အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၈ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၈ )
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၃
16/9/23
Diary in the darkness
ညက နစ်နာရီခြားတစ်ခါ ဆီးသွားတယ်။ မိုးအေးလို့ထင်ပါရဲ့။ ဆီးအောင့်မထားရဲဘူး။ တနေ့က သူငယ်ချင်းဆရာဝန်လာကြည့်ပေးသေးတယ်။ သွေးတိုးနေကြောင်း၊ ဆီးချို ၂၅၀ ကျော်နေလို့ သတိထားနေဖို့၊ ဆေးဂရုစိုက်သောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ ပြောတယ်။
ဒီမနက် မိုးမရွာ။ လမ်းလျှောက်ဖြစ်တယ်။ ခြေလှမ်း ငါးထောင်လောက်ပါ။ လမ်းလျှောက်ရင်း မေတ္တသုတ် အနှစ်ချုပ်ကို နာဖြစ်တယ်။ ပါချုပ်ဆရာတော် ဟောကြားတာပါ။
ခုတလော စကစ တပ်စခန်းတွေကို နွေဦးတော်လှန်ရေးသမားတွေက သိမ်းပိုက်တဲ့သတင်းတွေ အများအပြား တွေ့ရတယ်။ ထချို့စခန်းတွေဆို နာရီဝက်လောက်အတွင်း ပကဖ တော်လှန်ရေး တပ်တွေလက်ထဲ ကျကုန်တယ်။ စကစ တပ်တွေဟာ လက်နက်အမြောက်အမြားစွန့်ပစ်ပြီး ထွက်ပြေးကြတာလို့ သိရတယ်။ အသေးစိပ်သတင်းကို အောက်ပါလင့်မှာတွေနိုင်ပါတယ်။
https://fb.watch/n56wnWbpT6/?mibextid=Nif5oz
စစ်ကောင်စီတပ်က အရာရှိတယောက်ရဲ့ အလောင်းဘေးမှာ လူးလိမ့်ငိုနေတဲ့ မုဆိုးမ ဗိုလ်ကတော် ဗီဒီယိုဖိုင်ကို လူအမြောက်အမြားက ဝိုင်းဖြန့်နေကြတာ တွေ့ရတယ်။ ဝမ်းသာကြောင်း၊ ကြေနပ်ကြောင်း၊ နဲ့ မင်းအောင်လှိုင်ကို ဆဲဆိုထားတဲ့ မှတ်ချက်တွေလည်း ရေးထားကြတယ်။
မနက်စာပဲပြုတ်နဲ့ ထမင်းစားတယ်။ ပဲပြုတ်ဆီဆမ်းခါနီး လူမှုကွန်ရက်ပေါ်က ဆီတန်းစီတိုးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်မြင်ယောင်လာပြီး စိတ်ထိခိုက်မိတယ်။ ဗီဒီယိုဖိုင်ထဲမှာ တထွာ တမိုက်လောက်ရှိတဲ့ ရေသန့်ဗူးခွံတွေကိုင်ပြီး တိုးဝှေ့ တန်းစီ လုယက် ဆဲဆိုနေကြတာ တွေ့ရတယ်။ ပြည်သူတွေရဲ့ ကြေကွဲစရာဘဝတွေပါ။
https://fb.watch/n59psespOC/?mibextid=Nif5oz
အမေ့နာရေးအတွက်မိုးကုတ်မြို့ရောက်နေတဲ့ မိတ်ဆွေက ဖုန်းဆက်တယ်။ မီုးကုတ်မြို့ ဝန်းကျင် ကျပ်ပြင်၊ ကုန်းဆံ၊ ဆင်ခွာ ရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေလို့ ထိတ်လန့်နေကြောင်းပြောပါတယ်။
တကယ်တော့ ငါတို့တနိုင်ငံလုံး နာရေးဖြစ်နေတာပါ သူငယ်ချင်းရယ်။
ဖဲဝိုင်း ဒိုင်ခံသူတွေကလွဲလို့ ငါတို့အားလုံးထိတ်လန့်ကြေကွဲနေကြရပါတယ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar