Breaking News

ရဲဘော်တေး - တစပြင်ညများ

ရဲဘော်တေး - တစပြင်ညများ

(မိုးမခ) အောက်တိုဘာ ၇ ၊ ၂၀၂၃


ည ည အိပ်မပျော်တာ ကြာပြီ။

နောက်သီးတဲ့အသီးက ပိုကြီးဆိုသလို တပ်မှာ ကိုယ့်ထက် ပိုခိုးနိုင်သူတွေချည်းမို့ စိတ်ကျပြီး အိပ်မရ။ ကိုယ် တိုင်းမှူးဘဝနဲ့ ကာချုပ်နှစ်ဆက်စာ နွှာထားသမျှတွေကို တရက်ထဲနဲ့အပိုင်သိမ်းချင်တဲ့ကောင်တွေက ကျားချောင်းချောင်းလိုက်၊ ဗျိုင်းစောင့်စောင့်လိုက်။ ဒီလိုလုပ်ဖို့ကလဲ ဘဘနားစားတာကမှ အခွံနွှာနေရအုံးမယ်။ ကိုယ့်ကိုမို့ကိုင်နိုင်ရင် သူဌေးတင်မက ကယ်တယ်ရှင်သူရဲကောင်းက ဖြစ်အုံးမယ်။ ဒါ့ပြင် သားစဉ်မြေးဆက် သမိုင်းတခုလုံး ဖူးဖူးမှုတ်ခံထားရမှာလေ။ ဘယ်သူ မလုပ်ပဲနေမလဲ။ ကွန်ပြူတာခေတ်မျိုးဆက်တွေက ဘာမဆို ရှော့ကတ်ကီးဘဲ တီးတဲ့ကောင်တွေ။ ဟူး။  

မိုးမြင့်ထွန်းတို့ဂရု ကိုယ့်ကိုတောင် အထာမထားကြတော့ အဲဒီမသာများကို စိတ်နာသော်လည်း အိပ်ရာထဲမှာဘဲ ကြိတ်ကာဖြေနေရတဲ့ ဘွဆိုးကိုတွေးလိုက်တိုင်း ရင်ထဲ မီးစထိုးထားသလို။ ဒီတယောက်ကိုသာ စွတ်ရွတ်ပြီး လက်ဦးမှုယူနိုင်လိုက်လို့။ နောက်ထပ် ဘယ်သူ့မှ သွားလဲ မဟောက်ရဲ ဖြဲဖို့ဆိုဝေး သွေးပျက်ညတွေပါ။ ဒီတယောက်တောင် အရမ်း မကြမ်းရဲ။ သူခိုးဖွတ် စိုးထွဋ်လက်ထဲမှာလဲ ‌ဒေတာတွေအပြည့်။ အဲဒေတာတွေ ဘယ်လွှဲထားမှန်းမသိလို့ မတို့ မထိဝံ့။ ကျား အတောင်ပံတပ်ပေးသလို စစ်သားကနေ ရဲဖြစ်သွားတော့ ဒီကောင်ကလဲ ရဲကျင့်ရဲကြံပါ တတ်သွားပြီလေ။ မလွယ်ဘူး။ အကျပ်ကိုင် ခြိမ်းခြောက်တဲ့နေရာမှာ ရဲကို ဘယ်သူမီမလဲ။ မာန် သူ့ဖို့ပါဘဲ၊ ဟန်ဘဲ ကိုယ့်ဖို့ကျန်တော့တာ။ 

ကိုယ်အိပ်ရာထက် သက်ပြင်းသက်မ ချပြီးရင်းချနေတော့ ကြူခေါက ထထိုင်။ မီးရောင်မှိန်မှိန်မှာ အုတ်ဂူတွေလိုလို ပရိဘောဂတွေကြား ဆံပင်စုတ်ဖွား သွားခေါခေါအဖွားကြီးတယောက် ငေါက်ကနဲထလာတာကို မြင်ရတာဟာ ဘယ်လောက်ချောက်ချားရတယ်ဆိုတာ။ ဒီထရောမာကိုရော ဘယ်သူနားလည်မှာလဲ။ ဘုရင်ဖြစ်တယ်သာ ဆိုတယ်။ ဘယ်မလဲ မင်းစည်းစိမ်၊ ကင်းမြီးလိမ် စွယ်ကျိုးလို ဘယ်မှ ထိုးလို့မရတဲ့ ဘဝပါဘဲလေ။ 

တွေးလေ သွေးလေချောက်ခြား ကြောက်အားပိုလေ။ ပီဒက်တွေ လက်နက်ကိုင်မယ်ဆိုတော့ ဆော့စရာလောက် ထင်ခဲ့တာ။ ခုတော့ အိုင်တီခေတ်မှာ လေတပ်ဆိုတာ ကွင်းမလိုမှန်း လေယဉ်မှူးမလိုမှန်း လေယဉ်ပါမလိုမှန်း အသိနောက်ကျခဲ့။ ဆာဆာ့ဟားမိ အပြစ်ရှိ။ အဆုံးဆုံးကတော့ မိုင်တဲတာဝါတိုင်ကို သူတကာထက်ထူး ပိုက်နဲ့ ကိုယ်တိုင်တည်ဆောက်မိခဲ့တဲ့ရူးနှမ်းမှု။ ကိုယ့် မိုင်တဲမမတွေနဲ့ သမခံရတော့ တပ်ထဲကလဲ ဆဲပြီးရင်းဆဲ၊ ကြိမ်းပြီးရင်ကြိမ်း၊ ဂဒါဖီကို မြင်ယောင်လာပြီး လက်က စအိုဆီရောက်ရောက်သွားမိတာတောင် ခနခန။ ဘယ်နေ့ ကိုယ့်ပိုက်နဲ့ ကိုယ့်ဗိုက်ခေါင်းမွှေခံရပါလိမ့်ပေါ့။ 

ခေါသနီမဘက် လှည့်ကြည့်မိတော့ မချိရင်မှာ ထိုးထိုးနာ။ အင်း သူပါ၊ အို မတွေးရဲစရာ။ ယူအန်ကိုယ်စားလှယ်မကြီးလာတုန်းက မြေးတွေအရေး သတိပေးသွားပေမယ့် ဟားခဲ့။ ကုတ်လိုက်ရုံနဲ့ အယားပျောက်မယ်ထင်ခဲ့သကိုး။ ကုတ်လေ ယားလေ၊ ယားလေ ကုတ်လေနဲ့ သွေးစိမ်းရှင်ရှင်ထွက်တာတောင် အယားမပျောက်မှ သွေးထဲသားထဲက လာမှန်းသိ။ အသားတစ်တွေ တစစီဖြစ်နေတဲ့ကလေးလေးတွေပုံတွေမြင်တုန်းက ပြုံးနိုင်ခဲ့ပေမယ့် ခြေနေက မြေးလေးတွေအရေး မတွေးလို့မရတော့။ တွေးမိရင် သွေးပါ ဆုတ်သွား။ ဂုတ်လဲ ယားလာ။ သူတို့ ဘယ်သွားကြမလဲ၊ သူတို့ကို ဘယ်ထားရမလဲ။ သူတို့ လုံခြုံရာ ဘယ်မှာလဲ။ ရှင်းလင်းတဲ့အဖြေမရှိ။ ရှရှားလား၊ ဝါးတားတား။ တရုတ်လား၊ စိတ်မချရ။ ဒူဘိုင်းလား၊ ဂျီနိုဆိုက်စွဲချက်ထဲ ဝကွက်အပ်သလိုဖြစ်မယ်။ ပိုဆိုးတာက သူတို့မိသားစုကို ဘယ်ဗိုလ်ချုပ်က ထွက်ခွာ

ခွင့်ပေးမလဲ။ နိုး။ အဲအဖြေကတော့ သေချာတယ်။ အန်ကယ်ကြီးကလဲ နိုးမှာဘဲ။ 

ဟိုကောင် လက်ဖက်ခြောက်။ အဲကောင်ကလဲ လက်ဖက်ခြောက်ဆိုတဲ့အတိုင်း ရေနွေးကြမ်းဝိုင်းလောက်ပဲ အလုပ်ဖြစ်တာ။ ဘာ့လို ပင်စင်မယူသေးတာလဲ မေးတဲ့ အင်တာဗျူးတခုမှာ တပ်မှာ ဆက်ခံမယ့်အရည်အသွေးမီသူမရှိလို့လို့ ဖြေတာကို သူလုံးဝ မကျေနပ်။ မကျေနပ်လဲ မတတ်နိုင်။ တနေ့ကလဲ အဲကောင်က စာမတတ်လို့ တော်လှန်ကြတယ်ပြောလို့ ခု အသုံးလုံးသင်တန်းဖွင့်ဖို့ လုပ်နေကြ။ အိုင်တီခေတ်နဲ့ အသုံးလုံး ဘုန်းကြီးနဲ့ဘီးလေ။ သူက အဲလိုကြောင်တော့ လွှဲလို့မဖြစ်။ မကြောက်လို့တော့မရ၊ သေနတ်တွေက သူ့လက်ထဲမှာ။ တပ်က သူ့လက်ထဲမှာ။ လူမိုက်လက်ထဲ သေနတ်ရှိတာ ပြဿနာမဟုတ်လား။ 

ကိုယ်က အာဏာသိမ်းခေါင်းဆောင်ဆိုတော့ အုပ်ချုပ်ရေးဘဲလုပ်နေရ။ ရှင်းရှင်းပြောရရင် ကိုယ်လဲ မအုပ်ချုပ်တတ်။ ကိုယ့်ဘာသာ အုပ်ချုပ်လို့မရစေရနဲ့ တိုင်ပတ်နေတုန်း ဆန်ရှင်တွေနဲ့ ရုန်းမရကန်မရဖြစ်လာ။ ဒလန်နဲ့ အုပ်ကြီးမှန်သမျှ ကိစ္စတုံးနေကြတော့ ခုဆို အုပ်ကြီးတောင် လုပ်မယ့်သူမရှိ။ လူအလဲ ကုန်သလောက်ဖြစ်။ ရပ်ကျေးမှာ အုပ်ချုပ်မရရင် ပလုံပြီ။ အုပ်ကြီးလုပ်ရဲအောင် အစောင့်ပေး ချကျွေးရတဲ့ စစ်သားကလဲ တအိအိနဲ့ကုန်လာ။ ပင်စင်စားတွေလဲ သိပ်ခေါ်လို့မရ။ တပ်က ရေတိုက်စားတဲ့ ကမ်းပါးလို တအိအိပြိုလာ၊ မကြာခင် ဝေါဝေါဆို တဖျောဖျောနဲ့ ပါသွားတော့မှာ။ ခုဆို အာဏာက ဘယ်သူ့ကို ပြန်အပ်ရမှန်းမသိ။ ဘယ်ကောင်မှလဲ လက်မခံရဲ။ သေသွားတဲ့စစ်သားတွေအတွက်လဲ တရားခံမဖြစ်လို့မရ။ အရပ်သားတွေအတွက်တော့ ပြောကို မနေနဲ့တော့။ ကလေးတွေကို အလွန်အကျွံသတ်ထားမိတော့ မြေးတွေကိုလဲ အလွတ်ပေးမယ်မထင်။ အညာသူမကြီးတွေ မျက်စိထဲ ဝင်ဝင်လာ။ 

အိုး မိုးလင်းပါပကော။ ဝပ် ဖရွန် ဟုမ်းမရှိတဲ့ဘဝဆိုး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar