Breaking News

ချမ်းငြိမ်း - ကိုယ်ရေး ကောက်ကြောင်း

ကိုယ်ရေး ကောက်ကြောင်း
ချမ်းငြိမ်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၃

နေထိုင်မကောင်းတဲ့အခါ
ဘဝကို နောက်ကြောင်းပြန်ကြည့်မိတယ်
အဝတ်ဗလာနဲ့ သုညကစခဲ့တဲ့လူမှာ
ဘာတွေ များများလိုသလဲ
ဘာတွေ ရခဲ့ပြီလဲ
ဘာတွေ ထားခဲ့ပြီလဲပေါ့။

(၁)

ဒိုင်ဩဂျီးနိစ် ကတော့
သူ လိုမယ်ထင်ထားတဲ့ ရေခွက်တောင်
ခွေးတကောင်ကြောင့် စွန့်လွှတ်ခဲ့သတဲ့
ကျနော်က သူလောက်မဖြူစင်သည့်တိုင်
တကိုယ်ရည်အတွက်
များများတော့ မလိုပါဘူး
ကိုယ်ချစ်ဖို့ လူနည်းနည်း
ကိုယ့်ကို ချစ်ဖို့ လူနည်းနည်း
နမ်းဖို့ ထူထဲထဲ နုတ်ခမ်းတစုံနဲ့
ပြင်းပြင်းရှရှ သွေးသားဆန္ဒ
စားဝတ်နေရေး အတွက်တော့
မြစ်ရိုင်းလွင်ပြင်မှာ တဲထိုး
ပန်းတွေပျိုးပြီး ရောင်းချစားသောက်မယ်
ဒီလောက်ပါပဲ။

(၂)

အမေမွေးလို့ရတဲ့ ခန္ဓာမှာ
ချစ်သူပေးလို့ ဘဝရခဲ့တယ်
နုလုံးသားကို မြှောက်ချီလို့
ရူးရူးမူးမူး ထကြွတဲ့ အရွယ်
ယုန်က မုဆိုးစိတ်ဝင်ပြီး
ကျော့ကွင်းအထပ်ထပ်နဲ့
အချစ်ကို သားကောင်မှတ်တဲ့ အရွယ်
ပုစ္ဆာတထောင် အဖြေတခု
ညတည အိပ်မက်တထောင်
ဆောင်းမရှိတဲ့ တိုင်းပြည်လေးရဲ့
တိမ်းမူးရီဝေ နှင်းဝေတဲ့ညမှာ
ကျနော်ပျောက်ဆုံးသွားတဲ့
နံရိုးတချောင်းကို လရောင်ကအံထုတ်ပေးခဲ့
အဲဒီမှာပဲ လူ့ဘဝကို ကျနော်ရခဲ့တယ်။

(၃)

ဘာသာရေးက "သေရင် ဘာပါမလဲ" တဲ့
ကျနော်က "သေရင် ဘာထားခဲ့လဲ"ဆိုတာ
ပိုအာရုံကျမိတယ်
နောင်ဘဝထက် လိင်တွန်းအားကို
ကျနော် ပိုယုံကြည်တယ်
ရှင်ပြုတုန်းက ဝင်ကန်တော့ခဲ့ရတဲ့
နတ်စင်ပေါ်က မယ်တော်ရုပ်ဟာ
ဆွဲပြားတလက်လက်နဲ့ ဗုဒ္ဓကို
လက်ဝှေ့ယမ်းပြ နှုတ်ဆက်နေတယ်
ပိဋကတ်တိုက်ထဲမှာ ဗုဒ္ဓပုံတော်နဲ့
မိန်းမအင်္ဂါစပ်ပုံတွေ ရောထွေးနေ
ဦးညွှတ်လိုက်တဲ့ခဏ
လှစ်ဟလာတဲ့ ရင်သားကြီးကြီးတွေဟာ
ဘာသာရေးကို လိင်တွန်းအားနဲ့
ဆက်စပ်ပေးတယ်
ဒီအတွက်
"တော်လှန်ရေး" လို့ ရေတွင်းပျက်ထဲမှာ
ကျနော် အော်ခဲ့မယ်။

(၄)

မီးလောင်ကျွမ်းနေတဲ့ တိုင်းပြည်ရဲ့အနာဂတ်နဲ့
လူငယ်တို့ရဲ့အိပ်မက် ဇာခန်းဆီးပဲခြားတယ်
ခေတ်က တောင်းဆိုလို့
ကျနော်လည်း အသက်လေးဆယ်မှာ
လူငယ်တယောက် ပြန်ဖြစ်ခဲ့ရတယ်
လူမှုရေးသိပ္ပံမှာ မျိုးဆက်တွေကို
မွေးအသက်နဲ့ တိုင်းကြတယ်
နိုင်ငံရေးသိပ္ပံမှာတော့
သွေးစက် ချွေးစက်တွေနဲ့ တိုင်းရမယ်
လူငယ်တွေက သွေးထွက်တဲ့ တိုက်ပွဲဝင်ရင်
ကျနော်တို့က ချွေးစက်နဲ့ တိုက်ပွဲဆင်ရမယ်
သွေးချွေးနဲ့ ဆက်ရင်
ဂျင်ဇီတွေနဲ့ ကျနော်တို့က
မျိုးဆက်တဆက်တည်း ဖြစ်တယ်
တော်လှန်ရေးမှာ ဘယ်ဖက်မှာရပ်ပြီး
ဘယ်လောက်ပါခဲ့သလဲ ဆိုတာ
နောက်တခေတ်ရဲ့ သမိုင်းစာမျက်နှာ
အက္ခရာတင်တာမို့
ဟောဒီ နွေဦးတော်လှန်ရေးမှာ
ကျနော်တို့ တခုခုတော့ ထားခဲ့နိုင်တယ်
ကျနော် ......
ဘာထားခဲ့ပြီးပြီလဲ ...... ။

မေ၊ ၃၀၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar