ဆု ဘိုး မိ - ပျော်ရွှင်ပါရဲ့လား
ပျော်ရွှင်ပါရဲ့လား
ဆု ဘိုး မိ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၃
..
..
မေးခွန်းက
နိုင်ငံတော်နဲ့ဆိုင်လာပြီ ။
မပျော်ပါးနိုင်သော နှလုံးသားများနဲ့
မရွှင်လန်းလိုသော ခံစားချက်များကသာ
လိုအပ်သော သယံဇာတတွေဖြစ်ခဲ့ပြီ ။
ရရှိထားသော အောင်မြင်မှုတွေဖြစ်ခဲ့ပြီ ။
ချစ်ခြင်းကိုဆက်လက်ထွန်းညှိဖို့ -
လောင်စာတွေဖြစ်ခဲ့ပြီ ။
ပျော်ရွှင်ပါရဲ့လား ...
ပျော်ရွှင်လျက်ပါဆိုရင်ဖြင့်
အရာရာဆီက
နှုတ်ထွက်လိုက်ပါရစေ ။
ခွဲတမ်းတခုလိုရယူခဲ့ရတဲ့
မျက်ရည်စက်လက် ယန္တယားကြီးကို
နှလုံးရည် ရေချိန်နဲ့သာ
မနားတမ်းမောင်းနှင်ရဦးမှာမို့
ခင်ဗျားလည်း လေးလံခွင့်ရှိပါတယ် ။
အငိုအားလုံးဆုံးသွားတဲ့တနေ့
မမေ့သေးတဲ့ရှင်သန်မှုမျိုးနဲ့ပြန်ဆုံကြတဲ့အခါ
အရင်ဆုံးပြုံးပြဖို့ သာဆန္ဒပြုထားခဲ့ပါ့မယ် ။
လက်သီးဆုပ်ထဲမှာထည့်ထားသမျှ
ကျွတ်ဆတ်နာကျင်မှုတွေချည်းပဲမို့
လေပြင်းတချက်လည်းအထိမခံနိုင်တာကို -
နားလည်ပါ .. ။
ကျကျနနပတ်သက်ထားရတဲ့
အော့နှလုံးနာစရာ ကာလကြီးထဲမှာ
ကြင်နာဖွယ်စကားမဆိုဖြစ်တာကိုလည်း -
ခွင့်လွှတ်ပါ .. ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar