Breaking News

ဒေါက်တာသိန်းလွင် - အသိဉာဏ်တုနှင့် ပညာရေး


ဒေါက်တာသိန်းလွင် - အသိဉာဏ်တုနှင့် ပညာရေး

(မိုးမခ) စက်တင်ဘာ ၂၈ ၊ ၂၀၂၃


(AI and Education)

Artificial Intelligence (AI) ဟာ ပညာရေးလောကကို ဝင်ရောက်လာပါပြီ။ အထူးသဖြင့် နည်းပညာထွန်းကားတဲ့ တိုင်းပြည်တွေမှာ AI ကို သင်ကြားရေး၊ သင်ယူရေးကိစ္စတွေမှာ စနစ်တကျ အသုံးပြုလာကြပါပြီ။ 




၁။ ပညာရေး၏ရည်မှန်းချက်နှင့် AI ၏လုပ်ဆောင်ချက်

ပညာရေးရဲ့ရည်မှန်းချက်တွေထဲမှာ ကျောင်းသားတွေကိုယ်တိုင် စူးစမ်းရှာဖွေသင်ယူပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့၊ တီထွင်ဖန်တည်းနိုင်ဖို့တွေ ပါဝင်ပါတယ်။ ခုရောက်ရှိနေတဲ့ AI အဆင့် ၃ ဟာ လူ့ဦးနှောက်ထက်ပင် သာလွန်ပြီး ဘာသာရပ်နယ်ပယ်အသီးသီးကို နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာနိုင်ရုံမျှမက ကိုယ်တိုင်ဆုံးဖြတ်နိုင် အကြံဉာဏ်ပေးနိုင်တဲ့အထိ စွမ်းဆောင်နိုင်နေပါပြီ။ AI ကို ပညာရေးမှာ စနစ်တကျ အသုံးမချနိုင်ရင် ဆရာတွေရဲ့ အခန်းကဏ္ဍလည်း ပျောက်ပြီး၊ ကျောင်းသားတွေလည်း ကိုယ်ပိုင်အသိဉာဏ်တည်ဆောက်တာ မလုပ်တော့ဘဲ AI ရဲ့ ကျေးကျွန်ဘဝကို ရောက်သွားနိုင်ပါတယ်။ 

ပညာရေးရဲ့ လိုအပ်ချက်တွေဟာ နည်းပညာတခုတည်းအပေါ်မှာ အခြေခံတာတော့ မဟုတ်ပါဘူး။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းမြှင့်တင်ဖို့၊ ကောင်းမွန်တဲ့လူမှုဆက်ဆံရေး တည်ဆောက်ဖို့၊ စာရိတ္တမြင့်မားဖို့၊ ကျန်းမာဖို့၊ သမာအာဇီဝ အသက်မွေးမှုပြုနိုင်ဖို့၊ တာဝန်သိဖို့၊ ရပ်ရွာကို စောင့်ရှောက်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စတာတွေ လိုအပ်ပါတယ်။ AI နည်းပညာကို ကဏ္ဍတခုအနေနဲ့ သာ စနစ်တကျ ချဉ်းကပ်ဖို့လိုပါတယ်။ 

မြန်မာနိုင်ငံကျောင်းတွေမှာတော့ AI ဝေးလို့ Google Search Engine တို့ YouTube တို့ကိုတောင် စနစ်တကျ အသုံးမပြုနိုင်သေးပါဘူး။ စာသင်ခန်းထဲကို ဖုန်းတွေယူမလာနဲ့ဆိုပြီး ဆရာဆရာမတွေက အမိန့်ထုတ်ကြပါတယ်။ ကျနော်က နည်းပညာကို မတားဆီးဖို့ ကျောင်းသားတွေလေ့လာသင်ယူမယ့် အကြောင်းအရာတွေကို အင်တာနက်ကနေ ရှာဖွေခွင့်ပြုဖို့၊ ဖတ်စာအုပ်တခုတည်းအသုံးပြု သင်ကြားနည်းကို စွန့်လွှတ်ဖို့ မကြာခဏ အကြံပြုရပါတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေကို ပညာရေးမှာ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ လိုပါတယ်။ AI ကိုကောင်းစွာအသုံးပြုနိုင်တဲ့စာသင်ကျောင်းတွေ (AI friendly schools)၊ AI ကို ကောင်းစွာအသုံးပြုနိုင်တဲ့ပညာရေးစနစ် (AI friendly education system) ဖြစ်ဖို့လိုပါတယ်။ 

၂။ အသိပညာ၊ တရားမျှတမှုနဲ့ အသိဉာဏ်တု (Knowledge, Justice and AI)

ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဖို့ရုန်းကန်နေရတဲ့ နိုင်ငံတွေကြားမှာ နည်းပညာကွာဟချက် (Digital Divide) ကြီးပါတယ်။ နည်းပညာကို နိုင်ငံတိုင်း သာတူညီမျှအသုံးပြုနိုင်ဖို့ (Equitable Use of Technology) အတွက်ပညာရှင်တွေ အဆက်မပြတ် တိုက်တွန်းနေကြပါတယ်။ 

မြန်မာနိုင်ငံမှာလည်း နည်းပညာကွာဟချက်ကြီးပါတယ်။ အင်တာနက်မှန်မှန်မရတာ၊ တချို့ဒေသတွေ အင်တာနက်ဖြတ်တောက်ခံရတာ၊ ပစ္စည်းကရိယာမသုံးနိုင်တာ၊ မသုံးတတ်တာတွေကြောင့် နည်းပညာကို သာတူညီမျှမရကြပါဘူး။ ခုကျနော်တို့က AI ကို ပညာရေးမှာအသုံးပြုဖို့ တိုက်တွန်းတဲ့အခါ တနိုင်ငံလုံး ဒေသအားလုံးမှာ မျှမျှတတ အသုံးပြုနိုင်ဖို့လည်းလိုပါတယ်။

၃။ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် အသိဉာဏ်တု (Knowledge, Ethics and AI)

အသိပညာရှာဖွေရာမှာ ကျောင်းသားတွေကိုယ်တိုင် အသိပညာတည်ဆောက်ဖို့လိုပါတယ်။ နည်းပညာတွေ (ie. ICT, AI) ကို အထောက်အကူအဖြစ်သာ အသုံးပြုသင့်ပါတယ်။ ဥပမာ - လေ့လာသင်ယူမှုတခုမှာ ကျောင်းသားတွေကိုယ်တိုင် စူးစမ်းရှာဖွေ၊ ကိုယ်ရဲ့လေ့လာတွေ့ရှိချက်တွေကို အတန်းဖေါ်တွေကို ပြောပြ၊ အပြန်အလှန်သင်ယူ၊ ကိုယ်ပိုင်အယူအဆတွေ ထုတ်ဖေါ်၊ ကွဲလွဲချက်တွေရှိရင် ထပ်လေ့လာ။ ပြီးတော့မှ AI ကိုမေးပြီး AI ပေးတဲ့အဖြေနဲ့တိုက်ဆိုင် ကြည့်နိုင်ပါတယ်။ AI ကို အတန်းဖေါ်သူငယ်ချင်းအဖြစ် သဘောထားပြီး အတူတကွ လေ့လာသင်ယူမှုလုပ်နိုင်ပါတယ်။ 

ကျောင်းသားတွေဟာ ကိုယ်တိုင်စူးစမ်းရှာဖွေ လေ့လာတာ၊ အတန်းဖေါ်တွေနဲ့ဆွေးနွေးတာ၊ ဆရာရဲ့အကြံပြုချက်ကိုခံယူတာ၊ ကိုယ်ပိုင်အသိဉာဏ်တည်ဆောက်တာမလုပ်ဘဲ၊ AI ကပေးတဲ့ အဖြေကိုသာကူးချမယ်ဆိုရင် ကိုယ်ကျင့်တရား ပျက်ယွင်းရာ ရောက်ပါတယ်။ ကျနော်တို့ပညာရေးမှာ အသိဉာဏ်ပညာ (Wisdom) တည်ဆောက်နိုင်ဖို့အတွက် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (Critical Thinking) သာမက ကိုယ်ကျင့်တရားနဲ့ယှဉ်တဲ့ ဆင်ခြင်တုံတရား (Ethical Reasoning) လိုအပ်ပါတယ်။ 

၄။ မြန်မာ့ပညာရေးအတွက် အကြံပြုချက် 

- AI ကို ပညာရေးမှာ အသုံးပြုနိုင်ဖို့အတွက် ပညာရေးမူဝါဒရေးဆွဲသူတွေ၊ ဥပဒေပြုသူတွေအနေနဲ့ နည်းပညာကို ဒေသတိုင်း၊ လူတိုင်း သာတူညီမျှအသုံးပြုနိုင်ဖို့ စဉ်းစားဆောင်ရွက်စေလိုပါတယ်။ 

- ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ICT နဲ့ AI ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ လေ့လာထားစေလိုပါတယ်။

- မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေး အကျပ်အတည်းတွေကြောင့် AI ကို ပညာရေးမှာ စနစ်တကျ အသုံးပြုနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ အနာဂတ်ကို မျှော်ရည်ပြီး ပြင်ဆင်ထားနိုင်ဖို့ ပညာတော်သင်တွေ စေလွှတ်ထားချင်ပါတယ်။ ပညာရေးဘာသာရပ်နဲ့ဘွဲ့ရထားတဲ့ လူငယ်တွေ၊ ICT နဲ့ဘွဲ့ရထားတဲ့လူငယ်တွေကို AI and Education ဘာသာရပ် မဟာသိပ္ပံဘွဲ့အတွက် စေလွှတ်ထားချင်ပါတယ်။ ပညာသင်ဆုပေးတဲ့အဖွဲ့တွေကိုလည်း အကူအညီတောင်းလိုပါတယ်။ 


ဒေါက်တာသိန်းလွင်

စဉ်းစားတွေးခေါ်သော စာသင်ခန်းဖောင်ဒေးရှင်း

၂၀၂၃ စက်တင်ဘာလ ၂၈ ရက်။

မှတ်ချက်။ မနေ့ညက Center for Sociodigital Futures, NORRAG အဖွဲ့မှ စီစဉ်ကျင်းပတဲ့ AI and Digital Inequities Summit ကို တက်ရောက်နားထောင်ရင်း စိတ်ကူးပေါ်လာတဲ့အတွက် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar