Breaking News

နွေဦးကြယ် - လေယာဥ်ပျံ

လေယာဥ်ပျံ
နွေဦးကြယ်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၃

ဗုံးခိုကျင်းထဲမရဲတရဲဝင်လာတဲ့လေရင့်နွေးထဲမှာ
ကျည်ဆန်ရာတွေဗရပွနဲ့လရောင်ကလေးပါလာတယ်
အမေကရှားရှားပါးပါးလရောင်ကလေးကို
စိတ်မွန်းကျပ်လာတဲ့ရာသီတိုင်းထုတ်ထုတ်လှုံဖို့
ဘဝအမောစုဘူးကလေးထဲထည့်သိမ်းထားရဲ့
၇ နှစ်အရွယ်သားလူမမယ်ကလေးက 
အရုပ်မရှိတဲ့သူ့ကမ္ဘာမှာ
လေယာဥ်ပျံရုပ်ကလေးနဲ့ဆော့ကစားချင်လို့
ဗုံးခိုကျင်းအဝကိုပြေး ပြေးတက်
စက်သေနတ်ဒရစပ်ပစ်နေတဲ့
လေယာဥ်ပျံကိုလိုက်ဖမ်းနေတာပေါ့။

လေယာဥ်ပျံမောင်းလာတဲ့အဓမ္မရဲ့ခေါင်းထဲမှာ
ဦးနှောက်တစ်စက်မှမရှိဘူး
ရင်ဘတ်ထဲမှာနှလုံးသားမရှိဘူး
သူ့ခေါင်းခွံထဲမှာ
အမိန့် နေရာနဲ့ရာထူးတွေအစီအရီပွင့်နေတယ်
သူ့ရင်ဘတ်ထဲမှာလည်း
ဆွေစဥ်မျိုးဆက်ကောင်းစားရေး ဝါဒတွေက
ပုရစ်ဖူးတွေလိုစိမ်းမြနေကြပေါ့
လေယာဥ်ပျံကိုသူကမောင်းနှင်ပြီး
သူ့ကိုကမ္ဘာ့အယုတ်ညံ့ဆုံးဖက်စစ်ကမောင်းတယ်။

ရွာကလေးကတော့
ခြေထောက်မပါဘဲမွေးလာတဲ့ကလေးလို
သူ့အပေါ်တည့်တည့်ကျအောင်ရွာလာတဲ့ဗုံးမိုးတွေနဲ့ဝေးရာ
တစ်လက်မကလေးတောင်ရှောင်ခွာထွက်ပြေးဖို့စိတ်ကူးမရှိပါဘူး
မောင်ချောနွယ်ရဲ့
ကြွေတာကိုကဝေခြင်းပဲကဗျာကိုရွတ်
မင်းကရောလွတ်မယ်ထင်နေသလားဆိုပြီး
တဟီးဟီးသာရယ်နေရဲ့။

ဝန်းကျင်အနှံ့ကနွေဦးပန်းကလေးတွေကတော့
ယမ်းနံ့သင်းတဲ့မြေမှာပျော်ပျော်ကြီးပွင့်
ပြည်တော်ဝင်သီချင်းကိုဖွင့်လို့ပေါ့
လရောင်ပေါ်ကဒဏ်ရာကိုအသက်ပေးပြီးကုသ
ဗုံးခိုကျင်းထဲကထွက်လာကြမယ့်သူတွေရှူဖို့
အောက်စီဂျင်ကိုသူတို့လျှော်ဖွတ်နေကြရင်း
တနေ့တော့ပြည်သူတွေရဲ့ခေတ်က
ပြည်သူတွေဆီရောက်လာမယ်ဆိုတာ
သူတို့သေချာပေါက်ယုံကြည်နေကြပါရဲ့။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar