နေသွင်နိုင်း - ဆင်ခြေဖုံးအရပ်က မိန်းမ
ဆင်ခြေဖုံးအရပ်က မိန်းမ
နေသွင်နိုင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၃
(၁)
လူငယ်ဘဝတခုလုံး
ဂန္ဒီပစ်ချခဲ့တဲ့ဖိနပ်တဖက်ကို မယုံကြည်လို့
ရထားသံလမ်းတွေလို
ခြေဗလာရပ်စောင့်ဖူးသူ
ဆင်ခြေဖုံးအရပ်က မိန်းကလေးတယောက်
ပုံပြောဆရာရဲ့ ပုံပြင်အဆုံးမှာ
ကိုယ့်ဖိနပ်ကိုယ် ကျွတ်မကျအောင်စီးတတ်ဖို့လိုတယ်ဆိုတဲ့သူ့စကား
ငါတို့အားလုံးပြက်ရယ်ပြုတဲ့အခါ
ဂိုးသွင်းပြီး အောင်ပွဲခံသလို ပြုံးပြီး ကြည့်နိုင်သူ။
(၂)
ခေတ်က ဆယ်ဘီးကားကြီးဘရိတ်ပေါက်သလို ဆိုက်ရောက်လာတဲ့အခါ
တချို့ရယ်သံတွေ အေးခဲသွား
တချို့ရယ်သံတွေ ဘုရားနဲ့တရား
တချို့ ဘဝမှာအလေးပင်ဆုံးအရာဆိုလို့
ဝိုင်ခွက်ကို မ ပြီး သောက်ကြရသူများ
တချို့ဂြိုဟ်သားများဟာ ဒဏ်ရာထဲက လောက်ကို ကော်ထုတ်
တချို့ ဆူရှီကို တစ်ကိုက်ချင်းဝါးမြို
တချို့က ကြယ်ဝင်စားအဖြစ်
ကောင်းကင်တော်ကို သိမ်းပိုက်သွားကြတယ်။
(၃)
ငါဖွင့်မပြောမိတဲ့ မိန်းမတယောက်ပါလေ
ဘုရားရယ် ၊ အဖေရယ် ၊ အမေရယ်ပြီးရင်
ငါဦးချရမယ့် လူမိန်းမဟာ
ဝိဘစ္ဆနှစ်ကာလများထဲ
ချေရဲ့ ဆိုင်ကယ်ပေါ် က အလံရဲ့လွတ်လပ်မှုကို
ရင်ခုန်တိမ်းမူးပြီး တူမီးကို မနားတမ်းဖောက်လို့
ငါကတော့ တိုင်းကျိုးပြည်ပြုဖြစ်စေ မရည်ရွယ်ဘဲ ကဗျာရေးလို့
ငါတို့အတွက် ငါတို့ရှိတယ်
တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်ဘာညာ
လူလည်လုပ်နည်းအတတ်နဲ့ အသက်ကို ချွေတာလို့။
ဒီမိန်းမသားရဲ့ ရိုးတွင်းချဥ်ဆီထဲမှာတော့
မိခင်အလံသာ ရှိခဲ့တယ်
မအေးလိုးတွေရဲ့ မဟာဗျူဟာဆိုတာ
ကမ်းကုန်အောင် ရက်စက်ယုတ်မာမှုပဲရှိတယ်ဟဲ့
မြို့ကြီးပြကြီးမှာ တောင့်ခံရစ် ပေတော့တဲ့။
(၄)
သူဟာ နွေဦးတေးသီ ငှက်မလေးတကောင်ပါ
သွေးကို ဓာတ်ခွဲကြည့်ရင်
အဓမ္မကို ခုတ်ထစ်နေတဲ့
သွေးရဲ့အသံကိုသာ ကြားရမယ်
တီကောင်တွေ ပိုးဟပ်တွေ ကြောက်တတ်သူ
မိန်းမတစ်ယောက်ရဲ့ ကြွက်သားများ
အံ့ဩဖွယ်
ခမ်းနားခဲ့လေတယ်။
(၅)
ရက်စက်တဲ့ ဆောင်းရေ...
နှင်းတွေ ပွင့်ဖို့ ဘာလို့ နောက်ကျရတာလဲ
အိပ်မက်တွေ မီးတောက်ထဲ ဘာကြောင့်ပွင့်ရပါသလဲ။
(၆)
မနှစ်က ဆောင်းအဟောင်းထဲ
ရဲဘော်မလေးအတွက်
ဆောင်းဝတ်အနွေးထည်လေးရယ်
ငါ့ဖူဆယ်ဖိနပ်ဟောင်းလေးရယ်
နွေဦးလိပ်စာတပ်လိုက်တော့
တောတွင်းနွေဦးဂျက်မရဲ့ပေးစာတစ်စောင်
အိမ်မပြန်သူရဲ့ ချစ်ခြင်းတရား
စစ်ပွဲကြားမှာ ပွင့်ပြတယ်
ငါ့ရဲဘော်မလေးအတွက်
ပိုနေတဲ ဖိနပ်တစ်ဖက်
ခရစ္စမတ်လက်ဆောင် ပေးလိုက်သတဲ့။
မြို့ကြီးပြကြီးမှာ အအိပ်ကြီးတဲ့ဓား
ကြေကွဲရပါတယ်။
(၇)
ဂန္ဒီရဲ့ဖိနပ်တဖက်ကို ငါမယုံတော့
ဂျက်မရဲ့ ဖိနပ်တစ်ဖက်သာ ယုံတော့တယ်။
(၈)
အသက်ဟာ သွားတိုက်ဆေးလို မဟုတ်ဘူးဆိုပြီး
လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်တဲ့
ဆင်ခြေဖုံးအရပ်မှာနေပြီး ဆီလီကွန်တောင်ကြားအိပ်မက်နဲ့မိန်းမ
ဇီဝလမ်းကြောင်းဟာ ဝမ်းနည်းဖွယ်
မင်းဟာ ငိုဖို့ထိုက်တန်တယ်။ ။
နေသွင်နိုင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar