Breaking News

ပန်ဒိုရာ - သွေးစုပ်ဖုတ်ကောင်

သွေးစုပ်ဖုတ်ကောင်
ပန်ဒိုရာ
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၃

တူတလက်
သစ်သားစို့ကြီးတချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး 
အုတ်ဂူတွေကြား ခေါင်းတလားတွေမှာ ခိုအောင်းလို့
သူတို့အသက်ဆက်မယ့် အာဟာရ ဆိုတာ
လူရှင်တွေရဲ့ သွေး တဲ့လား
ဒါဟာ လူမဆန်တဲ့တရား။
(အင်း.. သူတို့ကလည်း လူမှ မဟုတ်တော့ဘဲလေ။)

ကောင်းကင်တခုလုံး ပြာစင်လက်
ပန်းပွင့်တွေနဲ့ ပြည့်နှက်နေစေမတတ်
ရည်မှန်းချက်ကြီးခဲ့တဲ့ ဒီကောင်ဟာ
ဗမ်ပိုင်ယာ စလေယာ* ဂိုဏ်းဖွဲ့
သစ်သားစို့ကြီးနဲ့
သူတို့ နှလုံးသားတည့်တည့်ကိုမှ
ရိုက်သွင်းထည့်ဖို့ ကြုံးဝါးလိုက်တယ်။

သုတေသနတွေလုပ်ရတယ်
အုပ်စု ဆွေးနွေးပွဲတွေမှာ စောင့်ကြည့်တယ်
အနီးကပ်ပေါင်းပြီး အင်တာဗျုးရတယ်
ဗမ်ပိုင်ယာ ဒေးဝေါ့ကာ^
တူမလိုလို ကွဲတဲ့အမျိုးအစားတို့ အကြောင်း
သူတို့ရဲ့အားသာချက် အားနည်းချက်
အတိတ်သမိုင်းနဲ့ အနာဂတ်အကြံအစည်တို့ အကြောင်း
အရှင်ကောင်ရဲ့ သွေးနဲ့မှ ရပ်တည်ရမယ့်
ပြဋ္ဌာန်းထားတဲ့ သတ်မှတ်ချက်တွေအကြောင်း
သေသူရဲ့ သွေးကို မှားယွင်းသောက်မိသူတို့ရဲ့
ရုပ်ပျက်ဆင်းပျက် ဘေးထွက်ဆိုးကျိုးတွေ အကြောင်း။

သူ့တို့ရဲ့ ဖြတ်သန်းပုံနဲ့ ဇာတ်လမ်းစုံ
မဖြစ်ချင်ဘဲ ဖြစ်လာရတဲ့ တချို့ဘ၀အဖုံဖုံ
သေကွဲ ရှင်ကွဲ လွမ်းစရာ့ပုံပြင် တွေကတော့
ငါ့ရင်ကို ဟက်တက် ထိ စေတယ်
ဘယ်လိုဖြစ်ဖြစ်လေ
သွေးစုပ်တယ်ဆိုတာ
မသတီစရာပါပဲ
ငါက စိတ်ကိုတင်းတယ်
အမှားနဲ့ အမှန်ဆိုတာ
ကမ္ဘာတခြမ်းစီမှာပဲ နေထိုင်ရမယ်။

တနေ့ အိပ်ရာအထ
နေရောင်ကို မြင်လိုက်ရ
ပိုးကြွ ယားယံ ဖျိုးဖျဉ်း
အမှောင်တွင်း ဝင်ပြေးရတယ်
ဘယ်လိုဖြစ်သွားခဲ့သလဲ
ဆာ တယ် ဆာ တယ်
ဘာနဲ့မှ အာသာမပြေတဲ့ ငါ
သွေးညှီနံ့မှာ ကောက်ကောက်ပါ။

သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဂျန်နရေးရှင်းဟာ
သွေးစုပ်ခံရသူတွေ ကိုယ်တိုင်ပါပဲ.. တဲ့
ဟာ
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။

၁၁.၁.၂၀၀၉

*vampire slayer
^ daywalke
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar