ခေတ်ပျက်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးလာတဲ့အနေအထားနဲ့ နောက်ကွယ်က အကျင့်ပျက် ခြစားမှုတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၃
ခေတ်ပျက်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးလာတဲ့အနေအထားနဲ့ နောက်ကွယ်က အကျင့်ပျက် ခြစားမှုတွေ
စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ စီးပွားရေးက အဖက်ဖက်က ကြည့်ရင် ဆုတ်ယုတ်လာနေတာ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်မှုအရ ကြည့်ကြည့်၊ စားသုံးမှုဆိုင်ရာ အညွှန်းကိန်းနဲ့ကြည့်ကြည့်၊ လူသားချင်း စာနာမှုအကူအညီလိုအပ်နေတဲ့ လူဦးရေတိုးတက်လာတာကို ကြည့်ကြည့်၊ ငွေကြေးဖောင်းပွမှုကို ကြည့်ကြည့် ဘယ်အချက်အလက်ကမှ တိုးတက်တဲ့ ဘက်ဆီညွှန်ပြမနေပဲ ကျဆင်းမှုနဲ့ ဆုတ်ယုတ်မှုဘက်ကိုသာ ညွှန်ပြနေတာ ဖြစ်ပါတယ်။
သို့ပေမဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတော့ စားသောက်ဆိုင်တွေ၊ အရက်ဘားတွေ၊ နိုက်ကလပ်တွေက ကိုဗစ်ကန့်သတ်မှု စတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အလွန်မှာ တကျော့ပြန် စည်ကားလာနေပြီး စစ်အာဏာသိမ်းမှုပြီးကာလ တနှစ်ကျော်ဝန်းကျင် ကိုဗစ်ကန့်သတ်ချက်တွေ ဆက်လက်ရှိနေခဲ့ပြီးနောက် ယမန်နှစ်ကစလို့ ကန့်သတ်ချက်တွေ ဖြေလျှော့ရုပ်သိမ်းလိုက်တဲ့ အခါမှာ ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ တဟုန်ထိုးများပြားလာပါတယ်။
တဖက်မှာ ငွေကြေးဖောင်းပွလို့ ဝင်ငွေက ကျုံ့သွားပြီး ကျပ်တည်းနေတဲ့ အောက်ဆုံးအလွှာတွေက ခက်ခဲကျပ်တည်းနေကြပေမယ့် ဘီယာဆိုင်၊ ဘား နဲ့ နိုက်ကလပ်တွေမှာတော့ ညစဥ်စည်ကား နေတာက ဒီနေ့ပုံရိပ်သဖွယ် ဖြစ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အင်းစိန်လမ်းမကြီးလို၊ ပါရမီလမ်းမကြီးလို၊ တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကင်းမြို့နယ်တို့ ထိစပ်ရာ ရတနာလမ်းမ တလျှောက်၊ ဝေဇယန္တာ လမ်းမ၊ လေးဒေါင့်ကန်လမ်းမ တလျှောက်လမ်းတွေမှာ ဘီယာဆိုင်တွေနဲ့ အဲဒီဆိုင်တွေမှာ လာရောက်ကြတဲ့ သူတွေရဲ့ ကားတွေ လမ်းတလျှောက်ပြည့်နှက်နေတဲ့အထိ ညဘက်စည်ကားနေတာ တွေ့ရမှာပါ။
မြို့တွေမှာ ပစ်ခတ်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပေါက်ကွဲမှု အချို့ဖြစ်နေသည့်တိုင် စည်ကားနေတဲ့နေရာတွေက ဘာမှမဖြစ်သလို စည်ကားနေကြပြီး တဖက်မှာ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ၊ ကျေးရွာတွေက နေအိမ်တွေ မီးတင်ရှို့ခံနေရတာ၊ နေအိမ်တွေ ကျေးရွာတွေကနေ စွန့်ခွာထွက်ပြေးနေကြရသလို၊ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးတို့က ရတဲ့ဝင်ငွေရလမ်းတွေက သိသာစွာ ကျဆင်းလာနေချိန်မှာ မြို့ပေါ်မှာတော့ အခုလို ငွေကြေး ပေါပေါသီသီ သုံးစွဲနိုင်နေကြသလဲဆိုတာ နားမလည် နိုင်တဲ့ မေးခွန်းတရပ်လို ဖြစ်နေတာပါ။
နယ်မြို့တွေမှာနေထိုင်နေကြသူတွေ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေရဲ့ အလယ်မှာ နေထိုင်နေကြရသူတွေ အဖို့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စတဲ့ကုန်ပစ္စည်းတွေကို မတန်တဆဈေးနဲ့ ပေးဝယ်စားနေကြရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြားထဲ မြို့ပေါ်က အချို့သော လူတွေအနေနဲ့ ဘယ်လိုကြောင့် ငွေလွယ်လွယ်ကူကူ ရှာဖွေနိုင်ကြသလဲ ငွေပေါပေါသီသီ သုံးနိုင်ကြသလဲဆိုတာ မေးခွန်းတရပ် ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ခေတ်အပျက်မှာ လာဘ်စားမှုက ယခင်ကထက် ၃/၄ ဆမက မြင့်မားလာနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဖေါ်ပြခဲ့ကြတဲ့ သတင်းကြီးတပုဒ်ဖြစ်တဲ့ စစ်ကောင်စီထဲ အဖွဲ့ဝင် ဗိုလ်ချုပ် ၂ ဦးနဲ့ ကောင်စီဝင် မဟုတ်တဲ့ ဗိုလ်ချုပ်၊ ဒုဝန်ကြီး စတဲ့သူတွေ တဆက်တစပ်ထဲ ဖမ်းဆီး စစ်ဆေးခံရတဲ့ အဖြစ်အပျက်ကို ကြည့်ရင် စစ်ကောင်စီလက်ထက် လာဘ်စားမှု ဘယ်လောက်မြင့်တက်လာနေသလဲ ဆိုတာ မှန်းဆနိုင်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနီးက သူ ယုံကြည်ကိုးစားတဲ့ စစ်ဗိုလ်ချုပ်က စီးပွားရေး လိုင်စင်တွေ အတွက်၊ ပါမစ်တွေ လက်မှတ်ထိုးဖို့ရာ အတွက် ငွေသိန်းထောင်ချီ လာဘ်ယူနေတာတွေ့ရမှာ ဖြစ်ပါတယ်။ စားအုန်းဆီ စျေးမြင့်တက်ခြင်း မှောင်ခိုဖြစ်ရခြင်းကိစ္စဟာ ဘယ်နိုင်ငံပြင်ပက အကျိုးအကြောင်းတွေကြောင့်မှမဟုတ်ပဲ စစ်ကောင်စီထဲက တလွဲစီမံခန့်ခွဲမှု၊ မူဝါဒအလွဲနဲ့ လာဘ်စားမှုကနေ ပေါ်ထွက်လာတဲ့ အကျိုးဆက်ရလဒ်ဖြစ်ပါတယ်။ အခုလို စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေသာမကပဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာပါ သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက ငွေ ၁ သိန်း ၁သိန်း ခွဲကစလို့ သိန်းထောင်ချီတဲ့ ပမာဏအထိ အဆင့်ဆင့်လာဘ်ထိုးပြီး နိုင်ငံရေး နဲ့ဆက်နွယ်လို့ သံသယရှိလို့ ဖမ်းဆီးခံကြရသူတွေ၊ ပိုင်ဆိုင်မှု သိမ်းဆည်းခံရသူတွေလို အမှုအများအပြားမှာ လာဘ်စားမှုတွေ ရှိနေတာ ကိုယ်တိုင်ကြုံတွေ့ရသူတွေရဲ့ ပြောဆိုချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပစ်ခတ်မှု၊ ပေါက်ကွဲမှု တခုခု ဖြစ်ပွားတဲ့အနီးအနားက သူတွေကို သိမ်းကျုံးဖမ်းဆီးသွားတဲ့ အဖြစ်အပျက်မျိုးတွေမှာ ရဲစခန်းတွေ၊ ဖမ်းဆီးစစ်ဆေးတဲ့ အမှုစစ်ဆေးတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုနဲ့ မသက်ဆိုင်ခဲ့ရင်တောင် လာဘ်ငွေ အနည်းဆုံး ၈ သောင်းတသိန်းကနေ တတ်နိုင်ရင် တတ်နိုင်သလို သိန်းဂဏန်းနဲ့ အထိတောင်းခံကြတာ ဖြစ်ပါတယ်။ အလားတူ တစုံတယောက်က သတင်းပေးလို့ တိုင်ကြားခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မနဲ့ စွပ်စွဲခံရသူတွေထဲက သက်သေအထောက်အထား မပြည့်စုံတဲ့သူတွေလိုမျိုးဆိုရင် သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်း နဲ့ အချို့ကိစ္စရပ်တွေမှာ သိန်းထောင်ဂဏန်းအထိ လာဘ်ယူပြီး လွှတ်ပေးကြတဲ့ အဖြစ်အပျက်တွေ တခုမက ရှိနေတာဖြစ်ပါတယ်။ အရင့်အရင် စစ်အစိုးရတွေ လက်ထက် အာဏာရှင်တွေ လက်ထက်မှာတုန်းက နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုကိစ္စတွေမှာ လာဘ်ထိုးတာ ငွေပေးပြီး လွှတ်တာမျိုး မကြားခဲ့ဖူးပေမယ့် အခု စစ်အာဏာသိမ်းပြီး တက်လာတဲ့ စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေ အများအပြား ငွေကြေးတောင်းခံတဲ့ အတွေ့အကြုံကြုံကြရတာ၊ ငွေပေးလို့ လွှတ်ပေးတာတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ မြို့တမြို့က ရဲစခန်းမှူး ဖြစ်သူတယောက်ရဲ့ ဝင်ငွေဟာ တလကို သိန်း ရာဂဏန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး နဲ့ ဆက်စပ်တယ်၊ အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူတွေထံမှ တောင်းခံလို့ရတဲ့ငွေ၊ အခြားသော မူးယစ်ဆေးမှုလို ရာဇဝတ်မှုခင်းတွေနဲ့ပတ်သက်လို့ တောင်းခံရတဲ့ငွေထဲက စခန်းမှူးလုပ်သူက စခန်းအဝင်ဝမှာ စောင့်တဲ့ အစောင့်ရဲကိုတောင် တလ ၁၀ သိန်း ၁၅ သိန်းအထိ ခွဲဝေပေးနိုင်တဲ့ အနေအထားလို့ ဆိုကြပါတယ်။
ဒီလို လာဘ်စားမှုကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အခြေအနေကိုလည်း စစ်ကောင်စီရဲ့ တချို့သော လုံခြုံရေးဝန်ထမ်းတွေက သဘောကျ နှစ်သက်ကြတာ ဖြစ်ပါတယ်။ ဒီလို ခေတ်ပျက်တဲ့ ကာလ၊ ဘယ်သူမှ လူသိရှင်ကြား ထုတ်ဖေါ်မပြောဆိုရဲ၊ သတင်းမီဒီယာလည်း လူမသိအောင် နေပြီးသတင်းရေးသားနေကြရတဲ့ အနေအထားအောက်မှာ လာဘ်စားမှု၊ ခြစားမှုက တရှိန်ထိုး ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ငွေသိန်းထောင်နဲ့ချီ ချမ်းသာတဲ့ လုပ်ငန်းရှင်လိုမျိုးတွေ ဖမ်းဆီးခံရတဲ့ အမှုကိစ္စမျိုးတွေမှာ ဖမ်းဆီးတဲ့ ရဲ၊ စစ်တပ်၊ စရဖ၊ စသုံးလုံး စတဲ့ အဖွဲ့တွေကို လွတ်မြောက်ဖို့ သိန်းထောင်နဲ့ချီ ပေးကြရတဲ့ အဖြစ်အပျက်တွေ ခုနှစ်ပိုင်းမှာ တခုမက ကြားသိနေရတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီလက်ထက်က အစိုးရနဲ့ ပေါင်းပြီး တင်ဒါတွေရလို့ ကြီးပွားခဲ့တဲ့ လုပ်ငန်းရှင်တယောက်ဟာ အခု စစ်ကောင်စီလက်ထက်မှာလည်း တက်လာတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ အဆင်ပြေအောင် ပေါင်းသင်းပြီး စီးပွားရေးဆက်လုပ်ကိုင်နိုင်နေရာက သူ့ရဲ့ လျှို့ဝှက်ချက်တချို့ကို ဆိုရှယ်မီဒီယာမှာ တယောက်က ဖွင့်ချခဲ့ပြီးနောက်မှာ လုပ်ငန်းရှင်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲနောက် လုပ်ငန်းရှင်အနေနဲ့ သိန်း ထောင်ဂဏန်းနဲ့ လာဘ်ထိုးပြီး ပြန်လွတ်အောင် လုပ်နိုင်ခဲ့တဲ့ အဖြစ်မျိုး အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။
ဒီလို လာဘ်စားမှုတွေ ခြစားမှုတွေ အာဏာအလွဲသုံးစား လုပ်မှုတွေက ခေတ်ပျက်မှာ ငွေရလွယ်တဲ့ နယ်ပယ်တခု ခေတ်ပျက်မှာ သုံးနိုင်ဖြုန်းနိုင်ကြတဲ့ လူတန်းစားအလွှာတခုကို ပေါ်ထွက်လာစေတာလည်း ဖြစ်ပါတယ်။
ဘီယာဆိုင်တွေ ၊ ဘားတွေ ၊ နိုက်ကလပ်တွေ မှာ တညတည သိန်း ဆယ်ဂဏန်း နဲ့ချီ သုံးစွဲနိုင်တာတွေဟာ အာဏာနဲ့ လုပ်ပိုင်ခွင့် ရောင်းစားကြတဲ့ ကိစ္စရပ်တွေ၊ စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒ အလွဲတွေ၊ ခုတမျိုးတော်ကြာတမျိုးထုတ်နေတဲ့ အမိန့်တွေရဲ့ အကျိုးဆက် ဒေါ်လာ၊ အိမ်၊ ကား စျေးကစားကြတဲ့ စျေးကွက်လိုမျိုးမှာ အကျိုးခံစားကြရတဲ့ သူတွေရဲ့ သုံးစွဲမှုတွေလို့ မှန်းဆရပြီး နိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး ကသောင်းကနင်းကာလမှာ မျက်နှာပြင်ပေါ် ပေါ်ထွက်လာတဲ့ ရေပွက်တခု လို့မှန်းဆရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar