စစ်ပွဲတွေကြားက ဒေသခံတွေရဲ့ ရှင်သန်နေထိုင်နိုင်ရေးနဲ့ ရေရှည်စစ်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၃
စစ်ပွဲတွေကြားက ဒေသခံတွေရဲ့ ရှင်သန်နေထိုင်နိုင်ရေးနဲ့ ရေရှည်စစ်
နေ့စဥ် သတင်းတွေကို ဖတ်ရှုနားထောင်ကြည့်တဲ့အခါမှာ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးခံရတာ သို့မဟုတ် ယူဆောင်သွားခြင်း ခံရတဲ့ သတင်းတွေက နေ့စဥ် သတင်းတွေရဲ့ ထက်ဝက်ကျော်မျှသော သတင်းတွေ ဖြစ်လာနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လအနည်းငယ်အကြာမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေ၊ အဖွဲ့အစည်းတွေက လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ၊ မြို့တွေမှာ ပစ်ခတ်လုပ်ကြံမှုတွေ၊ ဖောက်ခွဲမှုတွေ နဲ့ နယ်တွေမှာ ဖြစ်ပွားလာတဲ့ နယ်မြေစိုးမိုးဖို့ ကြိုးစားတဲ့ တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုတွေ နဲ့အချို့သော စစ်အခြေစိုက်စခန်း သိမ်းယူတဲ့ တိုက်ပွဲတွေက နှစ်နှစ်ကျော်ကာလရဲ့ ဖြစ်စဥ်တွေ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတယ်။ တဖက်မှာ စစ်ကောင်စီလို့ ခေါ်ကြတဲ့ စစ်အာဏာရှင် တပ်တွေကလည်း ရွာတွေကို မီးရှို့တာ၊ ဖမ်းဆီးတာ၊ ဥပဒေမဲ့ သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှု သိမ်းဆည်းတာ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေ လုပ်ဆောင်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုကို ချေမှုန်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲထဲ မပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို စည်းရုံးတာ၊ NCA ဆိုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ထဲကနေ စည်းရုံးထားတာတွေ လုပ်နေပေမယ့် တပြိုင်တည်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုထဲပါဝင်နေတဲ့ အဖွဲ့တွေကို လေကြောင်းက ဗုံးကြဲတာ၊ ပစ်ခတ်တာတွေအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခြေအနေပေါ် တုံ့ပြန်ပြီး အသစ်ဖွဲ့စည်းခဲ့တဲ့ NUG, PDF နဲ့ အခြားသော ဒေသအလိုက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို ကိုင်စွဲလာခဲ့ကြပြီး ၂ နှစ်ကျော် ကြာလာချိန်မှာ ဖြတ်သန်းခဲ့တဲ့ ၂ နှစ်ကျော်ကာလကို ပြန်လည် သုံးသပ်ပြီး စစ်ရေးပိုင်းဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ကောင်း လိုအပ်လိမ့်မယ်လို့ ယူဆစရာရှိလာတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် လမ်းကြောင်းကို စတင်ကိုင်စွဲပြီး လူထုကို စည်းရုံးခဲ့ကြစဥ်က ၆ လ၊ ၁ နှစ် စသဖြင့် အောင်ပွဲခံမယ်ဆိုတဲ့ စည်းရုံးမှုတွေ ရှိခဲ့တဲ့အပေါ် အပြစ်မတင်လိုပေမယ့် အခုချိန်မှာ တော်လှန်ရေးက ၂ နှစ် ၃ နှစ်မက ရှည်ကြာနိုင်တယ် ဆိုတာကို နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ သဘောပေါက်လာချိန်မှာ ဒေသခံတွေအနေနဲ့ အဲလိုအခြေအနေတွေနဲ့ လိုက်ဖက်ညီထွေအောင် ပြင်ဆင်နိုင်ကြဖို့ အသက်ရှင်သန်နိုင်ကြဖို့ အသိပေးပြီး နည်းလမ်းလည်း ပြသပေးနိုင်ဖို့ လိုအပ်လာနေတယ်လို့ ထင်မြင်မိပါတယ်။
နွေဦးတော်လှန်ရေးဟာ ဘယ်နိုင်ငံခြားအစိုးရရဲ့ ငွေကြေးကူညီမှုမှ မပါဝင်ဘဲ၊ လူထုရဲ့ ထည့်ဝင်ကူညီမှုနဲ့ ရှေ့ကိုတိုးနေရတာကြောင့် လူထုအနေနဲ့ ၄င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တတ်နိုင်သမျှ လုပ်ကိုင်နေနိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ မြို့ပြကသူတွေချည်း တော်လှန်ရေးကို ငွေကြေးထည့်ဝင်ကြတာမျိုးမဟုတ်ဘဲ ကျေးလက်က လူထုအနေနဲ့ ရိက္ခာနဲ့ တတ်နိုင်တဲ့ ငွေကြေးစသဖြင့် ထည့်ဝင်ကူညီနေကြတာလည်း ဖြစ်လို့ ဒေသခံ လူထုအနေနဲ့ နေ့စဥ် အသက်မွေးဝမ်းကျောင်းကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်တဲ့အခါ တော်လှန်ရေးအတွက် အကူအညီရရှိမှုလည်း လျော့ကျလာမှာ အသေအချာဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းက တော်လှန်ရေးအတွက် ကူညီကြတာ မှန်ပေမယ့် ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူထုကို လျစ်လျူရှုလို့မရတာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်ပွဲ လက်နက်ကိုင် တိုက်ခိုက်မှုကို ကာလတိုအတွင်း အောင်ပွဲ ရလဒ်ထွက်မယ်လို့ မျှော်လင့်ပြီး လူထုကို အသက်မွေးဝမ်းကျောင်း၊ ပညာရေး၊ စီးပွားရေး စတာတွေကို ဘေးဖယ်ထားပြီး တိုက်ပွဲအောင်ရေးကို ပုံအော ထောက်ခံကြဖို့ နှိုးဆော်ခဲ့ရင်လည်း ကာလ တခုမှာ ပြန်သုံးသပ်ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ရေတိုကနေ ရေရှည်တိုက်ပွဲအဖြစ် ပြောင်းလာပြီလို့ အကဲဖြတ်တဲ့အခါ ဒေသခံလူထု အနေနဲ့ ဒီလိုအခြေအနေအောက်မှာ ရှင်သန်နေထိုင်နိုင်ဖို့ တော်လှန်ရေးကိုလည်း အဲဒီလိုရှင်သန်နေထိုင်မှု အခြေအနေကြားက ကူညီဖို့ နည်းလမ်းပြပေးသင့်ပါတယ်။
ဥပမာအားဖြင့် စစ်ကိုင်းတိုင်းလို မကွေးတိုင်း မြောက်ပိုင်းလို ဒေသတွေမှာ ဒေသခံလူထုအနေနဲ့ ရိက္ခာစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ဒီဒေသတွေမှာ လူဦးရေအားဖြင့် အခြားသောဒေသတွေထက် သိပ်သည်းစွာ နေထိုင်နေကြတာဖြစ်ပြီး စိုက်ပျိုးရေး မွေးမြူရေးကို အဓိက အားကိုးကာ အသက်ရှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ စပါး၊ နှမ်း၊ ပဲ၊ ကြက်သွန်နဲ့ အခြားသော သီးနှံတွေ စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း ပြုကြတဲ့ ဒေသတွေ ဖြစ်ပါတယ်။ သယံဇာတ ထုတ်လုပ်ပြီး အသက်မွေးကြတဲ့ ရာနှုန်းအနည်းငယ်မျှသော လူထုလည်း ရှိပေမယ့် သယံဇာတကို အလွန်အကျွံထုတ်လုပ်ခြင်းက မကြာခင် ရာသီဥတုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့လည်း ပြန်လည် သက်ရောက်လာမှာ ဖြစ်လို့ သတိပြုထိန်းသိမ်းကြဖို့ လိုအပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရွှေမျောတွေ၊ သစ်တွေ ခုတ်ပြီး ရောင်းတာတွေက အဲဒီဒေသကို ဆိုးကျိုးသက်ရောက်မှုတွေ မကြာခင်မှာ ပြန်လည်သက်ရောက်နိုင်တာမို့ တော်လှန်ရေးကာလ ရန်ပုံငွေ ရရှိဖို့အရေးအတွက် အခွန်အကောက်တွေ ရဖို့ သယံဇာတ အလွန်အကျွံ ထုတ်လုပ်မှုကို အားမပေးသင့်ပါဘူး။
ဒီလို အခြေအနေတွေကို ခြုံငုံသုံးသပ်ပြီးနောက်မှာ တော်လှန်ရေးကို ရေရှည်အမြင်နဲ့ ချဥ်းကပ်ပြီး လူထုရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရေး၊ သယံဇာတ ထိန်းသိမ်းရေး၊ လူထုရဲ့ ပညာရေး စတာတွေအထိ ထည့်သွင်းစဥ်းစားပြီး လက်နက်ကိုင် လမ်းစဥ်အတွက် အထောက်အကူဖြစ်မယ့် နည်းလမ်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးဗျူဟာ၊ နည်းဗျူဟာတွေကို ပြန်လည် ချမှတ်သင့်တယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar