Breaking News

မြင်းမူမြို့နယ်ထဲက PDF တွေ တိုက်ခိုက်ခံရပြီး ၂၆ ဦး သေဆုံး


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၃ 


မြင်းမူမြို့နယ်ထဲက PDF တွေ တိုက်ခိုက်ခံရပြီး ၂၆ ဦး သေဆုံး

စက်တင်ဘာ ၂၂ ရက်နေ့ ညက စစ်ကိုင်းတိုင်း မြောင်မြို့နဲ့ ၁ မိုင်လောက်သာ အကွာအဝေးမှာ ရှိတဲ့ ခြေတော်ရာ ကျေးရွာအနီး အခြားကျေးရွာတရွာကနေ ခြေတော်ရာ ကျေးရွာကို ပြောင်းရွှေ့ဖို့ လာကြတဲ့  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်တွေရဲ့ အလစ် အငိုက်တိုက်ခိုက်ခံရပြီး စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်းမှာ ဖော်ပြထားပါတယ်။ အချို့သတင်းဌာနတွေမှာတော့ PDF အဖွဲ့ဝင် ၂၂ ဦးနဲ့ အရပ်သား ၃ ဦးသေဆုံးတယ်လို့ ဖော်ပြထားကြတာ ဖြစ်ပါတယ်။

မြင်းမူမြို့နယ်ထဲက ကြော့မင်းလို့ အမည်ရတဲ့ ကျေးရွာမှာ ရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ကောင်စီ စစ်ကြောင်း တခြားရွာတဖက်မှာ လှုပ်ရှားနေတယ်လို့ သတင်းကြားပြီး ခြေတော်ရာ ကျေးရွာဘက်ကို ရွှေ့ပြောင်းချိန်မှာ ခြေတော်ရာကျေးရွာအနီး စောင့်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ အလစ်အငိုက် တိုက်ခိုက်တာကို ခံရပြီး အများအပြား သေဆုံးခဲ့တာလို့လည်း သတင်းဖေ်ပြမှုတွေ မှာတွေ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှု တခုထည်းမှာ PDF အရေအတွက်အားဖြင့် အများဆုံး သေဆုံးရတဲ့ အဖြစ်အပျက်လို့ သတင်းဖေါ်ပြမှုတွေမှာ ရေးသားထားကြတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ PDF အဖွဲ့ရဲ့အမည်က မြင်းမူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းမူ Black Eagle အဖွဲ့နဲ့ မြောင်တော်လှန်ရေး တပ်ဖွဲ့ MRA တို့ ဖြစ်တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီဘက်က တယ်လီဂရန်ချယ်နယ်တွေမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားတစီးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ ဆိုင်ကယ်အချို့ကို ဖေါ်ပြထားပြီး လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့လည်း ဖေ်ပြထားတာ တွေ့ရပါတယ်။ 

သေဆုံးသွားတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၃ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေက တိုက်ိခုက်မှုအပြီးနောက်ရက်မှာ မြောင်မြို့ထဲကို ဝင်ရောက်သွားခဲ့တယ်လို့လည်း သတင်းဖော်ပြချက်တွေမှာ ပါရှိပါတယ်။ 

ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်တဲ့အခါ စစ်ကောင်စီဘက်က ကျေးရွာတွေမှာ PDF တပ်ဖွဲ့ဝင်တွေ ရှိနေတာကို သတင်းရထားတဲ့ အနေအထားမှာ တဖက်မှာ လှုပ်ရှားမှု အရိပ်အယောင်ပြတဲ့အခါ PDF တပ်ဖွဲ့တွေ အနေနဲ့ တခြားဆန့်ကျင်ဘက် လမ်းကြောင်းကနေ ရွှေ့ကြမယ်ဆိုတာကို စစ်ကောင်စီတပ်တွေက မျှော်လင့်တွက်ဆပြီး အလစ်အငိုက်တိုက်ခိုက်ဖို့ စီစဥ်ကြတဲ့ အနေအထားလို့ ယူဆရပါတယ်။ 

PDF တွေဘက်က ကျေးရွာတွေမှာ အခြေစိုက်နေထိုင်ကြပြီး နယ်မြေဖြန့်ကာ ကင်းမထားနိုင်တဲ့ အနေအထား၊ တနေရာနဲ့တနေရာ ရွှေ့ပြောင်းကြတဲ့အခါ တစုတဝေးတည်း စုဝေးပြီး ရွှေ့ပြောင်းကြတဲ့ အနေအထားက အားနည်းချက် ဖြစ်သလို ရန်သူရဲ့ လှုပ်ရှားမှုကို အသေးစိတ် မသိရှိနိုင်တဲ့ အချက်တွေကလည်း အားနည်းချက် ဖြစ်စေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားခြင်းအားဖြင့် PDF အဖွဲ့တွေအကြား ၄င်းတို့ကို ထောက်ခံသူတွေအကြား သတင်းအဆက်အသွယ် ဆက်သွယ်ရ ခက်ခဲအောင် လုပ်ဆောင်ထားပြီး အသာစီးရအောင် ကြိုးစားတာလို့လည်း ယူဆရပါတယ်။ 

PDF အဖွဲ့တွေ အနေနဲ့ ကျေးရွာက ဒေသခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ကျေးရွာတွေမှာ အခြေစိုက်ခြင်းက မှားယွင်းတယ်လို့ မဆိုနိုင်သော်လည်း လက်နက်ကိုင် တပ်တတပ်ရဲ့ အင်္ဂါရပ်တွေ ဖြစ်တဲ့ ကင်းချခြင်း ၊ သတင်းအချက်အလက် စုဆောင်းခြင်း တဖွဲ့နဲ့ တဖွဲ့အကြား ဆက်သွယ်ရေး မပြတ်တောက်အောင် စီစဥ်ထားရှိတာ စတဲ့အပိုင်းတွေမှာ မရှိသေးတဲ့ သဘောမျိုးလို့ မှန်းဆရပြီး အဆိုပါ အချက်တွေက တဖက်ရန်သူရဲ့ အလစ်အငိုက်တိုက်ခိုက်မှု ခံရဖို့ ဖြစ်လာစေတဲ့ အကြောင်းအချက်တွေလို့ ကောက်ချက်ချနိုင်ပါတယ်။ 

PDF အဖွဲ့တွေ အနေနဲ့ ကျေးရွာတွေမှာ မိမိတို့ကို ထောက်ခံတဲ့သူတွေ၊ PDFအဖွဲ့ဝင်တွေ ကိုယ်တိုင်ရဲ့ မိသားစု ဆွေမျိုးတွေ ရှိနေတာကြောင့် သတင်းအချက်အလက်ရဖို့ မခက်ခဲသလို တဖက်မှာလည်း ကျေးရွာတွေထဲမှာ ၄င်းတို့ရဲ့ လှုပ်ရှားမှုကို လူအများ သိရှိနေတာကြောင့်လည်း တယောက်တလေက စစ်ကောင်စီဘက်ကို ပေါက်ကြားစေခဲ့ရင် ကိုယ့်လက်နက်ကိုင်အဖွဲ့ရဲ့ လှုပ်ရှားမှုက  အန္တရာယ် ကျရောက်နိုင်တဲ့ အားနည်းချက်လည်း ရှိတာဖြစ်ပါတယ်။ ဆိုလိုတာက PDF အဖွဲ့တွေရဲ့ တည်ရှိမှု၊ လှုပ်ရှားမှုတွေဟာ ကျေးရွာတွေထဲမှာ ဖြစ်နေခြင်းက တဖက်မှာ လူထုထဲမှာ အတူတူရောနှောနေတဲ့ အားသာချက် ဖြစ်ကောင်းဖြစ်ပေမယ့် တခြားရှုထောင့်တခုက ကြည့်ရင် သတင်းအချက်အလက် အားလုံးက ကျေးရွာတွေက သူတွေ သိနေနိုင်ပြီး တယောက်တလေက ပေါက်ကြားစေခဲ့ရင် အခုဖြစ်ရပ်လို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ 

အထက် အညာဒေသဖြစ်တဲ့ မကွေးတိုင်း ရဲ့ မြောက်ဘက် ဒေသတွေနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသအများအပြားမှာ ပြောက်ကျားစစ် သဖွယ် ဆင်နွှဲနေတာ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အခြေပြု ဖွဲ့စည်းရာ ကျေးရွာတွေ မှာပဲ အခြေစိုက်နေထိုင်ကြတာမျိုးက အများစုဖြစ်ပါတယ်။ စစ်ကောင်စီက အဆိုပါ ကျေးရွာတွေကို ဝင်ရောက်ကာ ဖျက်ဆီးတာ ဒေသခံတွေကို ဖမ်းဆီးစစ်မေးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို အားလျော့အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ၂ နှစ်ကျော်ကြာလာတဲ့ အခုအချိန်ထိ စစ်ကောင်စီက စစ်ကိုင်းတိုင်း မကွေးတိုင်း မြောက်ပိုင်းတို့ကို မထိန်းချုပ်နိုင်ကြသေးသလို မြို့တွေရဲ့ အုပ်ချုပ်ရေးတွေကို စစ်ကောင်စီ ဘက်က ချုပ်ကိုင်ထားဆဲလည်းဖြစ်ပြီး PDF တွေ အနေနဲ့ ကားလမ်းတွေမှာ စစ်ဆေးရေး လုပ်တာမျိုး၊ စစ်ကောင်စီ ယာဥ်တန်း၊ စစ်ကြောင်းတွေကို မိုင်းဆွဲတာ၊ ချုံခိုတိုက်ခိုက်တာတွေ လုပ်ဆောင်နိုင်ပေမယ့် မဝင်ရောက်နိုင်အောင် ကာကွယ်နိုင်တဲ့ အနေအထားမျိုး မရောက်ရှိသေးတဲ့ သဘောဖြစ်ပါတယ်။ 

ဒီအနေအထားမှာ သေနတ်အပြင် အခြားသော လက်နက်ကိရိယာတွေ တပ်ဆင်နိုင်ဖို့ ၊ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးနဲ့ ပတ်သက်တဲ့ ယာဥ်ယန္တရား၊ နိုင်ငံရေးအရ စုစည်းမှုတခုထည်းအောက်က စစ်ရေးအရ အမိန့်ပေးမှု တခုထည်းအောက်က လက်နက်ကိုင် တပ်ဖွဲ့တွေ စတဲ့ အဆင့်တွေ လိုအပ်ချက်တွေ ရှိနေသေးတာလည်း ဖြစ်ပါတယ်။ 

ဒီအဆင့်တွေကို မရောက်ရှိနိုင်သေးခင်မှာ လက်နက်ကိုင် တော်လှန်ရေး နဲ့ပတ်သက်လို့ ကာလတခုထိ ရေရှည်သွားရမယ့် အလားအလာကိုလည်း ထည့်သွင်းစဥ်းစားသင့်သလို မိမိတို့ကို ထောက်ခံအားပေးနေတဲ့ ကျေးရွာတွေ၊ ဒေသခံတွေရဲ့ အသက်ရှင် နေထိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရှိနေဖို့ကိုလည်း ထည့်သွင်းစဥ်းစားပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဟာ ပြည်ပက အကူအညီနဲ့သွားနေတာ မဟုတ်ဘဲ မိမိတို့ ရဲ့ ဒေသခံတွေ ကျေးရွာသူ ကျေးရွာသားတွေရဲ့ အားပေးထောက်ခံမှုနဲ့ သွားနေတာဖြစ်လို့ ဒေသခံတွေ ရှင်သန် အသက်မွေးနိုင်ဖို့အရေးလည်း ထည့်သွင်း စဥ်းစားဖို့ အရေးကြီးတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar