မြို့ပေါ်က လက်နက်ကိုင် ပြောက်ကျားလှုပ်ရှားမှုတွေကို သေဒဏ်ချမှတ်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေရဲ့ အကျိုးဆက်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၁ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၃
မြို့ပေါ်က လက်နက်ကိုင် ပြောက်ကျားလှုပ်ရှားမှုတွေကို သေဒဏ်ချမှတ်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေရဲ့ အကျိုးဆက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ယမန်နှစ်က ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ အထဲက ၇ ဦးကို စစ်ကောင်စီ တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး ကျန် ၇ ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
ယမန်နှစ် သြဂုတ်လက ဖျာပုံမြို့ပေါ်မှာ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ Black Dragon Force Pyapon ဆိုတဲ့ မြို့ပေါ်က ပြောက်ကျား အဖွဲ့မှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး တဦးအပါအဝင် လူငယ် ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ဖျာပုံခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တဲ့နောက် တနှစ်ခန့်အကြာမှာ ၇ ဦးကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဖျာပုံမြို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမ နဲ့ ၄င်းရဲ့ အဖော်တဦးတို့ကို စားသောက်ဆိုင်တဆိုင်မှာ ဖျာပုံမြို့က မြို့ပြပြောက်ကျားအဖွဲ့ တဖွဲ့ဖြစ်တဲ့ Black Dragon Force Pyapon အဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပြောက်ကျားအဖွဲ့ဝင် တချို့ ဖမ်းဆီးခံရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး အဆိုပါ မြို့ပြပြောက်ကျား အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခြားသော ပြည်နယ်/ တိုင်းတွေနဲ့ နှိုင်းယှဥ်ရင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ နည်းပါးတာတွေ့ရပြီး ပုသိမ်၊ ဖျာပုံ၊ မအူပင် အစရှိတဲ့ မြို့တွေမှာလောက်သာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရှိခဲ့တာတွေ့ရတာ ဖြစ်ပါတယ်။ အဆိုပါ လှုပ်ရှားမှုတွေအနက်က ဖျာပုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှု တချို့နဲ့ပတ်သက်လို့ အခုလို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ ဒေသလည်း မဟုတ်တဲ့အတွက် အခုလို သေဒဏ်ချမှတ်တာဟာ စစ်ခုံရုံးမဟုတ်ဘဲ အရပ်ဘက်တရားရုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ၊ မြို့တွေပေါ်က သတင်းပေးလို့ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီ လုံခြုံရေးကင်း၊ ယာဥ်တန်းတွေကို တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အများအပြား ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိသူထဲက ရာဂဏန်းနဲ့ ချီ သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အတိအကျ ကိန်းဂဏန်းနဲ့ ဖေါ်ပြရရင် ၁၅၀ နဲ့ ၁၆၀ အကြား အရေအတွက်ရှိတဲ့ သူတွေ သေဒဏ်ချမှတ်ခံခဲ့ရပြီး အဆိုပါ ချမှတ်ခံရသူတွေအနက်က ၄ ဦးဖြစ်တဲ့ ကိုဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာမြို့နယ်က ၂ ဦးတို့ကို ယမန်နှစ်က ချမှတ်ထားတဲ့ သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို သေဒဏ်စီရင်မှုက မြို့ပေါ် က မြို့ပြပြောက်ကျားအဖွဲ့တွေကို စစ်ကောင်စီဘက်က အဆုံးစွန်ထိ အပြစ်ပေးတယ်ဆိုတဲ့ သတင်းစကား၊ ကြောက်လန့်အောင် ရည်ရွယ်လုပ်ဆောင်တဲ့ သတင်းစကားလို့ အဓိပ္ပာယ် ကောက်ယူနိုင်ပြီး အမှန်တကယ်တော့ တရားရုံးတောင် စစ်ဆေးတဲ့အဆင့် မရောက်ဘဲ ဥပဒေမဲ့ အသက်ဆုံးရှုံးသည်အထိ ညှင်းပန်းနှိပ်စက်တဲ့ အမှုကိစ္စတွေ ရာဂဏန်းနဲ့ချီ ဖြစ်ပျက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါတွေက မြို့တွေမှာ ဖြစ်တဲ့ စစ်ကောင်စီဆန့်ကျင်လှုပ်ရှားသူတွေ အပေါ် အပြစ်ပေး ပြုမူတာတွေဖြစ်ပြီး ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ PDF လို့သံသယရှိသူ အမျိုးသားတွေကိုတော့ ဖမ်းဆီးပြီး နာရီပိုင်းအတွင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း စစ်မေးကာ သတ်ဖြတ်လျက်ရှိတာလည်း ဖြစ်ပါတယ်။
ဒီလို ကျေးရွာတွေ စစ်ကောင်စီကို ခုခံတိုက်ခိုက်တဲ့ဒေသတွေမှာ နေထိုင်နေတဲ့ အရပ်သားတွေ အပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုတွေက နေ့စဥ်လိုလို ဖြစ်ပွားနေပြီး မထူးဆန်းတော့တဲ့ သဘောမျိုးတောင် ဆောင်လာနေတာဖြစ်ပါတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း၊ ကချင်နဲ့ ကရင်နီပြည်နယ်တို့က ကျေးရွာတွေမှာ ဥပဒေမဲ့ အသတ်ခံရသူ အရေအတွက်ဟာ ရာဂဏန်းတင်မက ထောင်ဂဏန်းလောက်ထိ ရောက်ရှိနေပြီဖြစ်ပါတယ်။
လက်နက်ကိုင်ကို အားပေးထောက်ခံရုံ၊ မိသားစုဝင်တဦးဦးက လက်နက်ကိုင် PDF အဖွဲ့ထဲ ပါဝင်လှုပ်ရှားရုံနဲ့တင် မိသားစုကို ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်ပိုင်ခွင့်ရှိနေတဲ့ သဖွယ် စစ်ကောင်စီလက်နက်ကိုင် တပ်တွေက ယူဆထားသလို လက်တွေ့လည်း ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ မကြာသေးမီ လပိုင်းက မန္တလေး-မုံရွာကားလမ်း နဘေးက ကျေးရွာတရွာမှာ လင်ယောင်္ကျားဖြစ်သူက PDF အဖွဲ့ဝင်ဖြစ်ရုံနဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်တွေက ဖမ်းဆီး နှိပ်စက်မေးမြန်းကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်သာဓက တခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အခုလို တရားဥပဒေမဲ့ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ ပိုင်ဆိုင်မှုတွေကို လုယက်ယူဆောင်သွားတာတွေဟာ စစ်ပွဲဆိုတာထက် အမုန်းတရားနဲ့ သတ်ဖြတ် နှိပ်စက်ပြီး လက်စားချေတဲ့ အသွင်ဆောင်ကာ ပဒေသရာဇ်ခေတ်က စစ်ပွဲတွေလို လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်း တခုမျှ မထားရှိတော့တဲ့ အသွင်လည်း ဆောင်လာတာ ဖြစ်ပါတယ်။
Professional army, ထိတွေ့မှုဆိုင်ရာ စည်းမျဥ်းလို့ ခေါ်ဆိုတဲ့ Rule of engagement ဆိုတာတွေက စာထဲသာ ရှိကြတော့တဲ့ သဘောဖြစ်ပြီး လက်တွေ့ တိုက်ခိုက်မှုတွေမှာ သုံ့ပန်း၊ အရပ်သား၊ အမျိုးသမီး၊ အရွယ်မရောက်သေးသူ စတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်း ဥပဒေတွေ လိုက်နာခြင်းမရှိတော့ပဲ ရန်သူဆိုတဲ့ စကားလုံးရဲ့ နောက်မှာ အရပ်သား၊ အမျိုးသမီး၊ အရွယ်မရောက်သေးသူ၊ ပိုင်ဆိုင်မှု စတာတွေအားလုံး ခွဲခြားစရာ မလိုတော့ပဲ မတန်တဆ ပြစ်ဒဏ်ပေးတာ၊ လက်တန်းစီရင်ကာ သတ်ဖြတ်တာတွေ ၊ ဘယ်လို တရားဥပဒေမဲ့ သတ်ဖြတ်မှုအတွက်မှ တာဝန်ခံစရာ မလိုတော့တာတွေ ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
တရားစီရင်ရေးလို့ အမည်ခံထားတဲ့ သေဒဏ်ချမှတ်ခြင်းက စစ်ကောင်စီရဲ့ ပြယုဂ် မျက်နှာစာတခုသာ ဖြစ်ပြီး အခြားမျက်နှာစာမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ ပြုကျင့်မှုတွေ၊ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar