လှကျော်ဇော - တိဘက်ကုန်းမြင့်မှ စွမ်းအင်သစ်
တိဘက်ကုန်းမြင့်မှ စွမ်းအင်သစ်
လှကျော်ဇော
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၃
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြားတည်ရှိနေတဲ့ပဋိပက္ခများကို ဘယ်လိုဖြေရှင်းမလဲ။ ဒီအချက် (၂) ရပ်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင်ဘယ်လိုလုပ်ကြမလဲ။
တိဘက်ကုန်းမြင့်ပေါ်က ချင်းဟိုင်းပြည်နယ်တွင်းက ကုန်းဟခရိုင်သဲ ကန္တာရပေါ်မှာ ၂၀၁၂ ကစ တည်ဆောက်ထားတဲ့ကမ္ဘာ့အကြီးဆုံးစတုရန်းကီလိုမီတာ (၅၄) မီတာအကျယ်အဝန်း(ဘောလုံးကွင်း ၈၀၀၀ စာအကျယ် အဝန်း) ရှိတဲ့နေစွမ်းအင်စက်ရုံဇုံနယ် (solar power plant) အကြောင်းကြည့်ရအောင်ပါ။
(ကိုးကား။https://www.cgtn.com/tv/replay?id=BGfEAIA)
အဲဒီမှာတပ်ဆင်ထားတဲ့ ဆိုလာပြားများကနေ နေရောင်ခြည်က လျှပ်စစ် ဓာတ်တွေကိုထုတ်ယူပြီး အဲဒီဒေသတဝိုက်ကိုလည်း ဖြန့်ဖြူးပေးပြီး ကျန်တာတွေကိုနိုင်ငံတော်ကွန်ရက်စနစ် (national grid)အတွင်းပို့လွှတ် ပေးပါတယ်။ ဆိုလာပြားတွေအပေါ်ဖုန်တွေတက်လာတဲ့အခါ နေရောင် ခြည်စုပ်ယူတဲ့စွမ်းရည်ကျမှာစိုးလို့ အဲဒီဆိုလာပြားတွေကို ရေဆေးပေးရပါတယ်။ အဲဒီရေတွေကြောင့် ဆိုလာပြားအောက်က သဲကန္တာရမြေပေါ်မှာ မြက်တွေပေါက်လာပြီး စားကျက်မြေလိုဖြစ်လာလို့ အဲဒီဆိုလာပြားတွေအောက်မှာ ဆိတ်တွေထောင်ချီမွေးလာနိုင်ပါတယ်။
အရင်တုန်းကအဲဒီအရပ်မှာနေတဲ့ တိဘက် က တိရစ္ဆာန်မွေးမြူရေးသမားများဟာ ရေကြည်ရာမြက်နုရာလှည့် လည်သွားလာပြီး ဆိတ်တွေသိုးတွေမွေးကြပါတယ်။ တနေရာတည်း စုစည်းမနေတတ်ပါဘူး။ ဆိတ်တွေအတွက် စားကျက်မြေရှိတဲ့အရပ်၊ စားကျက်ကောင်းတဲ့အရပ်တွေဆီ တမိသားစုလုံး လှည်းတွေပေါ်တင်သွားပြီး စခန်းချ (တနေရာ ၃-၄ လ) နေလိုက်၊ စားကျက်မြေမရှိတော့ရင် တနေရာပြောင်းလိုက်နဲ့နေတာပါ။ (ဥရောပက ဂျစ်ပစီလူမျိုးတွေလိုပေါ့။) ဒီတော့ အဲဒီဒေသဟာ ဖုန်းဆိုးမြေဖြစ်ပြီး သဲကန္တာရဟာလည်းကြာလေကျယ်လေဖြစ်လာနေပါတယ်။
အဲသလို သူတို့ လှည့်လည်သွားလာနေတာက မျိုးဆက်ချီနေတာဖြစ်လေတော့ တနေရာတည်းစုနေဖို့ ဘယ်လိုမှ ဆွေးနွေးတရားချလို့မရပါဘူး။လူမျိုးစုတွေ(တိဘက်) ဖြစ်တော့အစိုးရကလည်း အတင်းအကျ အမိန့်ချမလုပ်နိုင်ပဲ အတော်အလိုလိုက်ရပါတယ်။ တကွဲတပြားစီဖြစ်နေတော့အစစ အရာရာ(ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး) အခက်အခဲတွေ ရှိတာပါ။အစောပိုင်းမှာ မြို့နားနီးတဲ့ အရပ်တွေမှာ တဖြည်းဖြည်းပြောရလာပါတယ်။ ပညာလိုချင်လာတဲ့ လူငယ်မျိုးဆက်တွေရော၊ ပညာတတ်လေးတွေရော၊ ပေါ်လာတော့ပိုလွယ်လာတာပေါ့။ ဒီလိုနဲ့အထက်မှာပြောပြခဲ့တဲ့စက်ရုံတွေပေါ်လာတော့ သိပ်လွယ်ကူသွားပါတော့တယ်။
စက်ရုံကြီးတွေ (တခြားစက်ရုံတွေ….ဥပမာ-အသားသွတ်စက်ရုံ) တည် ဆောက်လိုက်တဲ့အခါ အဲဒီစက်ရုံတွေရဲ့လုပ်ငန်းအဝဝအတွက် အလုပ် သမားတွေလိုအပ်တော့ ဒေသခံလူများအဖို့အနီးအနားမှာပဲအလုပ်အကိုင်တွေရ၊၀င်ငွေတွေရနဲ့။ ဘယ်မှပြောင်းရွှေ့စရာလည်းမလိုတော့၊ ဆိတ်တွေ၊သိုးတွေကိုလည်းအဲဒီစက်ရုံဝိုင်းထဲမှာပဲလွှတ်မွေးနိုင်နေတာ။ဒါ့အပြင်တဆင့်တက်ပြီးသမဝါယမစနစ်နဲ့မွေးမြူရေးတွေလုပ်လာနိုင်ပါတော့တယ်။
အဲဒီအနီးအနားနေရာများမှာလည်းသမဝါယမအသင်းတွေပေါ်လာရုံမက ဇီဝအခြေခံတိရစ္ဆာန်မွေးမြူရေးခြံ (organic husbandary farming) တွေလည်း ပေါ်လာနေပါတယ်။
တပိုင်တနိုင်တွေမွေးနေရာက အခုလို စုပေါင်းသမဝါယမစနစ်နဲ့မွေးမြူ ရေးလုပ်လိုက်နိုင်တော့ အကျိုးကျေးဇူးတွေက အများကြီးရယ်။၂ နှစ်-၃ နှစ်အတွင်းမှာပဲ ဒေသခံတွေရဲ့ဝင်ငွေတွေ (၇၀%) အထိတိုးလာပါတယ်။လူတွေရဲ့နေထိုင်မှုဘဝတွေမြင့်မားလာပါတယ်။ ကိုယ်ပိုင်အိမ်လေးတွေတည်ဆောက်ပြီးတနေရာတည်းနေလာကြပါတယ်။ စုပေါင်းနေထိုင်တဲ့ဘဝစုပေါင်းလုပ်ဆောင်တဲ့အလေ့အကျင့်တွေ ရရှိသွားပါတော့တယ်။
ဆိုလာစက်ရုံတွေဆောက်လိုက်လို့-အောက်ခြေမှာမြက်တွေပေါက်လာလို့၊သဲကန္တာရနယ်မြေတွေကျုံ့လာပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း အကျိုးရှိရာရှိကြောင်းဖြစ်လာပါတော့တယ်။
ဆိတ်တွေစုပေါင်းမွေးမြူရာမှာ အဲဒီမြက်တွေကိုအစာအဖြစ်အသုံးပြုရတာကြောင့် အစာဖိုးသီးခြားမကုန်တော့ပါဘူး။ ဆိတ်တွေကို-အဲဒီမှာ ၆ လလွှတ်မွေးပြီး ကျန်သားကျချိန် (နိုဝင်ဘာနောက်ပိုင်း) မှာတော့ ခြံဝိုင်းထဲသွင်းပြီး အစာကျွေးမွေးရပါတယ်။ အရင်က တနှစ်ကိုတသားပဲကျပေမယ့် အခုတော့ ၂ နှစ်ကို ၃ သားကျသတဲ့။ တဦးချင်းမွေးတုန်းက ဆိတ်တင်နှုန်းဟာ (၆၀-၇၀%) ပဲရှိပြီး အခုတော့ (၉၅%)ကျော်သတဲ့။ အဲဒီဆိတ်ခြံထဲမှာ တေးသီချင်းတွေကိုတငြိမ့်ငြိမ့်ဖွင့်ပေးထားရင် ဆိတ်တွေကပိုကြိုက်သတဲ့။ အစာကိုတော့ လတ်လတ် ဆတ်ဆတ်မြက်တွေကို ခုတ်စင်းထားတဲ့ အစာ ကိုပဲ ကျွေးရတာပါ။ အဲဒါကလည်း ဆိုလာပြားတွေအောက်ကရတဲ့မြက်တွေရိတ်ပြီး တခြားအာဟာရတွေရောနှောပြီးကျွေးရတာပါ။ အဲဒီအာဟာရဖိုးပဲ ကုန်ကျစားရိတ်ရှိတာ။
အဲဒီစီမံကိန်းတွေအောင်မြင်ဖို့ကတော့ အစိုးရရဲ့ ကူညီမှုကလည်းအရေး ကြီးပါတယ်။ ကောင်းမွန်သောအုပ်ချုပ်မှုရှိဖို့လိုအပ်ပါတယ်။ (good-governance) ပြည်သူလူထုအကျိုးစီးပွားကိုဦးစားပေးလုပ်ဆောင်ပေးတဲ့အစိုးရတရပ်ရှိဖို့တော့ လိုအပ်ပါတယ်။
အဲဒီမှာစက်ရုံလာတည်မယ့် ကုမွဏီတွေကို အစိုးရကပဲ အားပေးတာ၊ ( ငွေအရင်းအနှီးကို အတိုးနှုန်းနည်းနည်းနဲ့ထုတ်ချေးပေးတာ၊ အခွန် အကောက် လျှော့ပေးတာ စသဖြင့်)၊ဲ ဒီဒေသတွေကိုအစိုးရကစိုက်ပျိုးရေးမွေးမြူ ရေးပညာရှင်များကို လွှတ်ပေးတာ၊ (အဲဒီပညာရှင်များရဲ့ အကူအညီနဲ့ မြက်အမျိုးအစားပိုကောင်းအောင်လုပ်နိုင်တာ၊ ဆိတ်တွေ ကျန်းမာရေးပိုကောင်းနိုင်တာ) ဒေသခံအုပ်ချုပ်ရေးအရာရှိများကိုလည်းစနစ်တကျ တည် ဆောက်မွေးမြူပေးတာ (အထူးသဖြင့် -သူတို့လူမျိုးတွေထဲကလူတွေကိုဦးစားပေးမွေးမြူပေးတာ။) စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ကူညီပေးတာတွေရှိပါတယ်။
အခုတော့ ဒီစက်ရုံဇုံနယ်မြေ တဝိုက်ရဲ့ အောင်မြင်မှုဟာ အဲဒီခရိုင်အတွင်းမှာ စံပြအဖြစ် သတ်မှတ်ခံရပြီး ကျန်ဒေသတွေကလည်း လာရောက်လေ့ လာကြ ပြန်လည်စမ်းသပ်လုပ်ကိုင်ကြနဲ့ တပြည်နယ်လုံးအတွက် အတုယူစရာ လုပ်ငန်းကြီးတရပ်ဖြစ်နေပါတော့တယ်။
အဲဒီဆိုလာပြားတွေက တရုတ်ပြည်ကထုတ်လုပ်တာပဲဖြစ်ပြီး အဲဒီစက်ရုံက ထုတ်လွှတ်တဲ့နေရောင်ခြည်စွမ်းရည်တွေကို အစိုးရကိုပဲပြန်ရောင်းချပေးတာပါ။အဲဒီကရရှိတဲ့ အမြတ်ငွေထဲကနေဒေသခံလူများကိုခွဲဝေပေးပါတယ်။ ရာနှုန်းအချို့ကိုလည်း စက်ရုံက ဒေသခံလူများအတွက် ပြန်လှူပါတယ်။ ဥပမာ ယဉ်ကျေးမှုဆိုင်ရာဌာနလေးဖွင့်ပေးပြီးပျော်ပွဲရွှင်ပွဲတွေကျင်းပပေးတာ၊ တခြားလိုအပ်တဲ့စက်ရုံတွေ(အသားသွတ်စက်ရုံ) တွေ တည် ဆောက်ပေးတာ .. စတာတွေလုပ်ပေးတော့ အလုပ်အကိုင်အခွင့် အလမ်းတွေလည်းပေါ်ပေါက်လာပါတယ်။
ဒါကြောင့် တချို့ကဒီလုပ်ငန်းကို တချက်ခုတ်- ၄-၅ ချက်ပြတ်တဲ့ လုပ်ငန်းလို့တောင်ဆိုကြပါတယ်။
ဒါဟာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်စွမ်းအင်သစ်(ပြန်ဖြည့်မြဲစွမ်းအင်-နေရောင်ခြည်စွမ်းအင်) ထုတ်လုပ်တဲ့ ဆိုလာပြားများအောက် ဆိတ်တွေမွေးမြူပြီး လူတွေရဲ့နေထိုင်မှုဘ၀ကိုမြင့်တင်ပေးတဲ့ တရုတ်တွေရဲ့တီထွင်ဖန်တီးမှုတရပ်သာဖြစ်ပါတယ်။ (ဒီနည်းလမ်းတွေကိုတခြားနိုင်ငံတွေကိုလည်းတင်ပို့နိုင်ပါတယ်။)
ပြည်သူလူထုရဲ့တီထွင်ဖန်တီးမှုစွမ်းအားဟာ အံ့မခန်းပါ။
ဒီလိုနည်းများနဲ့ တိဘက်လူမျိုးများဟာ ဘက်စုံကဖွံ့ဖြိုးတိုးတက်လာပါတယ်။
၁၉၄၉-လွတ်မြောက်ခါစက တိဘက်လူမျိုးများရဲ့သက်တမ်းဟာ (၃၀) ကျော်ပဲရှိပေမယ့် အခုတော့(၇၀) ကျော် သွားပါပြီ။
အဲဒီတုန်းက တိဘက်တွေရဲ့ စာတတ်မြောက်မှုနှုန်းဟာ (၁၀) ရာနှုန်းလောက်ပဲရှိပေမယ့် အခုတော့ (၉၀)ရာနှုန်းကျော်သွားပါပြီ။
.... အတုယူစရာနဲ့မုဒိတာပွားစရာပါပဲ။
လှကျော်ဇော
၃-၉-၂၀၂၃။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar