Breaking News

ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်ရဲက ဖမ်းဆီး၊ လုပ်ကြံသတ်ဖြတ်မှုကို နိုင်ငံရေး နည်းလမ်းတခုအဖြစ် လက်ခံထားကြပြီလား


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၄ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၃

ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်ရဲက ဖမ်းဆီး၊ လုပ်ကြံသတ်ဖြတ်မှုကို နိုင်ငံရေး နည်းလမ်းတခုအဖြစ် လက်ခံထားကြပြီလား

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ထင်ရှားတဲ့ လုပ်ငန်းရှင်ကြီးတွေ အပါအဝင် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတခုကို သွားရောက်စဥ် တည်းခိုရာဟိုတယ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ တရုတ်နိုင်ငံဘက်က တိတိပပ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပဲ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်လို့ဆိုတဲ့ ယေဘုယျဆန်တဲ့ အကြောင်းပြချက်သာ ယူနန်ပြည်နယ် ကူမင်းမြို့မှာရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးကို အကြောင်းကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အများစုကတော့ တရုတ်နိုင်ငံက လတ်တလော စစ်ဆင်ရေး သဖွယ်လုပ်ဆောင်နေတဲ့ တရုတ်ဘာသာနဲ့ “ကျားဖြန့်”လို့ ခေါ်ဆိုတဲ့ အွန်လိုင်းက တဆင့် ငွေလိမ်တာ၊ လူကုန်ကူးတာ၊ နှိပ်စက်တာ စတဲ့ နယ်စပ်ကျော်ဖြတ်ပြီး ကျူးလွန်နေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်မှု သံသယကြောင့် ဖမ်းဆီးတာလို့ ယူဆကြတာ ဖြစ်ပါတယ်။ 

မကြာသေးမီလပိုင်းအတွင်းမှာ “ကျားဖြန့်” ရာဇဝတ်ဂိုဏ်းတွေ နဲ့ပတ်သက်လို့ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့ပြီး နောက်ဆက်တိုက်ဆိုသလို တရုတ်နိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ ဝ ပြည်၊ မိုင်းလား၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတို့မှာ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်တာတွေ ဆက်တိုက်ဆိုသလို သတင်းတွေမှာ တွေ့ရှိနေရတာ ဖြစ်ပါတယ်။ 

မကြာသေးခင်ကာလတွေမှာ UWSA ထိန်းချုပ်ရာဒေသက “ကျားဖြန့်” လုပ်ငန်းလုပ်ကိုင်သူ၊ ဆက်စပ်သူလို့ သံသယရှိသူတွေ ရာ၊ ထောင်ချီပြီး ဖမ်းဆီးကာ တရုတ်နိုင်ငံဘက်ကို ပြန်လွှဲအပ်ခဲ့သလို ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ အခြေစိုက်နေတဲ့ “ကျားဖြန့်” လုပ်ငန်း လုပ်ကိုင်သူ ဆက်စပ်သူလို့ သံသယရှိသူ အယောက် ၃၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ကမှ ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် ပြန်လွှဲအပ်ခဲ့တာ သတင်းထဲ တွေ့ရတာ ဖြစ်ပါတယ်။ ကာစီနို ကစားဝိုင်းလို့ နာမည်ခံထားကြပေမယ့် နောက်ပိုင်း အွန်လိုင်းကနေ ငွေလိမ်တဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ လစာကောင်းတဲ့ အလုပ်နဲ့ မျှားခေါ်ပြီး ဖမ်းဆီးကာ အဓမ္မခိုင်းစေတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ငွေပေးပြီး ပြန်ရွေးရတဲ့ သဘောမျိုးအထိ ပြန်ပေးဆွဲတာတွေ ကျူးလွန်ကြတဲ့ လုပ်ငန်းတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ အခြေစိုက်ထားကြတာ ဖြစ်ပါတယ်။ လူသိအများဆုံးက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက နယ်စပ်ကာစီနိုလုပ်ငန်းတွေရှိတဲ့ ဒေသ၊ ဝဒေသ၊ မိုင်းလား၊ ကိုးကန့် နဲ့ အချို့ဆိုရင် ရန်ကုန်မြို့ပေါ်လိုနေရာမျိုးအထိ ရောက်ရှိပျံ့နှံ့နေကြတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေရဲ့ အကာအကွယ်ယူပြီး အွန်လိုင်းငွေလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေ လုပ်ဆောင်ကြတဲ့ လုပ်ငန်းတွေက မြန်မာအပါအဝင် အရှေ့တောင်အာရှ ရဲ့ နေရာဒေသအချို့မှာ အခြေစိုက်ကြပြီး တရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေ နဲ့လည်း အဆက်အစပ်ရှိကြတဲ့ သဘောလို့ ယူဆရပါတယ်။ အခုအခါမှာတော့ တရုတ်အစိုးရအနေနဲ့ ၄င်းတို့ရဲ့ သြဇာ အာဏာကို အစွမ်းကုန် အသုံးချပြီး မြန်မာနိုင်ငံထဲက ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူဖို့ လုပ်ဆောင်နေသလို ၄င်းရဲ့ သံတမန်ရေးသြဇာကိုလည်း အစွမ်းကုန်သုံးကာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ နယ်နိမိတ်ထဲ အခြေစိုက်နေတဲ့ လုပ်ငန်းတွေကို နှိမ်နှင်းဖို့ လူသိရှင်ကြား ဖိအားပေး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

ခုလို ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးလိုက်ခြင်းက ဒေသတွင်းက ကျန်တဲ့ လုပ်ငန်းရှင်တွေသာမက တရုတ်နိုင်ငံက ဒေသတွင်း အစိုးရတွေကိုပါ သတိပေးလိုက်တဲ့ သဘောလည်း သက်ရောက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်ပြီး ကျန်တဲ့ နိုင်ငံတွေအပေါ် ၄င်းတို့နိုင်ငံရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံသားတွေ “ကျားဖြန့်”လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူပြပြီး ဒေသတွင်းနိုင်ငံတွေကပါ လုပ်ဆောင်ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ မကြာခင်က တရုတ်နိုင်ငံမှာ စတင်ပြသတဲ့ No More Bets လို့အမည်ပေးထားတဲ့ အွန်လိုင်းငွေလိမ်လည်မှုနဲ့ လူကုန်ကူးမှုအကြောင်း ရုပ်ရှင်ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကို ထိပါးစေတဲ့ အတွက်ကြောင့် မြန်မာစစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံ သံရုံးကတဆင့် ကန့်ကွက်စာပေးပို့ထားတဲ့ သတင်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တရပ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီအတွက်  စစ်လက်နက်နဲ့ နည်းပညာပစ္စည်းတွေ ကြားခံ ဝယ်ယူပေးတဲ့ ကုမ္ပဏီပိုင်ရှင်လို့ ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် ဉာဏ်လွင်အောင် ဆိုသူကို ရန်ကုန်မြို့ထဲက လမ်းဘေးထမင်းကြော်ဆိုင်မှာ စားသောက်နေစဥ် မြို့ပြပြောက်ကျား အဖွဲ့တဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဒီမတိုင်ခင် သံလျင်မြို့မှာ နေထိုင်တဲ့ ပုဂ္ဂလိက ဥပဒေဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် မင်းတေဇညွန့်တင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သလို၊ ယခင် စစ်တပ်က အငြိမ်းစားယူခဲ့တဲ့ ဗိုလ်မှူးဟောင်းနဲ့ လက်ရှိ ရန်ကုန်လေဆိပ်ရဲ့ ကန်ထရိုက်ယူထားလုပ်ဆောင်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီက အရာရှိဖြစ်သူတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အဖွဲ့လို့လည်း ယင်းအဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

စစ်ကောင်စီနဲ့ ခရိုနီလို့ ဆိုကြတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား၊ တပ်၊ စစ်ကောင်စီပိုင် ဦးပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင် နေသူတွေ၊ စစ်ကောင်စီဝါဒဖြန့် ယန္တရားမှာ ပါဝင်ပတ်သက်သူတွေ၊ သတင်းပေးသူလို့ သံသယရှိသူ၊ တိုင်ကြားခံရသူ စတဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းနဲ့ အရေးယူတာကို အမျိုးသားညီညွတ်ရေး အစိုးရ၊ အခြားသောနိင်ငံရေးအရ ဦးဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေက ဘယ်လို သဘောထားကြလဲဆိုတာ တိတိပပ ပြောဆိုမှုတွေ ထုတ်ပြန်မှုတွေ မရှိသေးပါဘူး။ 

ရှင်းရှင်းလင်းလင်း မရှိတဲ့ စစ်ရေးပစ်မှတ် အဓိပ္ပာယ် သတ်မှတ်ချက်လိုမျိုးကိုတော့ ရန်ကုန်၊ မန္တလေး အစရှိတဲ့မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒလန်ရှင်းလင်းရေး လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့ဖူးတာ ရှိပေမယ့် စစ်ရေးပစ်မှတ် သတ်မှတ်ချက်၊ အရပ်သားနဲ့ လက်နက်ကိုင် အဖွဲ့ဝင် သတ်မှတ်ချက်တွေ ခုထက်ပို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့နဲ့ မြို့ပေါ်တွေမှာသာမကပဲ ကျေးရွာတွေမှာပါ သတင်းပေး၊ ပျူစောထီး အဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့လည်း မူဝါဒအားဖြင့် အရေးယူမှုအားဖြင့် ရှင်းလင်းပြတ်သားတဲ့ သဘောထား၊ လုပ်ဆောင်မှုတွေ ရှိသင့်တယ်လို့ ထင်မြင်မိပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေဟာ နိုင်ငံရေးအစဥ်အလာအားဖြင့် သော်လည်းကောင်း ၊ ရလဒ်အကျိုးဆက်အားဖြင့်သော်လည်းကောင်း ကောင်းကျိုးမရရှိစေတဲ့ အယူအဆနဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုတာလည်း အလေးထားသတိပြုသင့်ပြီလို့ ယူဆပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar