Breaking News

ငြိမ်းချမ်းရေး သို့မဟုတ် အနာနဲ့ဆေး မတည့်နိုင်သေးတဲ့ မြန်မာ့အခြေအနေ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၃


ငြိမ်းချမ်းရေး သို့မဟုတ် အနာနဲ့ဆေး မတည့်နိုင်သေးတဲ့ မြန်မာ့အခြေအနေ

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈ နှစ်ပြည့်နှစ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး NCA ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်သွယ်ဖိတ်ခေါ် နေတဲ့ သတင်းတွေ သတင်းဖော်ပြမှုတွေထဲမှာ ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လဝန်းကျင်ခန့်အလို အောက်တိုဘာ ၁၅ ရက်မှာ NCA ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ထိုစဥ်က လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မှာ အနိုင်ရလာတဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နောက်ထပ် ၂ ဖွဲ့ လက်မှတ်ရေးထိုးကာ ၁၀ ဖွဲ့လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

NCA လက်မှတ်ရေးထိုးနိုင်ဖို့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မှာ အနိုင်ရပြီး အစိုးရဖွဲ့ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသက်တမ်းအတွင်း နှစ်အတန်ကြာ အလွတ်သဘော ဆွေးနွေးမှုတွေ၊ တရားဝင်ဆွေးနွေးမှုတွေ၊ ပြည်နယ်အဆင့် သဘောတူညီမှု၊ ပြည်ထောင်စု အဆင့်သဘောတူညီမှု စတဲ့ အဆင့်အမျိုးမျိုး အနေအထားအမျိုးမျိုးမှာ သဘောတူညီမှုတွေ ရဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင် အထိ စစ်တပ်နဲ့ တိုက်ခိုက်နေခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲ အချို့လည်း ဦးသိန်းစိန် အစိုးရက ကမကထလုပ်ဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ NCA  တို့မှာ ပါဝင်ခဲ့တာရှိသလို ဆယ်စုနှစ်များစွာ စစ်တပ်နဲ့ တိုက်ခိုက်မှု မရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ဖြစ်တဲ့ ဝ အဖွဲ့လို၊ မိုင်းလားအဖွဲ့လိုမျိုးက NCA ထဲ ပါဝင်လက်မှတ်မထိုးခဲ့ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲ မဖြစ်ပွားအောင် အခြေအနေကို ပါးနပ်စွာကိုင်တွယ်ကြပြီး NCA လို ပြည်ထောင်စုမှာ ပေါင်းစည်းရေး ဖက်ဒရယ် အာမခံချက်ရရှိရေးထက် လက်ရှိ အနေအထား မပျက်ယွင်းအောင် ထိန်းသိမ်းထားရေး၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး မပျက်ယွင်းရေးတို့က ပိုအရေးကြီးတယ်လို့ နားလည် သဘောပေါက်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ အဓိကကျတဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနက် ဗိုလ်ချုပ်ကြီး ရွက်စစ် ဦးဆောင်တဲ့ RCSS လက်နက်ကိုင် အဖွဲ့က NCA ကိုလက်မှတ်ထိုးခဲ့ပေမယ့် နောက်တဖွဲ့ ဖြစ်တဲ့ SSPP/SSA အဖွဲ့ကတော့ လက်မှတ်ထိုးတဲ့ အနေအထားမျိုး မရောက်ရှိခဲ့ပါဘူး။ 

၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အပစ်ရပ်သဘောတူညီမှု ရယူကာ ဒေသဖွံ့ဖြိုးရေး နဲ့ မိမိတို့လက်နက်ကိုင် တပ်ဖွဲ့ တည်ဆောက်ရေးသာ လုပ်ကိုင်နေခဲ့တဲ့ ကေအိုင်အေလို အဖွဲ့က ထူးထူးခြားခြား ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံဒေသအနီးမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုက စလို့ အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီး ကျယ်ပြန့်စွာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလမှာ နှစ်ပေါင်းများစွာ စစ်တပ်နဲ့ တိုက်ခိုက်လာခဲ့တဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ အဖွဲ့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ တခုပြီးတခုလုပ်ဆောင်ခဲ့ရာက ၂၀၁၅ ခုနှစ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်ထိ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပထမတဖြတ် အနေနဲ့ သတ်မှတ်ပြီး  တဖန် ၂၀၁၆ ကနေ ၂၀၂၀ အထိ အန်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံစတာတွေကို ဒုတိယ ကြိုးပမ်းမှု တဖြတ်အနေနဲ့ သတ်မှတ်လို့ရကောင်း ရနိုင်တာဖြစ်ပြီး ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ သဘောတူညီမှုတွေဟာ  ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူသိရှင်ကြား ပေါ်ထွက်လာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ထောက်လှမ်းရေး ညွှန်ချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ခင်ညွန့်က တာဝန်ယူဆွေးနွေး သဘောတူခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ နဲ့ သဘောသဘာဝ မတူကွဲပြားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ပြီး ပထမဆုံးအကြိမ် နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးဖို့ ကြိုးစားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း ဖြစ်တယ်လို့ ကောက်ချက်ချရတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပေါ်ထွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဖို့ အပစ်အခတ်ရပ်စဲပြီး နံပါတ်စဥ်တပ်ကာ ပေါ်ထွက်ခဲ့တဲ့ အထူးဒေသတွေနဲ့ သဘောသဘာဝ မတူညီတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုလို့ ကောက်ချက်ချနိုင်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ လက်နက်ကိုင် တပ်တွေအပြင် သက်သေတွေအဖြစ် အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားပြီး သတင်းမီဒီယာတွေကနေလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဥ်တွေကို သတင်းဖော်ပြနိုင်ခဲ့ကြတဲ့ အနေအထားလည်းဖြစ်ပါတယ်။ သို့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အထက်က အခြေအနေတွေ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေအားလုံးကို ဖျက်ဆီးလိုက်တဲ့ သဘောသက်ရောက်ပါတယ်။ မြန်မာစစ်တပ်ဟာ အချိန်မရွေး နိုင်ငံ့အာဏာကို သိမ်းနိုင်တယ်ဆိုတဲ့ အချက်က ယုံကြည်မှု၊ သဘောတူညီမှုတွေအားလုံးကို ဖျက်ဆီးလိုက်သလို ဖြစ်စေခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဆိုတာ နိုင်ငံရေး အတွက်အသုံးချမှုတွေသက်သက်သာ ဖြစ်တယ်ဆိုတဲ့ ကောက်ချက်တွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ် တခုနီးပါးတည်ဆောက်ခဲ့ကြတဲ့ ယုံကြည်မှု၊ လွတ်လပ်ရေး ရပြီးကတည်းက မတည်ဆောက်နိုင်သေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတနိုင်ငံကို တည်ဆောက်ကြဖို့ ကြိုးပမ်းမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ကြပြီး လက်ရှိအနေအထားဟာ ငြိမ်းချမ်းရေးဆွေးနွေးကြတယ်ဆိုခဲ့ရင် အဲဒီဆွေးနွေးမှုတွေဟာ မယုံကြည်မှုအပြည့်နဲ့ သံသယအပြည့်နဲ့ ပရိယာယ်အရ ဆွေးနွေးမှုမျိုးသာ ဖြစ်ပြီး ရေရှည်ခံမယ့် တည်တံ့မယ့် အပစ်ရပ်မှုမျိုး ငြိမ်းချမ်းရေးမျိုး မဟုတ်နိုင်ဘူးလို့ အများစုက ကောက်ချက်ချကြမှာ အမှန်ပဲဖြစ်ပါတယ်။ 


ခုရက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကေအန်ယူ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး အပါအဝင် အချို့ကေအန်ယူ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခြင်းတွေဟာ လတ်တလော ရန်သူဝိုင်းဝိုင်းလည်နေချိန်မှာ ရန်သူအချို့ကို ယာယီတိုက်ခိုက်မှု ရပ်စဲထားနိုင်ဖို့ ကြိုးပမ်းချက်တရပ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ဆိုခြင်းအားဖြင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုထဲမှာ သဘောထား မတူညီမှုတွေ ဖြစ်ပေါ်စေပြီး ယာယီအားဖြင့် စစ်ကောင်စီအဖို့ အသက်ရှုချိန်ရဖို့ ကြိုးပမ်းမှုထက် မပိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေလုပ်ဆောင်စဥ်မှာ ငြိမ်းချမ်းရေး ရသွားမယ့် အနေအထားမျိုး မရောက်ရှိအောင် ကြားမှာ ကန့်လန့်ခံထားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်သုံးသပ်ကြည့်ရင် သိနိုင်တာလည်း ဖြစ်ပါတယ်။ 

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ (စတုတ္ထ) အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းကိုမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေကို မရိုးမသားလုပ်ဆောင်နေကြတယ်၊ နိုင်ငံအစိုးရကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဟာ နိုင်ငံရေးသမားတွေနဲ့ သက်ဆိုင်ပြီး တပ်ကို လွှဲချတယ်ဆိုတဲ့ စွပ်စွဲချက်တွေ စတဲ့ မိန့်ခွန်းတွေရဲ့ အဆုံးသတ်မှာ အန်အယ်လ်ဒီရော၊ လက်နက်ကိုင်အဖွဲ့တွေကိုပါ သိမ်းကျုံးရည်ညွှန်းသွားခဲ့တဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းကြဖို့ ဆိုတဲ့ ရင့်သီးတဲ့ စကားလုံးနဲ့ ပြောဆိုခဲ့တာကိုကြည့်ရင် လတ်တလော NCA နှစ်ပတ်လည် အခမ်းအနားလုပ်ဖို့ ကြိုးစားနေခြင်းဟာ စစ်တပ်ဟာ ငြိမ်းချမ်းရေးကို လိုချင်လို့မဟုတ်တာ ရှင်းလင်းစွာ ကောက်ချက်ချနိုင်တာလည်း ဖြစ်ပါတယ်။

၂၀၂၁ နှစ်သစ်မှာ စတင် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ၊ တပ်ဦးက ဦးဆောင်နေပါတယ်ဆိုတဲ့ NUCC CRPH NUG ခေါင်းဆောင်အစုအဖွဲ့တွေ ကိုယ်တိုင်ကလည်း အတိတ်နဲ့ လက်ရှိ စစ်အုပ်စု ခြေလှမ်းတွေ၊ ရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင် နိုင်ငံရေးအင်အားစုတွေနဲ့ အဆက်မဖြတ် ဆက်ဆံနေပုံ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေကိုယ်တိုင်ကလည်း သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေ၊ ဩဇာ နဲ့ အာဏာစက်ကို လက်မလွှတ်ရအောင် နည်းပရိယာယ်မျိုးစုံနဲ့ စစ်အုပ်စုကိုသာမက ဖယ်ဒရယ်ပြည်ထောင်စုအရေး တိုက်ပွဲဝင်နေသူ အင်အားများနဲ့ ဆက်ဆံရေး ထူထောင်ထားပုံတွေကို ခြုံငုံ သုံးသပ်ကြည့်ပြီး မိတ်ဘက် မဟာမိတ် အစုအဖွဲ့များနဲ့ ရေတို ရေရှည် ရည်မှန်းချက်မျိုးစုံကို တိုင်ပင်ဆွေးနွေးမှုတွေ တိုးမြှင့် လုပ်ကိုင်နေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar