Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၅ )



အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၅ )

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၃



3/9/23 diary in the darkness

အန်ကယ် တူမီး

မနက် ၄ နာရီမှာ နိုးတယ်။ FB ပေါ်မှာ မေးခွန်းတခု တက်လာတယ်။ KBZ က ငွေတွေကို ဘာဖြစ်လို့ အခြားဘဏ်တွေကို ရွှေ့နေတာလဲတဲ့။ အောက်မှာ ရေးထားတဲ့ မှတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ စင်ကာပူရှိ ဘဏ်တချို့ အရေးယူခံရတာနဲ့ ဆက်စပ်နေတယ်လို့ ရေးထားပါတယ်။ တချို့က သူ့ရဲ့ KBZ pay အပိတ်ခံရတယ်လို့ ရေးထားပါတယ်။ K pay ထဲမှာရှိတဲ့ ကျနော့်ဆေးဖိုးလေး အခြေအနေကောင်းရဲ့လားလို့ ကြည့်မိတယ်။ ဘာမှမဖြစ်သေးပါဘူး။ မနက်ရောက်မှ ငွေထုတ်ကြည့်ပါဦးမယ်။ 

ခါတိုင်းလုပ်နေကျအတိုင်း ပါချုပ်ဆရာတော်ရဲ့ တရားနာပါတယ်။ မေတ္တာသုတ် အနှစ်ချုပ်ပါ။ ဒီနေ့တရားနာရတာ ခါတိုင်းထက် ပိုလေးနက်နေသလား မသိဘူး။ ဘုရားက မိမိကိုယ်ကိုသာ ကိုးကွယ်ပါလို့ ဆိုထားပေမယ့် ကိုယ်လည်း ဘာမှမတတ်နိုင်တော့ ဖြစ်သမျှကို လက်ခံရုံမှ တပါး အခြားမရှိပြီ။

လမ်းထဲက မုန့်ဟင်းခါးဆိုင် အရင်းပြုတ်လို့ ပြန်မထွက်နိုင်တာ သုံးလကျော်ပါပြီတဲ့။ မုန့်ဟင်းခါးဆိုင် ထိုင်ခုံနေရာမှာ ရပ်ကွက်ထဲက မိန်းမတချို့ ချဲတွက်နေကြတယ်။

ရွေးကောက်ပွဲ သင်တန်းပေးနေတဲ့ ဘေးအိမ်ကလူတွေ ပြောင်းသွားပြီ။ ပိုင်ရှင်နောက်တယောက် ရောက်လာပြီး သုံးထပ်တိုက် ဆောက်နေတယ်။ ပိုင်ရှင်က မြို့ထဲကလို့ ပြောပါတယ်။

FB ပေါ်မှာ ဗိုလ်နဂါးနဲ့ မပန်ဆယ်လို ရန်ပွဲတွေ လျှော့သွားလို့ ဝမ်းသာရပါတယ်။  အမိန့်ပေးစနစ်ကို အခြေအနေရ အလောတကြီး တည်ဆောက်ရတဲ့အခါ၊ မိမိမှာ ကေဒါကောင်းတွေ မရှိတဲ့အခါ ခုလိုပြဿနာမျိုး ဖြစ်လေ့ရှိပါတယ်။  ပထမလွတ်လပ်ရေးတိုက်ပွဲကာလမှာ ရဲဘော်သုံးကျိပ်နဲ့ ဒေသခံ ရဲခေါင်ပြောက်ကျားတွေရဲ့ ထိပ်တိုက်တွေ့မှု၊ အောင်ဆန်း-အက်တလီစာချုပ်မှာ လက်တွေ့ဘဝ အရ အလျှော့ပေးခဲ့ရမှု တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို သင်ခန်းစာအမြောက်အမြားရရှိစေခဲ့ပါတယ်။

အရေးကြီးတာက စိတ်ကောင်းစေတနာကောင်းရှိသူအချင်းချင်း နည်းမှန်လမ်းမှန် ဆွေးနွေးဖြေရှင်းရင် အောင်မြင်မှာပါ။ ရန်သူ‌ကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဖြေရှင်းချက်ထက် မိမိတို့အားနည်းချက်ကို ရဲရဲကြည့်၊ အမှားကို ပြုပြင်ရင် ရေရှည်မှာ အောင်ပွဲခံရမှာပါ။ ရန်သူကို အပြစ်ပုံချတဲ့နည်းဟာ ရောဂါကို ယာယီကုသတဲ့နေရာမှာသာ သုံးသင့်ပါတယ်။

အခုအချိန်မှာ စစ်ကောင်စီဟာ ဟန်ချက်ပျက်စ ပြုနေပါပြီ။ နွေဦးတော်လှန်ရေးကတော့ အခြေခိုင်စ ပြုနေပါပြီ။ စစ်ကိုင်းတိုင်းကလွဲလို့ ကျန်တဲ့နေရာတွေမှာ စုဖွဲ့မှုအားကောင်းလာတာကို သတင်းတွေကတဆင့် သိရပါတယ်။

တော်လှန်ရေး ခေါင်းဆောင်တွေဟာ တော်လှန်ရေးအောင်မြင်ရုံတင်မက တိုင်းပြည် ပြန်လည်ဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းစဉ်းစားရတာမို့ တာဝန်ကြီးလှပါတယ်။ အထူးသဖြင့် ကုန်တွင်းပိုင်းက အင်အားကြီး တရုတ်နိုင်ငံနဲ့ ရေကြောင်းအင်အားကြီး အမေရိကန်နိုင်ငံတို့ရဲ့ ကြားမှာ စစ်လမ်း ကြောင်းအဖြစ်မခံဘဲ ငြိမ်ချမ်းသော ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် နိုင်ငံကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားရတာမို့ အလွန်တာဝန်ကြီးလှပါတယ်။

အနာဂတ်ကို မျှော်ကြည့်ရတာ မောလှပါတယ်။

ဒီမနက် လာရောင်းနေကျ ပဲပြုတ်သည်ကလေး  ဘေးမသီရန်မခဘဲ လာရောင်းနိုင်ဖို့ ဆုတောင်းရင်း မျှော်နေရတာလည်း မောလှပါတယ်။ 

မောတော့ မောတာပေါ့ ဒါပေမဲ့ မောရပါဦးမယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar