Breaking News

စစ်အာဏာရှင် စနစ်ဖယ်ရှားရေး ပန်းတိုင်နဲ့ ခရီးလမ်းပေါ်က စိန်ခေါ်မှုတွေ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၃၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၃


စစ်အာဏာရှင် စနစ်ဖယ်ရှားရေး ပန်းတိုင်နဲ့ ခရီးလမ်းပေါ်က စိန်ခေါ်မှုတွေ 

နေ့စဥ် သတင်းတွေကို ဖတ်ရှုရတဲ့အခါ လက်နက်ကြီး ကျည်ကျပြီး နေအိမ်မှာ ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ၊ ကျေးရွာတွေကို စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့သတင်း၊ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဘယ်နှဦးသေဆုံးကာ လက်နက်သိမ်းဆည်း ရရှိတဲ့ သတင်း၊ မြို့တွေပေါ်မှာ စစ်ကောင်စီဘက်က ဖမ်းဆီးပြီး နှိပ်စက်မှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ သတင်း၊ ကျေးရွာတွေက နေအိမ်တွေ ဘယ်လောက်အရေအတွက် မီးရှို့ခံရတယ်ဆိုတဲ့ သတင်းနဲ့ မြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ပစ္စည်းယူပြီး သတ်ဖြတ်သွားတဲ့ ရာဇဝတ်မှု သတင်းတွေက နေ့စဥ် သတင်းတွေထဲ ဖတ်ရှု မြင်တွေ့နေရတာ ဖြစ်ပါတယ်။ 

လူတဦး နှစ်ဦးလောက် အသက်ဆုံးရှုံးတဲ့ ဖြစ်စဥ်လိုမျိုးဆိုရင် စိတ်ဝင်စားစရာ သတင်းလို့တောင် မသတ်မှတ်နိုင်လောက်အောင် ဟိုနေရာ သည်နေရာမှာ နေ့စဥ်  ဖြစ်ပွားနေတာ ဖြစ်ပြီး၊ အရပ်သား ၄/၅ ဦးထက်မနည်း အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်မျိုးလို၊ လူနေအိမ် ဆယ်ဂဏန်းနဲ့ချီ မီးရှို့ခံရတဲ့ သတင်းမျိုးလိုမှ အနည်းငယ် ထူးခြားတယ်လို့ တွေးမိစေတဲ့ အနေအထားဖြစ်လာတာပါ။ ဒိထက်ပိုပြီး လူဆယ်ဂဏန်းနဲ့ချီ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်မျိုး တွေဆိုရင်တော့ ထူးထူးခြားခြား အာရုံစိုက်ခံရတဲ့ သတင်းလို့ မှတ်ယူစရာ၊ အာရုံစိုက်စရာ သတင်းဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ကရင်နီဒေသ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေ့စဥ်လိုလို တိုက်ခိုက်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှု၊ အရပ်သားတွေ သတ်ဖြတ်ခံရမှု၊ လုပ်ကြံသတ်ဖြတ်မှု ဖမ်းဆီးခံရပြီး အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်တွေက နေ့စဥ် ဘဝတွေလို ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေက လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေချိန်မှာ မလွဲမသွေကြုံကြရမယ့် အဖြစ်အပျက်တွေလို့လည်း တွေးဆစရာ စောဒကတက်စရာ ရှိနိုင်ပါတယ်။ အရင်းအနှီးမရှိပဲ အောင်ပွဲမရနိုင်ဘူးဆိုတာမျိုး ယုတ္တိဗေဒ၊ ကောက်ချက်ချမှုတွေနဲ့ စောဒက တက်နိုင်ပါတယ်။ 

ဆယ်စုနှစ် တခု နှစ်ခုကြာတိုင်း စစ်အာဏာသိမ်းမှု ဖြစ်ပွားကာ နိုင်ငံရဲ့အာဏာကို တကြိမ် သိမ်းယူတာမျိုး နောက်ထပ်မကြုံရအောင် စစ်အာဏာရှင်စနစ်ကို အမြစ်က ဖယ်ရှားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို နွေဦးတော်လှန်ရေး ပေါ်ထွက်လာတာလို့လည်း ယေဘုယျအားဖြင့် နားလည်ထားကြတာဖြစ်ပါတယ်။  အာဏာသိမ်း စစ်ကောင်စီကို ဖြုတ်ချရေးမှာ အဖွဲ့အစည်းအများအပြား ဘုံသဘောတူညီမှု ရခဲ့တဲ့ အနေအထားဖြစ်ပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေဆီ ဦးတည်လျှောက်လှမ်းခဲ့ကြတဲ့နောက် ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ပြည်တွင်းစစ်ဖြစ်ပွားမှုက ကျယ်ပြန့်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေ ကောင်းစွာ ထိန်းချုပ်အုပ်ချုပ်ထားနိုင်တဲ့နယ်မြေတွေ အများအပြား စစ်စခန်းတွေ၊ တပ်ရင်းတွေ၊ မြို့နယ်ရုံးတွေနဲ့ မြို့ဧရိယာထဲမှာလောက်သာ အာဏာ သက်ရောက်တော့တဲ့ အနေအထားတွေ လည်း ရောက်ရှိလာတာ ဖြစ်ပါတယ်။ အောင်ပွဲက ဒီနှစ်ကုန်မှာ သို့မဟုတ် လာမယ့်နှစ်မှာလို့ စသဖြင့် လူထုနဲ့ လက်နက်ကိုင် အင်အားစုကို စိတ်အားတက်ကြွအောင် စည်းရုံးပြောဆိုမှုတွေလည်း မကြာခဏ ပေါ်ထွက်လာပေမယ့် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုက နှစ်နှစ်ကျော်ကာလ အထိဝင်ရောက်လာပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မသက်ရောက်နိုင်အောင်၊ စစ်ကောင်စီတပ်တွေ တတိတတိ လျော့နည်းလာအောင် တိုက်ခိုက်နိုင်တဲ့ အနေအထားဖြစ်ပေမယ့် အဆိုပါ လစ်ဟာသွားတဲ့ ဒေသတွေ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးမှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုးထိ မရောက်ကြတာ အများစုဖြစ်ပါတယ်။  အများစု အနေအထားက စစ်ဘေးရှောင် စခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ အခြေအနေပေးရင် ဖွင့်လှစ်ရတဲ့ ပညာသင်ကြားရေးမျိုး၊ ယာယီစခန်းတွေမှာ ရှိတဲ့ ပစ္စည်းပစ္စယနဲ့ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနေရာမျိုးနဲ့ ရိက္ခာအတွက် ရှိသမျှကို ဝေမျှစားသောက် နေထိုင်ရတာ၊ အကူအညီပေးမယ့် အဖွဲ့အစည်းတွေကို စောင့်မျှော်အားကိုးနေရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ပြည်တွင်းစစ် ဖြစ်ပွားနေမှတော့ အခုလို အခြေအနေမျိုးဟာ ရှောင်လွှဲလို့မရနိုင်ဘူးဆိုတဲ့ ယူဆချက်၊ ဆင်ခြေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ သန်းခွဲကနေ ၂ သန်းနီးပါးအရေအတွက်က ပြည်တွင်းမှာ မိမိတို့ရဲ့ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အနေအထားဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းနီးပါးရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒါတွေက စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် ရင်းနှီးရတဲ့ အရင်းအနှီးတွေလို့ ဆိုရင် မမှားပေမယ့် အရင်းအနှီးနဲ့ ထိုက်တန်တဲ့ အောင်ပွဲရရှိအောင် တဖက်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အကြားညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံသဘောတူညီချက်နဲ့ အရေးကြီးဆုံးဖြစ်တဲ့ မဟာဗျူဟာ နည်းဗျူဟာ မှန်ကန်ဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ 

အရင်းအနှီးရှိတိုင်း အောင်ပွဲခံတာမဟုတ်တဲ့ အချက်ကို သတိပြုဖို့လိုပါတယ်။ အရင်းအနှီးက မရည်ရွယ်ဘဲ ပေါ်ထွက်လာတဲ့ အကျိုးဆက်တွေဖြစ်နေပြီး ကြိုးပမ်းမှုတွေက အောင်မြင်မှုရဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေဖို့လည်း မရှိမဖြစ်လိုအပ်တာကြောင့် စစ်အာဏာရှင် စနစ်ဖြုတ်ချရေး အင်အားစုတွေအကြား စုစည်းမှု ဘုံသဘောတူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခြင်း မရှိနေခြင်းကို ကြည့်ပြီး အောင်ပွဲက ဘယ်လောက်အကွာအဝေးမှာ ရှိမလဲဆိုတာ မှန်းဆနိုင်လိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar