Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၂ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၂ )

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၃

16/10/23

Diary in the darkness


ဒီရက်ပိုင်းအတွင်း အစ္စရေးနဲ့ ဟားမတ် (ပါလက်စတိုင်း) သတင်းတွေ ပလူပျံနေတယ်။ 

သာကေတမှာ နေတဲ့ မိတ်ဆွေတယောက်ရဲ့ သားလေး နံပါတ် ၁၀ ကားပေါ်မှာ တယ်လီဖုန်းအလုခံရတဲ့အကြောင်း ဖုန်းနဲ့ လှမ်းအကြောင်းကြားလို့ သိရတယ်။ အလုခံရတဲ့ ဖုန်းကို အသုံးပြုပြီး ငွေလှမ်းချေးရင် မပေးမိဖို့ သတိပေးတာပါ။ သူကို ဘတ်(စ်)ကားပေါ်မှာ လူလေးယောက်က ညပ်ပိတ်ပြီးလုတာတဲ့။ မှတ်တိုင်ရောက်တော့ ဆင်းပြေးပြီး အငှားကားပေါ် တက်ပြေးသွားလို့ မလိုက်နိုင်တော့ဘူးတဲ့။ ဖုန်းက အနည်းဆုံး ၁၀ သိန်းဝန်းကျင်တော့ ပေးရမှာပါ။

ရေဘေးဒဏ်ခံနေရတဲ့ ပဲခူးအရှေ့ခြမ်းက သူငယ်ချင်း ဖုန်းဆက်တယ်။ သူ့ဖုန်း‌ခတွေ ဖုန်းကုမ္ပဏီက လက်ဆောင်ပေးလို့ ခုလို ဖုန်းဆက်နိုင်တာတဲ့။ ဆိုင်ကယ်ကို ပဲခူးအရှေ့ခြမ်းက မိတ်ဆွေအိမ်သွားထားတယ်တဲ့။ ပဲခူးအရှေ့ခြမ်းကို အင်္ဂလိပ်ခေတ်ကတည်းက တာရိုးကာထားတာမို့ ရေမြုပ်လေ့မရှိဘူး။ ခုတော့ ပဲခူးရှေ့ခြမ်းလဲ ရေမြုပ်လို့ သူ့ဆိုင်ကယ်လဲ ပျက်ပြီတဲ့။ ကုန်းမြင့်မှာ တည်ထားတဲ့ ရွှေမော်တောဘုရားကြီးလဲ လှေဆိပ်ဖြစ်နေပြီတဲ့။ ပဲခူးဈေးကြီးလဲ ‌အောက်ထပ်တထပ်လုံး ရေမြုပ်လို့ ပျက်စီးကုန်ပြီတဲ့။ အထူးသဖြင့် ရေမကြီးခင် ညနေကမှ ဈေးထဲကို ရောက်လာတဲ့ ဆန်အိတ်တွေ ရေနစ်ကုန်ပြီ၊ သိန်း ခုနှစ်ဆယ်ဖိုးလောက် ရှိတယ်တဲ့။ ပဲခူဟာ စစ်ဘေး၊ ရေဘေး၊ အပြင် အငတ်ဘေးပါ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

အသိတစ်ယောက်ကတော့ သူ့ချဲလုပ်ငန်း အဆင်ပြေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ငွေမဲတွေ လက်ဝယ်ရှိတဲ့ ဗိုလ်မှူးကတော်တစ်ယောက်နဲ့ ချိတ်မိထားလို့ တစ်လ သိန်း သုံးရာဖိုးလောက် ပုံမှန်ရောင်းနေရတယ်လို့ ပြောပါတယ်။ ဒီကြားထဲ ကြားပေါက်အနေနဲ့ ဗိုလ်မှူးကတော်အတွက် အိမ်ပွဲစား လုပ်တာလည်း အဆင်ပြေတယ်လို့ သိရပါတယ်။ 

အဘွား ပြောတဲ့ ဂျပန်ခေတ်စီးပွားရေးလုပ်ငန်းအကြောင်း ပြန်သတိရတယ်။ ဂျပန်ခေတ်မှာ စီးပွားပျက်ကြတော့ ရာဇဝတ်မှုတွေ ထူပြောလာတယ်။ ရှိတဲ့သူတွေက မရှိ ရှိတာတွေ ထုတ်ရောင်းကြတယ်။ ခေတ်ပျက်သူဌေးတွေက ဝယ်ကြတယ်။ ဝယ်သူနဲ့ ရောင်းသူကြားမှာ ပွဲစားတွေက အလုပ် ဖြစ်ကြတယ်တဲ့။ 

ဒါကြောင့် ထင်ပါတယ်။ ခုအချိန် ညနေဘက်ဆို KTV တွေ၊ night club တွေ၊ bar နဲ့ ဘီယာဆိုင်တွေမှာ လူစည်ကားနေကြတာ။ 

ဘီယာ ဆိုလို့ စကားမစပ် ပြောရဦးမယ် တနေ့က မန္တလေး ဘီယာစက်ရုံ ရှော့တိုက်ဗုံး ထိမှန်တဲ့ သတင်း တက်လာတယ်။ ပြီးခဲ့တဲ့လကလည်း တရုတ်တန်းမှာ မြန်မာဘီယာ အရောင်းမြှင့်တင်ရေးကို သေနတ်နဲ့ချိန်ပြီး လုပ်ခဲ့ကြသေးတယ်။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တီထွင်လိုက်တဲ့ အရောင်းမြှင့်တင်ရေးပါ။ ဂုဏ်ယူလောက်ပါပေတယ်။ 

သူငယ်ချင်း အဘိုးအို ကျောင်းဆရာကတော့ သူ့ကျောင်းသားတွေအတွက် AI ကိုသုံးပြီး အက်ဆေးတွေရေး၊ လေ့ကျင့်ခန်းတွေ၊ မေးခွန်းတွေ လုပ်နေတယ်။ တော်တော် အဆင်ပြေတယ်လို့ ပြောတယ်။ သူငယ်ချင်းရှေ့နေကလည်း AI သုံးပြီး လျှောက်လဲချက်ရေးဖို့ ကြိုးစားနေတယ်။ AI ဟာ စွမ်းဆောင်ရည်ကျလာတဲ့ ဉာဏလုပ်သား အဘိုးကြီးတွေအတွက် အတော်အသုံးဝင်မှာပါ။ ဒါပေမဲ့ အဘိုးကြီးတွေဟာ နည်းပညာပေါ်မှာ သတိလက်လွတ် ယုံကြည်မှုမျိုး မရှိပါဘူး။ အတွေ့အကြုံတွေ ရှိခဲ့ပြီလေ။

လူတွေရဲ့ အားနည်းချက်ကို နည်းပညာတွေနဲ့ ပံ့ပိုး၊ နည်းပညာတွေရဲ့ လိုအပ်ချက်ကို လူတွေကဖြည့်ဆည်း။ ဒီလိုနဲ့ ဆင့်ကဲတိုးတက်ရတာ သဘာဝပါ။ 

နည်းပညာတွေကို ယုံကြည်လွန်း အားကိုးလွန်းရင်တော့ ဒီနေ့ အစ္စရေး - ဟားမတ်(ပါလက်စတိုင်း)စစ်ပွဲမှာ အစ္စရေး အငိုက်မိခံလိုက်ရတဲ့ ဆုံးရှုံးမှုမျိုး ခံရမှာ သေချာပါတယ်။

ပြီးပြည့်စုံမှုဆိုတာ ဘယ်အရာမှာမှ မရှိ။ ဘယ်အခါမှလည်း ရှိမယ် မဟုတ်ပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar