Breaking News

လေခဏီ - လာဘ်ကိစ္စမှာ ရန်သူမရှိ


လေခဏီ - လာဘ်ကိစ္စမှာ ရန်သူမရှိ

(မိုးမခ) အောက်တိုဘာ ၁၇ ၊ ၂၀၂၃


အုပ်ချုပ်ရေးနဲ့အတူတူ တွဲပါလာတာကတော့ လာဘ်ပေးလာဘ်ယူမှုပေါ့။ 

အုပ်ချုပ်ခွင့်၊ စီမံခွင့်၊ တရားစီရင်ခွင့် ရှိတယ်ဆိုရင် အဲဒီနေရာတွေနဲ့အတူ တပြိုင်နက်တည်းပါလာတာက လာဘ်စားခွင့်၊ လာဘ်ပေးလာဘ်ယူခွင့်ပဲ။ အဲတော့ အုပ်ချုပ်ရေးနဲ့အတူ လာဘ်ပေးလာဘ်ယူမှု အားကောင်းလာပြီဆိုလို့ရှိရင် အဲဒါအစိုးရတစ်ဖွဲ့ပြုတ်ကျဖို့မှာ အမြန်ဆုံးနည်းလမ်းနဲ့ အကောင်းဆုံးနည်းလမ်းပဲ။ သေနတ်နဲ့ ပစ်ချတာထက် စိတ်ချရတယ်။ ကျည်ဆံထက်ကို စိတ်ချရတယ်။ အဲဒါက အခုကာလမှာ အင်မတန်အရေးကြီးတဲ့ဟာလို့ ယူဆရတယ်။ စစ်အုပ်စု အစစအရာရာ နိမ့်ပါးနေတယ်ဆိုတာ ပြည်သူလူထုက ရွံနေလို့၊ ပြည်သူလူထုက သိပ်အမြင်ကတ်နေလို့၊ ပြည်သူလူထုက မုန်းလွန်းလို့၊ လူသတ်ပြီးတော့ကို လာဘ်စားခဲ့လို့။ ဒါကို သူတို့လည်း သိတယ်။ 

အဲဒီတော့ကျတော့ သူတို့ကလည်း သူတို့ကို အတိုက်အခံလုပ်တဲ့သူတွေကို ပြည်သူလူထုက မုန်းတီးလာတာ၊ ပထမအဆင့်ကတော့ အကြည်ညိုမဲ့လာတာ၊ နောက်တဆင့်ကတော့ မယုံကြည်ထိုက်ဘူး၊ အားမကိုးထိုက်ဘူးလို့ ယူဆလာတာပေါ့နော်။ ဒီလိုဖြစ်လာတယ်ဆိုလို့ရှိရင် သူတို့က တန်ပြန်တော်လှန်ရေးကို ပြန်စတော့မှာပေါ့နော်။ တန်ပြန်တိုက်ခိုက်ရေး ပြန်လုပ်တော့မှာပေါ့။ ဒါဆိုရင်တော့ လူထုက ဝေဝါးသွားပြီ။ ဪ ဘယ်သူတွေလုပ်တာမှ နည်းနည်းတော်ပါသေးတယ်ကွယ်ဆိုတာမျိုး ဖြစ်လာတယ်။ အဲဒါဆိုရင်တော့ မကောင်းဘူးပေါ့နော်။ အဲဒါ အင်မတန်အရေးကြီးတယ်။

အခုဟာက တွေ့တဲ့သူကို တွေ့သလို ကောက်ခန့်ထားရတဲ့ အခြေအနေ ရှိတယ်။ အထူးသဖြင့်တော့ အမတ်တွေက သူတို့နဲ့ partner ကျတဲ့သူတွေ၊ အထူးသဖြင့်တော့ သူတို့ ဩဇာခံတဲ့သူတွေကို သူတို့က recommend ပေးတယ်။ အဲဒီလူတွေကို သူတို့ ခန့်ထားတယ်ပေါ့။ တကယ်တမ်း အမတ်တွေက မြေပြင်မှာရှိနေတာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူး။ သူတို့ကလည်း မြေပြင်မှာ ရှိမနေဘူး။ သူတို့ မြေပြင်မှာ မနေဘဲနဲ့ သူတို့ထိန်းချုပ်လို့ ရတယ်ဆိုကတည်းက ဟန်ကျပန်ကျကောင်တော့ မဖြစ်နိုင်ဘူးပေါ့နော်။ အကြမ်းဖျင်းက ဒီလို အကဲခတ်ကြည့်လို့ရတယ်။ 

သူတို့ အဝေးကနေလှမ်းပြီးတော့ သူတို့ပြောသမျှ နားထောင်ပြီး လိုက်လုပ်ပေးမယ့်သူဆိုထဲက သိပ်ဟန်တဲ့လူတော့ မဟုတ်လောက်ဘူး။ အဲဒီလိုလူတွေက အလွဲသုံးစားလုပ်ဖို့လည်း ပိုပြီးတော့ လက်ယဉ်တဲ့သူတွေပေါ့နော်။ ဒီအမတ်တွေကို ရိုသေလေးစားချင်ယောင်ဆောင်ကတည်းက ကိုယ်ရည်ကိုယ်သွေးကတော့ ပထမအဆင့်က နိမ့်ပါးနေတဲ့ အကောင်ပဲလေ။ အဲဒီလိုကောင်တွေ နေရာရလာပြီဆိုရင် အဲဒီကောင်တွေက ခုနက အုပ်ချုပ်စီမံခွင့်နဲ့အတူ တွဲပြီးတော့ ပေါ်လာတဲ့ လာဘ်စားခွင့်ကြီးကိုလည်း ကောင်းကောင်းလုပ်ကိုင်တဲ့သူတွေ ဖြစ်သွားတော့မှာပေါ့။ 

အခု အုပ်ချုပ်စီမံရေးမှာ NLD အမတ်တွေကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ထီးမွေနန်းမွေရထားတဲ့ သူတွေလို ဖြစ်နေတယ်။ အော်တိုမစ်တစ်ကို အစိုးရလုပ်ရမယ့်သူတွေလိုပေါ့၊ အာဏာယူရမယ့်လူတွေလို ဖြစ်နေတယ်။ သူတို့မှာ လူထုထောက်ခံမှုဆိုတဲ့ဟာကြီးကလည်း သူတို့လုပ်ချင်ရာလုပ်ဖို့ အကာအကွယ်ပေးထားသလို၊ အဲဒီနေရာတွေ ယူခွင့်ရနေသလိုပဲ၊ အဲဒီနေရာတွေ ယူပြီးတော့ လုပ်ချင်ရာလုပ်ဖို့ကို အခွင့်အလမ်း ဖန်တီးပေးထားသလိုပဲ။ အဲဒါ တော်တော်သတိထားသင့်တဲ့ အခြေအနေ ဖြစ်တယ်။  

ပြီးတော့ ဒီကာလကြီးမှာ check and balance မလုပ်နိုင်ဘူး။ ဘယ်သူ့ကိုမှ မထိန်းကျောင်းနိုင်ဘူး။ ခန့်အပ်ထားတဲ့ အဖွဲ့အစည်းကိုယ်တိုင်က မထိန်းကျောင်းနိုင်တာ။ မီဒီယာတွေ ဆိုရင်လည်းပဲ လိုင်းပေါ်မှာ မတင်ရဲကြဘူး။ တဦးချင်းလည်း မတင်ရဲဘူးပေါ့။ Citizen Journalist ဆိုတာတွေကလည်း ဒီကာလမှာ ခေါင်းမပြူရဲဘူး။ သူတို့လည်း သေသွားနိုင်တာကိုး။ မီဒီယာတွေကလည်းပဲ ဝိုင်းပြီးတော့ ရှုတ်ချခံရမှာတွေ၊ သမုတ်ခံရမှာတွေ၊ စွပ်စွဲခံရမှာတွေ ဒါမျိုးတွေက အများကြီးရှိသေးတာကိုး။

ဒီလိုတွေ ဖြစ်လာနိုင်တဲ့အတွက် မီဒီယာအပေါ်မှာလည်းပဲ အများစုက မတင်ရဲကြဘူး၊ တင်မပေးသာဘူး။ မီဒီယာလွတ်လပ်ခွင့်ကလည်း ပိုကျပ်လာတယ်၊ တကယ်တမ်းတော့။ တင်ချင်တာ တင်ခွင့်ပေးထားတယ် ဆိုပေမယ့် ပိုကျပ်လာတယ်။ အဲဒီလိုဆိုတဲ့အခါ အချင်းချင်းလည်း မပြောရဲဘူး။ ဒီ ပသုံးလုံးဟာ အချင်းချင်းက အဆင်ပြေမနေဘူး။ အချင်းချင်းလည်း အချက်အလက်တွေ ချပြခွင့် မပေးထားဘူး။ သတင်းထုတ်ပြန်ခွင့် ပေးမထားဘူး။ သတင်းတင်ခွင့်လည်း ပေးမထားဘူးဆိုတဲ့အခါကျတော့ ဒါတွေက ပိုပြီးတော့ ခြစားဖို့ ကောင်းတယ်၊ ပိုပြီးတော့ လှိုက်စားနေတယ်ပေါ့နော်။ မြစ်အောက်က ရေစီးတွေ ဖြစ်နေတယ်၊ ဒီလာဘ်ပေးလာဘ်ယူမှုတွေက။ 

အုပ်ချုပ်ခွင့်နဲ့ လာဘ်ပေးလာဘ်ယူခွင့်ဆိုတာ အဲဒီလူတွေကို ထိန်းချုပ်ခိုင်းစေဖို့ ဆိုရင်လည်းပဲ အုပ်ချုပ်သူ လူတစ်ယောက်အတွက်၊ အဲဒီအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အတွက်က တကယ့်အခွင့်အလမ်းကောင်းပဲ။ အင်မတန်ခိုင်မာတဲ့ ကြိုးတစ်ချောင်းပဲပေါ့နော်။ လာဘ်ပေးလာဘ်ယူခွင့်တွေ၊ အုပ်ချုပ်စီမံခွင့်တွေ ပေးထားလိုက်ပြီဆိုလို့ရှိရင် အဲဒီကောင်တွေက ကိုယ်ခိုင်းသလို ရသွားပြီ။ ကိုယ် အသုံးချချင်သလို ရသွားပြီ။ အဲတော့ တခါတလေကျရင်လည်း ကိုယ်အသုံးချဖို့ အတွက်၊ ကိုယ် လွှမ်းမိုးချုပ်ကိုင်ထားဖို့အတွက် ဒီလူတွေကို မကောင်းမှု ကျူးလွန်ခွင့်တွေ ပေးလိုက်တယ်။ မကောင်းမှုတွေ ကျူးလွန်ပြီးသွားပြီဆိုလို့ရှိရင် အဲဒီလူတွေက သူ ပြောတာကို မငြင်းဆန်ရဲတော့ဘူး။ 

ဘာလို့တုံး။ အာဏာမဲ့သွားပြီဆိုရင်လည်း ပတ်ဝန်းကျင်က တီးတော့မှာကိုး။ ပတ်ဝန်းကျင်ထဲမှာလည်း သူက နေလို့၊ သွားဖို့က မလွယ်တော့ဘူး၊ အာဏာမရှိတော့ဘူးဆိုရင်။ ဘာလို့ဆိုတော့ သူက လာဘ်စားထားတယ်ဆိုတော့ သူ့ကို ရွံတဲ့၊ မုန်းတဲ့သူက များလာပြီလေ။ မကြိုက်တဲ့သူတွေက များလာပြီပေါ့။ အဲဒါ သူက ပတ်ဝန်းကျင်မှာလည်းပဲ အာဏာမဲ့သွားရင် နေလို့ မဖြစ်တော့ဘူးဆိုတော့ သူ့အပေါ်က ခိုင်းတဲ့ဟာ အကုန်လုပ်တော့တာပဲ။ အဲဒီလို လူတစ်ယောက်ကို ချုပ်ကိုင်ချင်ရင်လည်းပဲ ပြစ်မှုကျူးလွန်ခိုင်းလိုက်တာပေါ့နော်။ အဲဒီဘောင်ထဲလည်း ရောက်သွားတတ်တယ်။

အခုက ပအဖ၊ ပလဖတွေဟာ တကယ့်ဒလန်ကြီးတွေကိုတောင် ငွေယူပြီး ပြန်လွှတ်ပေးတာ လုပ်လာကြ။ အဲဒီလူတွေ ပြန်သွားတော့ တည်နေရာ၊ အခြေနေတွေလည်း ပါသွားတာပ။ ပေါက်စျေးကတော့ တရာအထက်က စတာပဲ။ ကျားကြီးရင် ခြေရာကြီး​တာပဲလေ။ ဘယ်သူမှ စစ်တိုက်ဖို့ အာရုံမရောက်တော့ဘူး။ 

လာဘ်ပေးလာဘ်ယူမှုမှာ ရန်သူမရှိတော့ဘူး ဆိုပါတော့။ အင်း... နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်ဆိုသကိုး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar