Breaking News

စောဝေ - နွေဦးရထား

စောဝေ - နွေဦးရထား

(မိုးမခ) စက်တင်ဘာ ၂၇ ၊ ၂၀၂၃


မြစ်ကိုဆန်တဲ့ ရထားနဲ့

အေးခဲဝပ်ကျင်းကိုပြန်

ခံစားမှုက ရန်ကုန်က ဖြူး

ကိုယ်တွေ့ လက်တွေ့က

ငြိမ်းချမ်းမြေနဲ့ မငြိမ်းချမ်းမြေ

ကိုယ်ကြီးက ရထားကို စီးပြီး

စိတ်က ဈာန်ရသလို

မွေးရပ်မြေကို ပြန်ရောက်

သာယာတဲ့အရပ်မှာ

သာယာမနေဘူး

ရထားရေ... ခုတ်မောင်းပေတော့။


HUDSOM REAVER

မြစ်က လှမ်းမေးတယ်

မင်းတို့မြစ်တွေ သန့်ရဲ့လားတဲ့

စိတ်ရော ကိုယ်ပါ ညစ်ပတ်တဲ့ ယောက်ျားအစုအဖွဲ့ကြီး

နှစ်ဖွဲ့ကြောင့်ပေါ့

သန့်ပေမဲ့ မသန့်တော့ဘူးလို့

မြစ်ရဲ့ ရယ်မောသံက

ရထားပေါ်ထိ တက်စီး

လိုက်ပါလာတယ်

တောင်တွေမှာ

အစိမ်းရောင် ဆံပင်တွေနဲ့

ကတုံးရိတ်ထားတဲ့

မွေးမြေက တောင်တွေကို

သတိက ရသွားပြန်ရော

ရထားရေ ခုတ်မောင်းပေတော့။


ကောင်းကင်က

အလိုလို ကျလာတာဆိုလို့

ကံဆိုးမိုးမှောင်ပဲ ရှိတယ်

ကံကောင်းဖို့ကတော့

ပြည်သူမှာ ပြည်သူပဲ ရှိတာမို့

ပစ်စရာ ရှိတာလည်း ပစ်

ချစ်စရာ ရှိတာလည်း ချစ်

မုန်းစရာတွေကတော့

ဒရုန်းပေါ့ ဒရုန်း

ဘယ်တော့မှ အရှုံးမခံဘူး ဆိုတဲ့

တော်လှန်နေသူ

လူအားလုံးကို

အရိုး အရေပါ မကျန်တဲ့အထိ

ပြည်ပရောက်တွေက

အကြီးကြီးတွေ

မပြောတော့ပါဘူး

အသက်ပေးနေပေးခဲ့ကြသူတွေ

အမြဲဦးညွှတ်စွာ

ရထားရေ... ခုတ်မောင်းပေတော့။


ဘယ်ဘက်မှာ မြစ်

ညာဘက်မှာ တော နဲ့ တောင်

အလယ်က ရထား

ရထားပေါ်မှာ လူတွေ

ဒဏ်ရာအနာတရနဲ့က

ငါ တယောက်တည်းလား

ညာဘက် တောလမ်းလေးပေါ်

မိသားစုကားလေးတွေ

တွေ့မိတော့

အိမ်လွမ်းစိတ်က

ရင်ဘတ်ထဲ တောမီးလိုလောင်

ငါ ရှင်နေမှ

အိမ်ပြန်နိုင်မယ် ဆိုတဲ့

စိတ်ကပဲ... ဒီစိတ်ကပဲ...

ရင်တောမီးကို ငြှိမ်းသတ်

ရထားရေ... ခုတ်မောင်းပေတော့။


အခွင့်သင့်သင့် မသင့်သင့်

ကုလသမဂ္ဂကိုလည်း ရှိုး

အိမ်ဖြူတော်လည်း ရှို့

ငါတို့တိုင်းပြည်

ပြာကျအောင် လောင်နေတဲ့ မီးတွေ

သူရို့ကို ကူးအောင်ပေါ့

စိတ်ထားက ယုတ်တယ်နော်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက 

မဖြူစင်တော့တဲ့

အနုပညာသမားပါ

အမြစ်ဖြတ်ဖို့အတွက်

သေရင်လည်း

ငရဲရောက်ပါစေ

ရထားရေ... ခုတ်မောင်းပေတော့။


Albany က

လွှတ်တော်နဲ့ အုပ်ချုပ်ရေး

NYC က စီးပွားရှာတဲ့မြို့

မြို့ကြီးထဲကျတော့

ရထားက သမုဒ္ဒရာအောက်

မြေအောက်က သွား

မြို့ပြင်ရောက်တော့

မြစ်ကို ရထားက စီးပြန်တယ်

တိမ်တွေက သီးပွင့်လို့

မြစ်မှာ အရိပ်ထင်

ရထားမှာ လွမ်းရိပ်ဆင်

လေတိုက်ရင် ရွက်လွှင့်

လေမတိုက်ရင်

တက်ရော လက်ရော

တို့ပြည်သူတွေ ညီရဲ့လားဟေ့

မမေးနဲ့ ညီမှ ညီ

ပန်းတိုင် ဘူတာရောက်လုလု

ရထားရေ... ခုတ်မောင်းပေတော့။


မြို့ကြီးပြကြီးကို ဖြတ်

မြို့လေး ရွာလေးကို ဖြတ်

ပင်လယ်ကို ဖြတ်

တောင်ကို ဖြတ်

တောကို ဖြတ်

လယ်ကွင်းကို ဖြတ်

မြစ်ကို ဖြတ် ချောင်းကို ဖြတ်

ဖြတ်ရမှာတွေ အကုန်ဖြတ်

သတ်ရမှာတွေလည်း

အကုန်သတ်

အလံမျိုးစုံ၊ အရောင်မျိုးစုံ

ဘဝမျိုးစုံ တင်လို့

ဘဝမျိုးစုံကလည်း

ရထားကြီးကို တင်လို့

ရန်သူတွေကို ဖြတ်

ခရီးဆုံးဟာ

နေပြည်တော်ကို သိမ်းဖို့

မသိမ်းနိုင်သေးသ၍

ရထားရေ... ခုတ်မောင်းပေတော့။


သိမ်းပြီးရင် ရပ်တော့

နေပြည်တော် သိမ်းပြီးရင်

ရထားရေ... ရပ်တော့

ရပ်တော့... ရထား

ရထားရေ... ရပ်လို့ရပြီ

ရထားရေ... ရပ်တော့ ရထား။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar