ဖရူဆို မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သောင်းကျော်ထွက်ပြေး၊ ကရင်နီပြည်နယ်ရဲ့ ထူးခြားချက်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၃
ဖရူဆို မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သောင်းကျော်ထွက်ပြေး၊ ကရင်နီပြည်နယ်ရဲ့ ထူးခြားချက်
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် တာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံသောင်းကျော် နေအိမ်တွေကနေ ထွက်ပြေးနေရတယ်လို့ RFA မြန်မာဌာနရဲ့ သတင်းထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ ကရင်နီပြည်နယ်က ဒေသအများအပြားကို ကရင်နီတပ်မတော်လို့ ခေါ်ဆိုကြတဲ့ ကရင်နီတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားကြပြီး စစ်ကောင်စီ တပ်တွေက မြို့တွေ၊ တပ်ရင်းအခြေစိုက်စခန်းတွေ၊ တပ်လေ့ကျင့်ရေးသင်တန်းကျောင်းလို နေရာတွေမှာ အခြေစိုက်ထားပြီး ခြေကုပ်ယူထားကြဆဲ အနေအထားလို့လည်း နားလည်ရပါတယ်။
နယ်မြေ အနေအထားအရ ဒေသအများအပြားကိုတော့ ကရင်နီတပ်မတော်က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို လက်လွှတ်မဆုံးရှုံးသွားအောင် မြို့တွေ တပ်ရင်းအခြေစိုက်နေရာတွေကို ကြိုးစားထိန်းသိမ်းထားတဲ့ အနေအထားလို့ ယူဆရတာဖြစ်ပါတယ်။
ကရင်နီဒေသဟာ လူဦးရေအားဖြင့်ရော နယ်မြေအကျယ်အဝန်းအရရပါ အနည်းပါးဆုံးနဲ့ အကျဥ်းဆုံးထဲက ပြည်နယ် တခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှု အပြင်းထန်ဆုံး ဒေသတခုလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာကတည်းက တည်ရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KNPP လိုအဖွဲ့နဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ KNDF လို လက်နက်ကိုင် အဖွဲ့သစ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ အချို့သော ဒေသတွေနဲ့ မတူခြားနားတာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုနဲ့ နိုင်ငံရေးအရ စုစည်းထားမှုကို အခြားသော ဒေသတွေက အားကျကြတဲ့အနေအထားလည်း ဖြစ်ပါတယ်။
ကရင်နီပြည်နယ်ရဲ့ စုစည်းမှု အနေအထားကို လက်နက်ကိုင် အင်အားစုတွေအကြား နိုင်ငံရေးအင်အားစုတွေ အကြား အတုယူကြ အားကျကြတာ ဖြစ်ပြီး ကရင်နီပြည်နယ်ရဲ့ ထူးခြားချက် လူမျိုးစု တစုထည်း စုစည်းနေမှု နေရာဒေသအားဖြင့် မကျယ်ပြန့်ပဲ စုစည်းနေတဲ့ အနေအထားတွေကြောင့်လည်း အခုလို စစ်ရေးအရ၊ နိုင်ငံရေးအရ စုစည်းဖို့ လွယ်ကူတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကရင်နီပြည်နယ်လို စစ်ရေး နိုင်ငံရေးအရ စုစည်းမှု မရနိုင်သေးတဲ့ ဒေသတွေမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ် စတဲ့ ဒေသတွေဖြစ်ပါတယ်။ လက်နက်ကိုင် လှုပ်ရှားမှုအားဖြင့် အရှိန်ကောင်းပေမယ့် စုစည်းမှု အားဖြင့် လိုအပ်ချက်တွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။ စစ်ရေးစုစည်းမှု အတွက် အခြေခံက နိုင်ငံရေး စုစည်းမှုက အခြေခံလိုအပ်ချက်လည်း ဖြစ်ကောင်းဖြစ်မယ်လို့ ယူဆရပါတယ်။ နိုင်ငံရေး စုစည်းမှုအခြေခံပေါ်မှာ စစ်ရေးအားဖြင့် စုစည်းမှု ခုခံမှုနဲ့ စစ်ကောင်စီတပ်တွေရဲ့ စိုးမိုးမှုဒေသတွေကို နေရာဝင်ယူနိုင်မှုတွေကို တည်ဆောက်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသောသတင်းအကြောင်းအရာ တခုကတော့ အောက်တိုဘာ ၄ ရက်နေ့က ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲက ဒူးပလာယာ ခရိုင်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ ဒူးပလာယာ ခရိုင် နို့တကောမြို့နယ်ထဲက စစ်ကောင်စီရဲ့ အထိုင်စခန်း ဖြ်စတဲ့ ကွီလုံးတိုင် တပ်စခန်းကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်အင်အား လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာပို့ဆောင်စဥ် ကြိုတင်လမ်းရှင်းတဲ့ အနေနဲ့ စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချခဲ့တာလို့ သတင်းတွေထဲ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ ခရစ်ယာန်ဘုရားကျောင်း တကျောင်းကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ပြီး လူသေဆုံးမှုတော့ မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
မကြာသေးခင် ရက်ပိုင်းက ကေအန်ယူ ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ ဒူးပလာယာ ခရိုင်ဥက္ကဌ ဖြစ်သူ ပဒိုစောရွှေမောင်း နဲ့ ကေအန်ယူ ကာကွယ်ရေးဌာနမှူးဟောင်း တို့ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဌ နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် NCA နှစ်ပတ်လည် အခမ်းအနားမတိုင်ခင် စစ်ကောင်စီရဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ကြိုးပမ်းတဲ့ လုပ်ဆောင်မှုတခု လို့ယူဆရတာ ဖြစ်ပါတယ်။ အဲလို အခြေအနေမျိုးမှာပဲ အခုလို တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေကို လေကြောင်း ဗုံးကြဲမှု တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရှေ့နောက်မညီတဲ့ လုပ်ဆောင်မှု တခု၊ စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ စစ်မျက်နှာများစွာကို တပြိုင်ထည်းဖွင့်နေရစဥ်မှာ အချို့သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်မျက်နှာထဲက နည်းပရိယာယ်အရ လျော့ချဖို့ ကြိုးစားမှုတရပ်အဖြစ်သာ ရှုမြင်နိုင်ပြီး တဖက်မှာလည်း ရိုးသားမှုမရှိတာကို အခုလို တိုက်ခိုက်မှုတွေက ပေါ်လွင်ထင်ရှားစေတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar