမ်း ကျဆင်းသွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar