Breaking News

နယ်စပ်ဒေသတွေက စခန်းသိမ်းတိုက်ပွဲ ပိုများပြားလာတဲ့ တိုင်းရင်းသားဒေသတွေ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၃


နယ်စပ်ဒေသတွေက စခန်းသိမ်းတိုက်ပွဲ ပိုများပြားလာတဲ့ တိုင်းရင်းသားဒေသတွေ 

နယ်စပ်ဒေသတွေ ဖြစ်တဲ့ ကရင်နီဒေသ၊ ကရင်ပြည်နယ်တို့နဲ့ ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ စခန်းတွေနဲ့ ပဲခူးတိုင်းအတွင်းက အချို့စခန်းတွေကို ခုလပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ PDF တွေပါ ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး သိမ်းယူတာ တဖြည်းဖြည်းများပြားလာတာတွေ့နေရတာ ဖြစ်ပါတယ်။ မကြာခင် လပိုင်းတွေ အတွင်း ကရင်နီပြည်နယ် မယ်စဲ့မြို့က စစ်စခန်းနဲ့ ရဲစခန်းတခုကို သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မဲဟောင်ဆောင်း ဘက်ကို ဒေသခံ ထောင်ဂဏန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အဖြစ်တွေ ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီအဖြစ်အပျက်တွေ နောက်မှာ ကရင်ပြည်နယ် မြဝတီမြို့နယ်က စစ်ကောင်စီနဲ့ BGF တွေ ထိန်းချုပ်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ကေအန်အယ်လ်အေနဲ့ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့ပြီး ထိန်းချုပ်ထားတာ လက်ရှိ အချိန်ထိဖြစ်ပါတယ်။ ခုရက်ပိုင်းမှာတော့ ကရင်ပြည်နယ်ထဲက တပ်မဟာ ၆ နယ်မြေထဲက ရေတံလျှောက် စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ဆုံး သိမ်းယူခဲ့တဲ့ စခန်းဟာ ကော့ကရိတ်မြို့နယ်ထဲရှိပြီး ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်တလျှောက် အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေက တခုပြီး တခု တိုက်ခိုက်သိမ်းယူလာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အခုလို နယ်စပ်မျဥ်းအနီးက စခန်းတွေကို မကျအောင် အစွမ်းကုန် မကာကွယ်နိုင်တော့ သည့် သဘောလည်း ဖြစ်နိုင်သလို၊ မြို့တွေကို ပိုအဓိကထား ထိန်းချုပ်ကာကွယ်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပီဒီအက်ဖ်တွေ ယမန်နှစ်တွေက မြို့တွေကို ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်ဖို့ သို့မဟုတ် စစ်ကောင်စီရဲ့ စစ်ရေးအရ စိုးမိုးမှုကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ကရင်နီဒေသမှာ လွိုင်ကော်မြို့က ရပ်ကွက်အချို့ကို တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်၊ မိုးဗြဲ၊ ဖယ်ခုံစတဲ့မြို့အနီးတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေရှိခဲ့ပြီး အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းက အကူအညီနဲ့ ခုခံတိုက်ခိုက်ခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပီဒီအက်ဖ် အဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ရေးအရ နေရာယူစစ်လို့ ဆိုနိုင်မယ့် မြို့တွေကို တိုက်ခိုက်သိမ်းယူဖို့ အဆင့်ကို တက်လှမ်းဖို့ အနေအထားက တော်လှန်ရေး တပ်ဖွဲ့တွေဘက်မှာ ရှိတဲ့ လက်နက်၊ ယန္တရား လေကြောင်းရန် အကာအကွယ် စတာတွေ မလုံလောက်သေးတဲ့ အနေအထားလည်း ဖြစ်နိုင်တာကြောင့် မြို့တွေကို သိမ်းယူဖို့ ရည်မှန်းချက်ကို ပြန်လည်သုံးသပ်ပြီး နယ်စပ်စစ်စခန်းတွေကို ရည်ရွယ်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ၄င်းတို့ရဲ့ တပ်ရင်းတွေ၊ အခြေစိုက်စခန်းတွေ၊ မြို့တွေရဲ့ အုပ်ချုပ်ရေးကို ထိန်းချုပ်ဖို့ကို ပိုပြီးအာရုံစိုက်နေရတဲ့ အနေအထားဖြစ်လာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တပ် အင်အားနည်းပါးလာနေသလို နယ်စပ်စခန်းတွေရဲ့ ဝိုင်းတိုက်ခံနေရတဲ့ အနေအထား လေကြောင်းအကူအညီ ရတာမှန်ပေမယ့် မြေပြင်မှာ အကျအဆုံးများတဲ့ အနေအထားက စစ်ကောင်စီတပ်တွေကို စိတ်ဓါတ်ကျဆင်းစေတာဖြစ်ပြီး လွယ်လွယ်နဲ့ စွန့်ခွာနေကြတဲ့ လက္ခဏာလည်းတွေ့လာရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက ကရင်နီပြည်နယ် နဲ့ ကရင်ပြည်နယ် ပဲခူးတိုင်း အရှေ့ဘက်အခြမ်းက ဒေသအချို့မှာ ဖြစ်ပျက်နေတဲ့ အနေအထားဖြစ်ပြီး တနိုင်ငံလုံး အနေအထားတော့ မဟုတ်သေးပါဘူး။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းလို နယ်စပ်ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ လမ်းကြောင်းတွေ၊ ကျေးရွာတွေ နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးတွေ ရှိနေပေမယ့်လည်း စခန်းတွေ သိမ်းယူတာမျိုး အနေအထား မတွေ့ရသေးတာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် အကဲဖြတ်ကြည့်ရရင် ပြီးခဲ့တဲ့ ၆လ ၁ နှစ်တာကာလအတွင်း ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ဒေသတွေမှာ စစ်ကောင်စီရဲ့ စစ်ရေးအရ ထိန်းချုပ်ထားနိုင်မှု၊ နယ်မြေစိုးမိုးထားနိုင်မှုကို သိသိသာသာ လျော့ကျလာစေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပီဒီအက်ဖ်ပူးပေါင်းအဖွဲ့ စိုးမိုးထိန်းချုပ်မှုပိုများလာနေတာ ဖြစ်ပြီး တိုင်းရင်းသား နယ်မြေအားလုံး အတိုင်းအတာနဲ့တော့ မဟုတ်သေးတဲ့ အချက်ကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar