ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စကားလုံးရှာကြအုံး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စကားလုံးရှာကြအုံး
(မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၂၃
ဒီနှစ် (၂၀၂၃) America's Got Talent Winner က ခွေးတစ်ကောင် ရသွားတယ်။ လူမရဘူးနော်။ နောက်ဆုံး ဖိုင်နယ်မှာ အဲ့ခွေးနဲ့ မျက်လှည့်ပြတဲ့ ကောင်မလေးနဲ့ နှစ်ယောက်ပဲ ကျန်တယ်။ ဒါပေမဲ့ အမေရိကန်ပြည်သူတရပ်လုံး မဲပေးလိုက်တာ ခွေးကလေးကို ပေးလိုက်တာ။ ခွေးလေးက ဒေါ်လာတစ်သန်းရသွားတဲ့ ခွေးလေးဖြစ်သွားပြီပေါ့နော်။ အမေရိကမှာ၊ America's Got Talent မှာ၊ Talent နော်။ အဲတော့ ပြောချင်တာက ဘာလဲဆိုတော့ ကိုယ်တို့တွေ ခွေးနဲ့နှိုင်းနေတဲ့ ကိစ္စတွေ ပြန်သုံးသပ်ဖို့ ကောင်းပြီပေါ့။ ဒေါ်လာတစ်သန်းဆုရှင် ခွေးကလေးကို အားနာဖို့ ကောင်းနေပြီပေါ့။ အဲဒါပြောချင်လို့။
(၈၈) အရေးအခင်းစတော့ ကာတွန်းလေးတစ်ခု ရှိတယ်။ ကာတွန်းက ဘာဆွဲထားလဲဆိုတော့ ခွေးအဘိုးကြီးတစ်ကောင်ကပေါ့လေ။ တောင်ဝှေးကြီး ထောက်ပြီးတော့ မျက်လုံးနှစ်လုံးပေါ် လက်ကလေးတင်ပြီး မျက်မှောင်ကြီးကုတ် ကြည့်ပြီး စမ်းတမ်းစမ်းတမ်းနဲ့ တောင်ဝှေးလေးထောက်ဝင်လာပြီးတော့ “ဘယ်လိုတွေ ဖြစ်ကြတာတုန်းကွယ်” တဲ့။
အဲလိုမေးပြီး ဝင်လာတာ။ အိမ်ထဲက ခွေးမကြီးတစ်ကောင်က ငိုရင်း “သူ့ကို မဆလနဲ့ တူတယ်လို့ ပြောလို့တဲ့တော့” ဖြေတယ်။ ဒါပဲ စာက။
အေး အိမ်ထဲမှာ ဘာဖြစ်နေတုန်းဆိုတော့ ခွေးတစ်ကောင် ကြိုးဆွဲချသေနေတာ။ ခွေးလေးနှစ်ကောင်က ဘာမှ မသိဘူးပေါ့လေ။ ခွေးပေါက်စလေးနှစ်ကောင်ကတော့ မှိုင်လို့ပေါ့။ ခွေးအဘိုးကြီးကမေးတော့ ခွေးမကြီးက အဲလိုဖြေတာပေါ့။ ခွေးအဘိုးကြီးကကြည့်ရတာ လူလိုဆိုရင်တော့ ရပ်မိရပ်ဖပေါ့။ သူ့က လာမေးတာကိုး။ ခွေးမကြီးက သူ့သားခွေးလေးက သူ့ကို မဆလနဲ့တူတယ်လို့ ပြောလို့တဲ့တော့တဲ့။ ခွေးက မဆလနဲ့နှိုင်းတာ သိပ်နာတာ၊ အဲမှာ ကြိုးဆွဲချ သေသွားတာပေါ့နော်။ ဇာတ်လမ်းက အဲဒါပါ။ အဲဒါ ဦးဇင်းတပါး ရေးတဲ့ ကာတွန်းတဲ့။
ကိုယ်တွေ အခုဟိုမသာတွေကို ခွေးနဲ့နှိုင်းနေတဲ့ ကိစ္စကွာ။ အမှန်ကတော့ လူမဟုတ်တဲ့လူတွေ၊ လူစဉ်မမီတဲ့ လူတွေ၊ အမနုဿတွေပေါ့ကွာ။ ဘီလူးတွေပေါ့၊ လူစိတ်ပျောက်နေတဲ့ကောင်တွေ။ ကိုယ်တွေက အဲကောင်တွေကို ဘာနဲ့နှိုင်းရမှန်းမသိဘူး၊ ခွေးနဲ့သွားနှိုင်းပလိုက်တယ်ကွာ။ အဲမှာ ခွေးတွေက အကုန်ကြိုးဆွဲချသေရမယ့်ကိန်းဆိုက်လာ။ ခွေးလောက ဘယ်လိုလုပ် ကျေနပ်မလဲ။ အဲကောင်တွေကို သူတို့နဲ့နှိုင်းတဲ့ကိစ္စ စိတ်နာရတာပေါ့။ ဒုတိယမ္ပိ ခြေလေးချောင်းတော်လှန်ရေးတွေ ဖြစ်လာနိုင်တယ်နော်။ အဲဒါကို လျော့မတွက်နဲ့။ ကိုယ်တွေ ခွေးနဲ့နှိုင်းတဲ့ကိစ္စ ပြန်သုံးသပ်ဖို့တော့ လိုတယ်။ သူတို့ဝေါဟာရနဲ့ သူတို့ရှိသင့်တာပေါ့နော်။ ဝေါဟာရတွေ ရှာကြပေါ့။ ဘယ်နဲ့ ခွေးနဲ့သွားနှိုင်းရတာလဲ။
တချို့တွေကတော့ ဖာနဲ့ နှိုင်းတာပေါ့။ စကားပေါက်လွှတ်ပဲစား ပြောတဲ့ကောင်တွေ ဖာနဲ့နှိုင်းတာပေါ့။ အဲလိုလည်း မဖြစ်ဘူးလေ။ ဖာက သူ့ပစ္စည်းနဲ့သူ၊ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်တာ။ ဖာက ညစ်ပတ် ယုတ်မာတာ ဘာမှမရှိဘူး။ သူ့ဘာသူ တန်ရာတန်ကြေး service ပေးတာလေ။ သူတို့နဲ့ သွားနှိုင်းလို့ ဘယ်လိုလုပ်ဖြစ်မလဲ။ ခိုးမစားဘူး။ နိုင်ငံတော်ပိုင် မဘုံးဘူး၊ အလွဲသုံးစားမလုပ်ဖူးလေ။ သူတို့က အင်မတန်ရိုးသားတဲ့သူတွေပဲ။ အင်မတန် ဖြောင့်မှန်တဲ့သူတွေပဲ။ ဒီလောက်ပေးရင် ဒီလောက်ရမယ်။ တခါတလေ ပေးတာထက် ပိုပြီးတော့တောင် ပြုစုလိုက်သေးတာလေ၊ service ပေးလိုက်သေးတာ။ သူတို့နဲ့ သွားနှိုင်းလို့လည်း မဖြစ်ဘူးလေ။ အဲဒါတွေလည်း ဆင်ခြင်ဖို့ ကောင်းတာပေါ့။ ဖာတွေကို အားနာဖို့ ကောင်းတာပေါ့နော်။
တခါတလေ ငါးစိမ်းသည်တွေနဲ့ သွားနှိုင်းတယ်၊ မလုပ်သင့်ဘူးလေ။ ငါးစိမ်းသည်က သူ့ဘာသူ ရိုးရိုးသားသား မိသားစု စားဝတ်နေရေးပြေလည်ဖို့ အလုပ်လုပ်တာလေ။ အသက်မွေးဝမ်းကြောင်းအရ စကားကြမ်းတာ ဘာညာတော့ ရှိတာပေါ့။ ဒါပေမယ့် စကားပဲ ကြမ်းတာ၊ ခိုးစားတဲ့သူတွေ၊ ယုတ်မာတဲ့သူတွေ မဟုတ်ဘူးလေ။ ငါးစိမ်းသည်ဆိုပေမယ့် ငါးတောင် သူတို့သတ်တာမဟုတ်ဖူးလေ။ ဟိုက လူသတ် မုဒိမ်းကျင့် ခိုးဆိုးလုယက် အိုးအိမ်ဖျက်တွေလေ။ ငါးစိမ်းသည်တွေက ယုတ်ကမ်းတဲ့သူတွေမှ မဟုတ်တာပဲ။ သူတို့တွေနဲ့ နှိုင်းတာတွေ ဘာတွေတော့ မဖြစ်သင့်ဘူးပေါ့။
ဒီကောင်တွေက သူတို့လုပ်ရပ်နဲ့ ညီမျှတဲ့ ဝေါဟာရက သပ်သပ်ရှိသင့်တာပေါ့။ ဒါတွေက ဒေါက်တာတင့်ဆွေတို့လို ဘာတို့တွေ လုပ်ရမယ်လေ။ အလကားနေရင်း သတ်ပုံ ကိစ္စတွေ လျှောက်ငြင်းခုံနေတာ။ လျှောက်ရေးနေတာ တစ်တွေ တတွေ အလကားလုပ်နေတာ။ ဒီကောင်တွေနဲ့ ဆိုင်တဲ့ဝေါဟာရ ရှာရမှာပေါ့။ ဒေါက်တာခင်အေးတို့လို မြန်မာစာပညာရှင်ကြီးတွေက ဒီကောင်တွေနဲ့ လိုက်ဖက်တဲ့ ဝေါဟာရတွေ ရှာရမှာပေါ့။
စာရေးဆရာတွေဆိုရင် ဥပမာ စာရေးဆရာမ နုနုရီတို့၊ စာရေးဆရာ နေဝင်းမြင့်တို့ သူတို့တွေက အင်မတန်တော်တဲ့ ပုဂ္ဂိုလ်တွေ။ သူတို့တွေဆိုရင် ဒီကောင်တွေနဲ့ဆိုင်တဲ့၊ ဒီကောင်တွေရဲ့လုပ်ရပ်နဲ့ တထပ်တည်းကျတဲ့ ဝေါဟာရအသစ်တွေ သူတို့လုပ်နိုင်တာပဲ၊ သူတို့လုပ်ရမှာပေါ့။ ကျန်တဲ့သူတွေက ဘယ်ဖော်ကျူးတတ်မလဲ။ မဖော်ကျူးတတ်တော့ ခွေးတွေနဲ့နှိုင်း၊ ခွေးတွေ သိက္ခာကျ။ ပြီးတော့ ဖာသည်တွေနဲ့နှိုင်း၊ ဖာသည်တွေ စော်ကားသလိုဖြစ်၊ ငါးစိမ်းသည်တွေနဲ့သွားနှိုင်း၊ ငါးစိမ်းသည်တွေအပေါ်မှာ မြေနိမ့်ရာလှံစိုက်တာပဲလေ။ ဒါတွေက မလုပ်ကောင်းတဲ့ဟာတွေပဲ။ အဲဒါတွေ မဖြစ်သင့်ဘူးနော်။
ရာဇတောဝါ မင်းဘေး၊ စောရတောဝါ သူခိုးဘေးတဲ့။ ဒါကတော့ ဘုန်းကြီးတွေ ပြောရမယ်။ မင်းဘေးဆိုတာ ဘယ်လိုဟာ၊ ရန်သူမျိုးငါးပါးထဲ ပါတာကိုး၊ ဘုရင်ဆိုတဲ့ကောင်က။ စောရတောဝါ သူခိုးဘေးတဲ့။ သူခိုးဆိုတာ ဘယ်သူဖြစ်မလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေလား၊ စစ်သားလေးတွေလား၊ စစ်ဗိုလ်လေးတွေလား၊ တပ်ရင်းမှူးတွေလား၊ တပ်မမှူးတွေလား၊ ဗိုလ်ကတော်တွေလား။ စစ်ဗိုလ်ချုပ်တွေရဲ့သားသမီးတွေလား။ ဆွေမျိုးတွေလား။ အကုန်ပေါ့လေ။ စောရတောဝါ သူခိုးဘေး။ မနုဿတောဝါ လူဘေးတဲ့။ လူကတောင် ဘေးပေးနိုင်သေးတာ၊ ဘေးဖြစ်နိုင်သေးတာ။ အမနုဿတောဝါ လူမဟုတ်သောလူတွေရဲ့ဘေး၊ ဘီလူးဘေးဆိုတော့လည်း မပြောနဲ့တော့ပေါ့နော်။ ဘယ်လောက်အထိ ကြီးမလဲဆိုတာ စဉ်းစားသာကြည့်တော့ပေါ့။
အဂ္ဂိတောဝါ မီးဘေးတဲ့။ တတိုင်းပြည်လုံး မီးတိုက်နေတာ။ မီးဘေးအကြောင်းကတော့ အထူးပြောစရာမလိုပါဖူး။ ဒါပေမယ့် ဆရာတော်တွေက အဲဒါတွေကို ဖွင့်ဆိုရှင်းပြရင် ပိုကောင်းတာပေါ့။ ဥဒကတောဝါ ရေဘေးတဲ့။ ပဲခူးသာ ကြည့်လေ။ နှစ်ထပ်အိမ်မှာတောင် တစ်ထပ်လောက်ကတော့ မြှုပ်သွားတာကိုး။ ဘုန်းကြီးကျောင်းတွေ အကုန်နစ်၊ ဆွမ်းငတ်၊ ဒုက္ခရောက်။ အမလေး လယ်တွေပျက်၊ ကိုင်းတွေပျက်၊ အကုန်ပျက်တာပေါ့၊ ရေဘေး ပေါ့သေးသေးမထင်နဲ့။
ပိသာစတောဝါ ခါဏုကတောဝါ ကဏ္ဋကတောဝါ ဟာ ဆူးညှောင့်ခလုတ်ဘေး၊ သားရဲတိရစ္ဆာန်ဘေးတွေလည်း ရှိသေးတာကိုး။ မြွေဘေးဆို ခနတိုင်းကြုံ၊ မြွေဆိပ်ဖြေဆေးမရလို့ ဆင်းရဲကြီးစွာသေကြရ။ စစ်ရှောင်တွေ ဒုက္ခကို ကြည့်လေ။ ပြေးကြ လွှားကြ သိပ်ဒုက္ခရောက်ရတာပဲ။ သူတို့တွေနော်။ သူတို့တွေဆို ဘေးတွေသင့်တာ၊ ဆူးညှောင့်ခလုတ်ဘေးတွေ အကုန်သင့်တာပေါ့။ ဒါတွေ နဂိုက စာထဲပဲ ရှိတယ်ထင်တာ အခုမှ လက်တွေ့ကြုံနေရတာ။ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ အော်ကျက်ခဲ့ရတဲ့စာတွေလေ။
ဇနပဒရောဂတောဝါ ဇနပုဒ်မှာ ဖြစ်တဲ့ ရောဂါဘေးတွေတဲ့။ စစ်ရှောင်တွေ အခု ကုမယ့်သူမရှိ၊ သမယ့်သူမရှိ၊ ဆေးမရှိ၊ ဘာမရှိ၊ ရေမရှိ၊ အရိပ်မရှိ၊ အမိုးမရှိ၊ အကာမရှိ၊ ဟာ အကုန်ဒုက္ခရောက်ကြတာပေါ့။ ဇနပုဒ်ရောဂါတွေပေါ့။ အများကြီးပဲ ဒါတွေကတော့ ဘုန်းကြီးတွေက ပြောရမှာပေါ့နော်။ ခုဆို ပါဠိတတ်ဘုန်းကြီးတွေ အများကြီးပဲ။ သူတို့နဲ့ ထိုက်တန်တဲ့ ပါဠိစကားလုံးလဲ ရှာပေးကြပါအုံး။
ဒေဝဒတ်နဲ့နှိုင်းလဲ မလုံလောက်၊ အင်္ဂုလိမာလနဲ့နှိုင်းလဲ မလွှမ်းခြုံ။ အဇာတသတ်နဲ့နှိုင်းလဲ မငုံမိ။ အင်္ဂုလိမာလတို့၊ ဒေဝဒတ်တို့ အဇာတသတ်တို့ပါ စော်ကားသလောက်ဖြစ်လာတာလေ။ သူတို့က ကောင်းမယ်လို့ ယုံလို့လုပ်ကြတာ။ ယုတ်တာ မဟုတ်ဘူးလေ။ သူတို့လုပ်တာ မဟုတ်မှန်းသိတော့ စွန့်ကြ ရပ်ကြ၊ လက်နက်ချ၊ ဆက်မလုပ်ကြတော့ဘူး။ ဘုရားချွတ်တော့ ကျွတ်သေးတာကိုး။ မအလနဲ့ သူ့စစ်တပ်က ဘုရားသားတွေကိုတောင် သတ်ဖြတ်ညှဉ်းဆဲ ထောင်သွင်းနေတာဆိုတော့ ဘုရားလဲ သွားဟောရင် ၅၀၅ မှာဘဲ။
အခန့်မသင့်ရင် သေဒဏ်တောင် အပေးခံရနိုင်သေး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar