Breaking News

ကိုသန်းလွင် - ဆေးနှင့်အဆိပ်


ကိုသန်းလွင် - ဆေးနှင့် အဆိပ်

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၃


( ၁ )

လွန်ခဲ့သည့် ဧပြီလက သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အား မေ့ဆေးပေးရာတွင် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သောဆေးကြောင့် ရှုပ်ထွေးမှုများဖြစ်ကာ သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်မီ စောစောလေးက အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ဝမ်ဘီယာ နှင့် ဥဘက်ကစ္စတန် နိုင်ငံတို့တွင် ကလေးများ သေဆုံးမှု ဖြစ်ခဲ့ရပါသည်။ မာရှယ်ကျွန်းနှင့် မိုက်ခရိုနီးရှားတွင် အဆင့်မမီသောဆေးများကို တွေ့ခဲ့ရပါသည်။ ဤဆေးများကို သောက်သုံးမိပါက လူနာများ ဒုက္ခဖြစ်ကြရမှာ သေချာနေပါသည်။

( ၂ )

ထိုအဖြစ်အပျက်များသည် များသောအားဖြင့် လူသူအရောက်အပေါက်နည်း ဒေသများတွင် ဖြစ်ပေါ် ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆေးဖြန့်ဝေမှုတွင် ပြဿနာများရှိနေကြောင်း ပြသနေပါသည်။ ၎င်းတို့သည် ဆင်းရဲသော နိုင်ငံများကို ဒုက္ခဖြစ်စေပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယသည် တိုးတက်နေသော ကမ္ဘာကြီးအတွက် ဆေးထုတ်လုပ်ရာ ဒေသ ဖြစ်ခဲ့ပါသည်။ တကမ္ဘာလုံးအတွက် သောက်ဆေး၊ ထိုးဆေး၊ ဆေးမျိုးစုံ ထုတ်လုပ်သောနိုင်ငံ ဖြစ်ခဲ့ပါသည်။ တကမ္ဘာလုံး၏ ၂၀ ရာခိုင်နှုန်းသော ဆေးများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ဤသည်မှာ ဆင်းရဲသောနိုင်ငံများအတွက် ယခင်က ဆေးဟူ၍ မှီဝဲစရာမရှိ ဖြစ်ခဲ့ရာမှ အားကိုးစရာ ထုတ်လုပ်သည့် နိုင်ငံတခု ဖြစ်လာခဲ့ပါသည်။

သို့သော် အိန္ဒိယနိုင်ငံသည် ယနေ့ ထုတ်လုပ်နေသော ဆေးများကို မစစ်ဆေးနိုင်ဘဲ အဆင့်နိမ့်သော ဆေးများကြောင့် ဆင်းရဲသားများကို သတ်နေသောနိုင်ငံအဖြစ် အစွပ်စွဲခံနေရပါသည်။ သို့သော် ဤသည်မှာ အိန္ဒိယနိုင်ငံအတွင်းတွင်သာ လုပ်သောပြဿနာသက်သက် မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးတွင် အရေးကြီးသော ပဟေဠိများ ရှိနေပါသည်။ ချမ်းသာသောနိုင်ငံများတွင်သာ ဆေးများကို ရရှိ၍ ဆင်းရဲသောနိုင်ငံများမှာ အဆိပ်အတောက်များကို ရနေကြပါသည်။

 ပြဿနာမှာ ဆင်းရဲသောနိုင်ငံများ၌ ချမ်းသာသောနိုင်ငံများတွင် ရှိနေကြသည့် ဆေးကို ထိန်းချုပ် သော (Regulate) လုပ်သော အဖွဲ့အစည်းများ မရှိခြင်းပင် ဖြစ်ပါသည်။ ချမ်းသာသောနိုင်ငံများတွင် မိမိဘ,သာ ငွေရှာနိုင်သည့် အဖွဲ့အစည်းများကို ဖွဲ့စည်းထားနိုင်ကြပါသည်။ ထိုအဖွဲ့က ဆေးများ၏လုံခြုံရေးနှင့် အရည် အသွေးကိုထိန်းချုပ်ပါသည်။ အိန္ဒိယနိုင်ငံ၏ဆေးများကို ဗဟိုဆေးထိန်းချုပ်ရေး ကော်မတီ (Central Drug Control Orgazation) က ထိန်းချုပ်ထားရာ၎င်းသည် အမှောင်ပိတ်နေသည့် (Opeque) အစည်းအရုံးတခုဖြစ်ပြီး ၎င်း၏လုပ်ရပ်များကို ပြင်ပမှ မမြင်နိုင်ပါ။ ၎င်းသည် ခြစား အကျင့်ပျက်သော ဝန်ထမ်းများကို စီမံခန့်ခွဲ မှုကင်းမဲ့သည့် နည်းလမ်းများဖြင့် ဖွဲ့စည်းထားပါသည်။ များစွာသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင်လည်း နိုင်ငံတွင်းသို့ ဝင်လာသောဆေးများကို စိစစ်သည့်အဖွဲ့ ဟူ၍ မရှိပါ။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ခန့်မှန်းချက်မှာ ဆင်းရဲသော နိုင်ငံများသို့ တင်ပို့သည့် ဆေးအားလုံး၏ ၁၀ ပုံ ၁ ပုံသည် အဆင့်အတန်းနိမ့်ကျသည့်ဆေးများ ဖြစ်နေပါသည်။ လွတ်လပ်သော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်မှာ ဤသို့ အဆင့်အတန်းမမီသော ဆေးများကြောင့် ကလေး ၂ သိန်း ၈ သောင်းကျော်မှာ ငှက်ဖျားရောဂါနှင့် နမိုးနီးယားရောဂါကြောင့် နှစ်စဉ် သေဆုံးကြရသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးကမူ မကြာမီက သေဆုံးခဲ့ရမှုများကို မထုတ်ပြန်ပါ။  မည်သည့် အရေအတွက်သည် အိန္ဒိယမှ လာသော ဆေးများကြောင့် သေဆုံးရသည်ကို မသိနိုင်ဘဲဖြစ်နေပါသည်။

ကမ္ဘာနှင့်တဝန်း ဆေးဖြန့်ချိရေးစနစ်မှာ ရှုပ်ထွေးသော စနစ်တခု ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း တကမ္ဘာလုံး ဆေးထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ၏ ၆၂ % ကို အိန္ဒိယမှာ ထုတ်လုပ်ပါသည်။ တရုတ် ပြည်တွင် ၂၃ % ထုတ်လုပ်ပြီး  အမေရိကန် ဥရောပနှင့် အခြားနိုင်ငံများတွင် ကျန်ပစ္စည်းများကို ထုတ်လုပ်ပါသည်။ ဤကုန်ကြမ်းပစ္စည်းများကို ကမ္ဘာအနှံ့ သင်္ဘောများနှင့် ပို့ပေးပြီး ဆေးထုတ်လုပ်သူများက ဆေးအဖြစ် ပြောင်းလဲကာ စောင့်ကြည့်ရေးအဖွဲ့များက ထွက်ရှိလာသော ဆေးပစ္စည်းများကို စစ်ဆေးကြပါသည်။ စံနှုန်း၊ စံချိန်နှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးပြီးမှ ဆေး၏ အရည်အသွေးပြည့်ဝမှ အသုံးပြုခွင့် ပေးပါသည်။ ထိုစောင့်ကြည့်ရေးအဖွဲ့မှ ကင်းလွတ်ခဲ့ပြီးမှ သီရိလင်္ကာမှ ကိုယ်ဝန်ဆောင်သည်နှင့် ဂမ်ဘီယာနိုင်ငံမှ ကလေးများဆီသို့ ဆေးများ ရောက်ရှိပါသည်။

ထိုသေဆုံးမှုများကြောင့် အိပ်အိုင်ဗွီ (HIV) ဆေးပေါ်ခါစ အဖြစ်အပျက်များကို သတိရစေပါသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ပေါ်ပေါက်ခဲ့ပြီး (Antiretroviran Treatment) မှာ အမေရိကန်ပြည်တွင် စတင်ပြုလုပ်ခဲ့ပြီး ပေးတင့်စည်းကမ်းများအရ ၎င်းဆေးကို သုံးရန် အကန့်အသတ်များ ရှိခဲ့ပါသည်။ ဆေးမှာ ဈေးကြီးပြီး လူ အများက မပေးနိုင်သော ဈေးနှုန်းများဖြင့် ရှိနေခဲ့သည်မှာ ကာလအကြာကြီး ဖြစ်ပါသည်။ ထိုဆေးကို မူပိုင်လုပ်ထားမှုကြောင့် အာဖရိကတွင် ရောဂါပြန့်ပွားလာသောအခါ အိပ်အိုင်ဗွီဆေးလို အသုံးပြုခွင့် မရခဲ့ကြပါ။ ဆယ်နှစ်အကြာ ၂၀၀၃ ခုနှစ်တွင် အာဖရိက၌ ရောဂါစွဲကပ်သူပေါင်း ၃ သန်းကျော် ရှိခဲ့ပါသည်။ လူပေါင်း ၂ ဒသမ ၂ သန်းကျော် သေဆုံးခဲ့ကြရပါသည်။ ၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာ့လူဦးရေ၏ ၂၀ % နေထိုင်ရာ အာဖရိကတိုက်တွင် ရောဂါဖြစ်သူ ၂၅ သန်းကျော် ရှိလာပါသည်။

ဤကြေကွဲဖွယ်ရာ ဖြစ်ရပ်မှာ ဆေးလောကအတွက် ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ရပ် ဖြစ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ စီပလာ (Cipla) ကုမ္ပဏီမှ တနေ့လျှင် တစ်ဒေါ်လာသာ ကုန်ကျမည့် အိပ်အိုင်ဗွီဆေးကို ဖော်စပ်ပေးခဲ့ပါသည်။ ထိုအချိန်က ထိုဆေးမှာ အိန္ဒိယနိုင်ငံတွင် ပေးတင့် ဥပဒေအရ ထိန်းချုပ်မှု မရှိခဲ့ပါ။ ထို့ကြောင့် ဆေးထုတ်လုပ်သူတို့က ဆေးကို ပြောင်းပြန်လုပ်၍ ဖော်စပ်နည်း (Reverse Engineering) အရ နည်းလမ်းရှာကြရာမှ အိပ်အိုင်ဗွီ ဆေးကို တွေ့ရှိခဲ့ကြပါသည်။ ၂၀၀၂ ခုနှစ်တွင် အိပ်အိုင်ဗွီ ဆေးမှာ ဒေါ် လာ ၁၅၀၀၀ ရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ ခန့်သာ ကျပါတော့သည်။ ဤနည်းဖြင့် အိန္ဒိယသည် တကမ္ဘာလုံးက အားထားရသော ဆေးထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ 

အိန္ဒိယနိုင်ငံထုတ်ဆေးများ ကမ္ဘာသို့ ပျံ့နှံ့လာချိန်ဝယ် WHO က PQP ခေါ် Pre qualification of medicine Program စနစ်ကို အိပ်အိုင်ဗွီ ဆေးများအပေါ်  စိစစ်သည့် စနစ်တရပ်ကို တီထွင်ခဲ့ပါသည်။ တစ်နှစ်ကျော် ကြာလာသည့်အခါ ဤစနစ်အရ အဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ဆေးများကို တိုးချဲ့၍ စိစစ်ခဲ့ပါသည်။ ဤနည်းဖြင့် ရောဂါကြီး ၃ ခုကို တိုက်ဖျက်ရန် ဆေးကို စိစစ်သည့် စနစ် ပေါ်ပေါက် ခဲ့ပါသည်။ ဤနည်းဖြင့် တကမ္ဘာလုံး၏ ကျန်းမာရေးကို ထိန်းချုပ်မည့်စနစ် ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ PQP သည် ဖွံ့ဖြိုးမှုရှိသော နိုင်ငံများအတွက် ဆေးများကို ခွင့်ပြုရေးအတွက် အရေးပါသော စနစ်ကြီး ဖြစ်ပါသည်။ ယနေ့တွင် ဆေးပညာလောကတွင် ပေါ်ပေါက်နေသည့် ဆေးပစ္စည်း ၁၇၀၀ ကျော်ကို လုံခြုံမှု (safety) ရှိစေရန် အာမခံပေးပါသည်။ သောက်ဆေး ထိုးဆေးများနှင့် ရောဂါကို စမ်းသပ်ခြင်းဆိုင်ရာ ကိစ္စများတွင် အာမခံချက် ရှိလာပါသည်။ အခြေခံလိုအပ်သော ဆေးများအပြင် ဇီဝကာကွယ်ဆေး (Antibiotic) နှင့် ဘိန်းနှင့် ဆိုင်သောဆေးများ၊ မေ့ဆေးနှင့်ဆိုင်သော ဆေးများ အပါအဝင် ဆေးနှင့် ပတ်သက်သမျှ ပစ္စည်းများကို စောင့်ရှောက်ရေးအဖွဲ့က ကြီးကြပ်ပေးပါသည်။

သို့သော် ထိုအသင်း၏ လိုအပ်သော ရန်ပုံငွေမှာ ဂိတ်ဖောင်ဒေးရှင်း (Gate Foundation) ကဲ့သို့သော ပြင်ပအစည်းအရုံးများမှ လာနေရသဖြင့် မသေချာ မရေရာလှပါ။ ၎င်းတို့၏ အစီအစဉ်ကို ချဲ့ထွင်ရာတွင် လို အပ်သည်မှာ ရန်ပုံငွေ ဖြစ်ပါသည်။ ရည်ရွယ်ချက် ပိုမိုများပြားလာလေလေ၊ ရန်ပုံငွေများ လိုအပ်သဖြင့် ဘဏ္ဍာရေးမှာ အရေးကြီးလာပါသည်။ ထို့ကြောင့် အသင်းအတွက် ရန်ပုံငွေကို ကုလသမဂ္ဂ အသင်းဝင်နိုင်ငံများမှ စုပေါင်းကျခံရန် နည်းလမ်းများ ရှာဖွေသင့်ပါသည်။

 အမေရိကန်နှင့် ဥရောပ အရာရှိများအနေဖြင့် အိန္ဒိယ ဆေးထုတ်လုပ်ရေးဌာနများကို ဝင်ရောက်စစ် ဆေးပိုင်ခွင့် ရှိကြပါသည်။ အမေရိကန် (FDA -Food and Drug Administration) အသင်း၏ လိုအပ်ချက်များကို လိုက်နာမည့် အသင်းများတွင် အမေရိကန်နိုင်ငံ၏ ပြင်ပတွင် အိန္ဒိယနိုင်ငံ၌ အများဆုံး တည်ရှိကြပါသည်။

မကြာခင်က သေဆုံးမှုများမှာ ဆေးပစ္စည်းများလုံခြုံရေး (Safety) အတွက် လူများစွာကို အာရုံစိုက်မိစေခဲ့ပါသည်။ အာဖရိက ယူနီယံက ၎င်းတို့ကိုယ်ပိုင်ဆေးပစ္စည်းများကိုထိန်းသိမ်းစောင့်ရှောက်ရန် အဖွဲ့ကို တည်ဆောက်နေပါပြီ။ ယခင်လက ဂမ်ဘီယာအစိုးရ အရာရှိများက အိန္ဒိယ အစိုးရကို လူသေဆုံးစေသည့် ချောင်းဆိုးပျောက် ဆေးရည်များအတွက် တရားစွဲဆို ရန်ပြင်ဆင်နေပါသည်။

သို့သော် အိန္ဒိယအစိုးရအဖွဲ့က ချို့ယွင်းသော ဆေးပစ္စည်းများ ထုတ်လုပ်မှုအတွက် ပြစ်ဒဏ်ကို လျှော့ပေါ့စေရန် အစီအစဉ်များပါသည့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းရန် တာစူနေပါသည်။ ထိုဥပဒေကို ရေးဆွဲရာတွင် နိုင်ငံအသီးသီး၌လည်း မိမိတို့နိုင်ငံတွင်းသို့ တင်သွင်းမည့် ဆေးများ၏ အရည်အသွေးကို စစ်ဆေးရန် တာဝန်ရှိသည်ဟု ဆိုပါသည်။

( ၃ )

အိန္ဒိယနိုင်ငံတွင် ဤဆေးထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတွင်းပြဿနာမှာ မသေးလှချေ။ တကမ္ဘာလုံးကျန်းမာရေးအတွက် ဇီဝကာကွယ်ရေးများ ထုတ်လုပ်ရာတွင် သူတို့၏ မြစ်များချောင်းများမှာ ဘေးထွက် စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်လာနေသည်။ ထိုမြစ်များအတွင်း အဆုတ်ရောဂါကာကွယ်ရေးဆေး မတိုးတော့သည့် ရောဂါပိုးများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ တကမ္ဘာလုံးက အိန္ဒိယကို အများသုံးဆေးပစ္စည်းများ ထုတ်လုပ်နိုင်ပြီး အင်အားကြီးမားသော ဆေးကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်မှုကို တွန်းလှန်နိုင်ခြင်းအတွက် ကျေးဇူးတင်လျက်ရှိကြပါသည်။

Ref: Rich Countries get Good Medicine and The Poor gets  Poison by Vidya Krishnan N.Y. Times September 13, 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar