Breaking News

မြန်မာနိုင်ငံ ပြည်တွင်းစစ်နဲ့ ကျူးကျော်ခံရတဲ့ ယူကရိန်း နဲ့ ကျူးကျော်သူ ရုရှားစစ်ပွဲ ဘာတွေခြားနားလဲ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၃


မြန်မာနိုင်ငံ ပြည်တွင်းစစ်နဲ့ ကျူးကျော်ခံရတဲ့ ယူကရိန်း နဲ့ ကျူးကျော်သူ ရုရှားစစ်ပွဲ ဘာတွေခြားနားလဲ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဥ်က အရေးပေါ်ကာလ ၁ နှစ် အနေနဲ့ နစကလို့ အတိုကောက် ခေါ်ဆိုတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး အာဏာယူခဲ့ရာက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက ဆန္ဒပြတဲ့ အဆင့်ကနေ လက်နက်ကိုင် လှုပ်ရှားမှုဆီကို လအနည်းငယ်အတွင်း အသွင်သဏ္ဌာန်ပြောင်းသွားခဲ့ပြီး လက်နက်ကိုင်လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ နည်းလမ်းကို စွဲကိုင်ကာ မြန်မာနိုင်ငံက နဂိုကရှိရင်းစွဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဆင့်ကနေ နိုင်ငံအနှံ့အပြား လက်နက်ကိုင်တိုက်ပွဲ၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှု၊ သေဒဏ်စီရင်မှု၊ ဖမ်းဆီးပြစ်ဒဏ်ပေးမှုတွေ နေ့စဥ် ဖြစ်ပွားနေတဲ့ နိုင်ငံတနိုင်ငံအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ဥရောပက ယူကရိန်း-ရှရှား စစ်ပွဲလို မစ်ဆိုင်းဒုံးပျံတွေ၊ အဝေးပစ် အမြောက်တွေ၊ တင့်ကားတွေနဲ့ တိုက်ကြတာမျိုး မဟုတ်ပေမယ့် နေ့စဥ်လိုလို မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေအိမ်တွေ ကျေးရွာတွေကို ယာယီအားဖြင့် စွန့်ခွာရတာ သို့မဟုတ် လနဲ့ နှစ်နဲ့ချီ စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူ သန်းဂဏန်းနဲ့ ချီရှိလာတဲ့ လက်နက်ကိုင် ပဋိပက္ခမျိုး ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားလို နိုင်ငံတကာက စစ်ပစ္စည်းတွေ လက်နက်တွေ တိုက်လေယာဥ်တွေ၊ ဗုံးတွေ ထောက်ပံ့ကြတဲ့ စစ်ပွဲမျိုး မဟုတ်လို့ လူအရေအတွက် သောင်းဂဏန်း သိန်းဂဏန်းနဲ့ သေဆုံးတဲ့အထိ မရောက်ရှိပေမယ့်လို့ စစ်ဘေးတိမ်းရှောင်ရတဲ့ အခက်အခဲ၊ စားနပ်ရိက္ခာ ဖြတ်တောက်ခံရတာ၊ ဈေးကြီးပေးဝယ်ရတာ၊ စစ်မက်ဖြစ်ပွားနေလို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း မလုပ်ကိုင်နိုင်ကြဘဲ အကူအညီ အထောက်အပံ့ကို မျှော်လင့်အသက်ရှင်ရတာ၊ ကလေးသူငယ်တွေ အနေနဲ့ စာသင်ကြားရမယ့်အရွယ်မှာ စစ်ဘေးကနေတိမ်းရှောင်နေရတာ၊ စာသင်ကျောင်းတွေ ပျက်စီး၊ ပညာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် စာမသင်ကြားနိုင်တဲ့ အခြေအနေမျိုးတွေ အောက်မှာ ရောက် ရှိနေတာ ဖြစ်ပါတယ်။ 

ယူကရိန်း-ရုရှားစစ်ပွဲဟာ အနောက်ဥရောပနိုင်ငံတွေ အနေနဲ့ ၄င်းတို့ကို ရုရှားက ခြိမ်းခြောက်မှု အဖြစ် မြင်ကြတာ ဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်ခံရတဲ့ ယူကရိန်းနိုင်ငံအနေနဲ့ အရှေ့နဲ့ အနောက် ဥရောပနိုင်ငံတွေရဲ့ ကိုယ်စား ရုရှားကို ခုခံကာကွယ်ရတဲ့ အနေအထားဖြစ်ပြီး အနောက်ဥရောပ အနေနဲ့ လက်နက်ကူညီတာ၊ ဒုက္ခသည်တွေကို လက်ခံဖို့ ကတိကဝတ် စတာတွေနဲ့ ရုရှားရဲ့ ကျူးကျော်မှုအန္တရာယ်ကို ခုခံရင်ဆိုင်ကြတဲ့ စစ်ပွဲဖြစ်လို့ အကူအညီအထောက်အပံ့ အများအပြားရတဲ့ စစ်ပွဲဖြစ်ပြီး ပျက်စီးမှုလည်းများ သေပျောက်မှု အရေအတွက်လည်း များပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကတော့ မိမိတို့ နိုင်ငံတွင်းမှာ နိုင်ငံရေးနယ်ပယ်မှာ ဆယ်စုနှစ်များစွာ ကြီးစိုးလာတဲ့ စစ်တပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ မောင်းပြန်ရိုင်ဖယ်၊ လောင်ချာ၊ စိန်ပြောင်းလိုမျိုးနဲ့ တိုက်ခိုက်ကြရတဲ့ စစ်ပွဲဖြစ်လို့ လူထုရဲ့ နေထိုင် အသက်မွေးမှုအပေါ် ကျယ်ပြန့်တဲ့ သက်ရောက်မှု ရှိသော်လည်း ဥရောပက ယူကရိန်း-ရုရှားစစ်ပွဲတို့နဲ့ နှိုင်းယှဥ်စရာ စစ်ပွဲတခုတော့ မဟုတ်ပါဘူး။ 

ယူကရိန်း-ရုရှား စစ်ပွဲ ဖြစ်ပွားလာခြင်းဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု နိုင်ငံရေး စစ်ရေး ပဋိပက္ခ၊ တိုက်ခိုက်မှုကို ကမ္ဘာက အာရုံစိုက်မှု လျော့ကျစေတာ အမှန်ပဲ ဖြစ်ပါတယ်။ ရုရှားအနေနဲ့  ဥရောပတိုက်ရဲ့ အနောက်ဘက် ဒေသကို ထပ်မံကျူးကျော်ခြင်း မပြုနိုင်ဖို့နဲ့ အခု ယူကရိန်း ကျူးကျော်မှုကို သင်ခန်းစာပေးဖို့ အနောက်နိုင်ငံတွေက စိတ်စောနေချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက် ဖြစ်ပွားလာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့  စစ်တပ်ရဲ့ တိုက်ခိုက်မှု စတဲ့အရေးကိစ္စတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတခု၊ ပြည်တွင်းစစ်ပွဲတခု သို့မဟုတ် အဆိုးဆုံးအနေအထားမှာ ဆယ်စုနှစ်ချီ ကြာမြင့်နိုင်တဲ့ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတခုအဖြစ် ရှုမြင်လိုက်ကြပြီး စိတ်ဓာတ်ရေးအရနဲ့ လူသားချင်းစာနာမှု အကူအညီတချို့အပြင် အခြားသော အားပေးထောက်ခံမှုတွေ ပုံအောကူညီတာ မတွေ့ရတော့ပါဘူး။ 

အနောက်နိုင်ငံတွေ အနေနဲ့ ၄င်းတို့ လုံးပန်းရမယ့် ယူကရိန်း-ရှရှား စစ်ပွဲနဲ့ အလုပ်များလာချိန်မှာ မြန်မာ့အရေးကို ဖြေရှင်းဖို့ စိတ်ဝင်စားတာဆိုလို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်း၊ တရုတ်, အိန္ဒိယ နဲ့ ဒုက္ခသည် ၁ သန်းလောက်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် တို့ပဲ ကျန်တော့တာ ဖြစ်ပါတယ်။ တရုတ်က ၄င်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် သြဇာညောင်းတဲ့ အချက်ကို အားပြုပြီး မြန်မာနိုင်ငံရဲ့ ပြဿနာကို တည်ငြိမ်မှုရှိအောင် ကြိုးစားတဲ့ သဘောဖြစ်ပါတယ်။ တရုတ်အနေနဲ့က ဒီမိုကရေစီ အရေးက ၄င်းတို့ရဲ့ ရည်မှန်းချက်နဲ့လည်း မကိုက်ညီတာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရေး၊ မရရေး ဆိုတာထက် တည်ငြိမ်ရေးကိုသာ ရည်မှန်းချက်ထားတာ ဖြစ်ပါတယ်။ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့လည်း ဒုက္ခသည် လက်ခံထားရတာ၊ နယ်စပ်တိုက်ပွဲတွေရဲ့ လုံခြုံရေး ထိခိုက်နိုင်ခြေ စတာတွေကို စိုးရိမ်မှုက အဓိကဖြစ်ပြီး ဒီမိုကရေစီရရေး၊ မရရေးက ဒီလောက်ထိ ၄င်းတို့အတွက် စိတ်ဝင်စားမှုမရှိကြပါဘူး။ ဒီမိုကရေစီစံနှုန်းတွေ၊ ဖက်ဒရယ်စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေထက် လက်တွေ့ကျတဲ့ နိုင်ငံရေးမျိုးကိုသာ ထိုင်းနဲ့ အိန္ဒိယတို့က အားပေးအားမြှောက်ပြုလိုတဲ့ သဘောလည်း တွေ့ရပြီး စစ်ကောင်စီနဲ့ သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့တော့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားခဲ့တာ ၆ နှစ်ရှိလာချိန်မှာ ဒုက္ခသည်တွေရဲ့ အိမ်အပြန်ခရီးက ပိုလို့မှေးမှိန်လာနေတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ရိက္ခာ၊ ဆေးဝါး ထောက်ပံ့မှုတွေ လျော့ကျလာသလို ဒုက္ခသည်စခန်းတွေက ရာဇဝတ်မှုတွေ ဖြစ်ပွားဖို့ ရာဇဝတ်ဂိုဏ်းနဲ့ လက်နက်ကိုင် အဖွဲ့တွေ လူစုဆောင်းဖို့ နေရာသဖွယ် ဖြစ်လာနေတာတွေက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖို့ ခေါင်းကိုက်စရာ ဖြစ်လာပြီး မြန်မာနိုင်ငံအတွင်းမှာ ဘာဖြစ်ဖြစ် ဒုက္ခသည်တွေကသာ ပြန်ချင်တယ်ဆိုရင် ခွင့်ပြုဖို့ အဆင်သင့်ရှိလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက တော်လှန်ရေး အင်အားစုတွေဘက်က ထည့်သွင်းစဥ်းစားရမယ့် နောက်ခံ အခြေအနေတွေ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီနဲ့ ဘယ်လို ထိတွေ့ဆက်ဆံနေသလဲ၊ တော်လှန်ရေး အင်အားစုတွေကို ဘယ်လို ထိတွေ့ဆက်ဆံပြီး ဘာတွေ အထောက်အကူပေးနိုင်သလဲဆိုတာတွေကို တော်လှန်ရေး အင်အားစုတွေဘက်က ဆန်းစစ်သုံးသပ်ကာ ရှေ့လမ်းကြောင်း ချမှတ်ကြရမယ့် အချိန်၊ နိုင်ငံရေး၊ စစ်ရေး လမ်းကြောင်းတွေကို ပြန်လည်သုံးသပ်ချမှတ်သင့်တဲ့ အချိန်လည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar