Breaking News

ကမ္ဘာ့အရေး နဲ့ မြန်မာ့အရေး

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၃


ကမ္ဘာ့အရေး နဲ့ မြန်မာ့အရေး 

ကမ္ဘာကြီးရဲ့ နေရာဒေသ အချို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ ချေမှုန်းရေးတွေ၊ စစ်ပွဲတွေ၊ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ အတွင်း ဖြစ်ရပ်တခုတည်းအတွင်း လူရာပေါင်းများစွာ တခဏအတွင်း သေဆုံးနေကြချိန် မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ လူအရေအတွက် ဆယ်ဂဏန်းမျှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရကာ သေဆုံးနေကြရသလို လက်နက်ကိုင် တိုက်ပွဲတွေအတွင်းမှာလည်း ဒါဇင်မျှ အရေအတွက်ရှိသူတွေ နေ့စဥ် သေဆုံးနေကြရတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေပိုင်ဆိုင်မှုတို့အပေါ် အခြေတည်ပြီး ဖြစ်ပွားလာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်တုံ့ပြန်မှုတွေ၊  အင်အားသုံး ဖိနှိပ်အနိုင်ကျင့်မှုတွေ နဲ့ ဆန့်ကျင်ဘက် အုပ်စုကို တိုက်ခိုက်ရာမှာ ဘယ်သူထိထိ မခွဲခြားပဲ ပစ်ခတ်တိုက်ခိုက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတာ တွေ့ရမှာဖြစ်ပါတယ်။ 

ယခုလတ်တလော အဖြစ်အပျက် ဖြစ်တဲ့ ပါလစ္စတိုင်း နဲ့ အစ္စရေးလ် လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်တုံ့ပြန်မှုတွေ ကိုကြည့်ရင် စစ်ပွဲ၊ လက်နက်ကိုင် တိုက်ခိုက်မှု၊ လက်တုံ့ပြန်မှု နဲ့ လက်စားချေမှုတွေရဲ့ ရက်စက်မှု၊ ဆိုးယုတ်မှု နဲ့ ကောက်ကျစ်မှု အတိုင်းအတာတွေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

သမိုင်းနဲ့ချီတဲ့ နယ်မြေပိုင်ဆိုင်မှု၊ ဒီနယ်မြေဒေသရဲ့ မူလ နေထိုင်သူ၊ တိုင်းနိုင်ငံ ကိုးကွယ်ရာ ဘာသာ၊ ယုံကြည်မှုတွေ ရှိသလို ခေတ်သစ်သမိုင်းလို့ဆိုရမယ့် ပြီးခဲ့တဲ့ မျိုးဆက် ၂/၃ ဆက်အတွင်း ဘယ်လိုတွေ ပိုင်ဆိုင်နေထိုင်ခဲ့ကြသလဲ ဆိုတဲ့အပေါ်လည်း ကိုးကားကာ မူလပိုင်ဆိုင်သူနဲ့ ကျူးကျော်သူ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ၊ မိမိတို့နိုင်ငံ ၊ နယ်မြေချဲ့ထွင်မှု၊ အသစ်အခြေချမှုတွေ နဲ့ အခြားသော လူမျိုး၊ ကိုးကွယ်ရာမတူသူတွေကို ဖယ်ရှားနှင်ထုတ်မှုတွေ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ ဆေးရုံတရုံ တိုက်ခိုက်ခံရမှု တနည်းအားဖြင့် ပေါက်ကွဲမှုမှာ လူ့ အသက်ပေါင်း ၅၀၀ ဝန်းကျင် မိနစ်ပိုင်း နာရီပိုင်းအတွင်း သေဆုံးခဲ့ကြရတဲ့ အဖြစ်အပျက်က လတ်တလော ပဋိပက္ခဖြစ်စဥ်တခုလုံးကို လွှမ်းမိုးသွားတဲ့ ကြေကွဲစရာ ဖြစ်ရပ်၊ နောက်ထပ် မကျေနပ်မှု၊ နာကြည်းမှုတွေ ထပ်မံမွေးထုတ်နိုင်တဲ့ ဖြစ်ရပ်တခု ဖြစ်လာပါတယ်။ 

အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ဖြစ်ပွားနေတဲ့ ဂါဇာမြို့ထဲက ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် ဒုံးကျည်ထိမှန်မှုမှာ ဆေးရုံမှာ ကုသနေကြတဲ့ လူနာ၊ ကျန်းမာရေးဝန်ထမ်း ၊ မိသားစုတွေ ၅၀၀ လောက် တနေရာထဲမှာ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်က စစ်ပွဲရဲ့ ရက်စက်မှု၊ ဆိုးယုတ်မှု အပြစ်မဲ့တဲ့သူတွေကိုလည်း အလွတ်မပေးတဲ့ အခြင်းအရာ တွေကို မျက်နှာဖုံးခွာချပြီး ပြသလိုက်သလို ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှု သို့မဟုတ် ကြီးမားတဲ့ ပေါက်ကွဲမှုရဲ့ လက်သည်က ဘယ်သူလဲဆိုတာ စတင်အငြင်းပွားစရာ အကြောင်းအရာ တရပ်ဖြစ်လာနေပါတယ်။ ဂါဇာ ကမ်းမြောင်ရဲ့ မြောက်ပိုင်းကို နေ့စဥ်ရက်ဆက် လေကြောင်းက တိုက်ခိုက်နေတဲ့ အစ္စရေးစစ်တပ်က ၄င်းတို့ရဲ့ လက်ချက်မဟုတ်ဘဲ အစ္စလာမ်မစ်ဂျီဟဒ် အဖွဲ့ရဲ့ ဒုံးကျည် မှားယွင်းကျရောက်မှုလို့ စွပ်စွဲပေမယ့် ပါလစ္စတိုင်းတွေဘက်ကတော့ အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတရုံလုံး ထိမှန်ပြီးအခုလို သေဆုံးကြရတာလို့ ပြောဆိုလိုက်ပါတယ်။ 

စစ်ပွဲဖြစ်ပွားလာခဲ့ရင် ပထမဆုံး ပျောက်ဆုံးသွားတာ၊ တနည်းအားဖြင့် ကျဆုံးသွားတာက အမှန်တရား လို့ဆိုရိုးစကားရှိပါတယ်။ စစ်ပွဲထဲမှာ ပါဝင်နေတဲ့သူတွေ အနေနဲ့ စစ်ပွဲအောင်နိုင်ရေး အတွက် အမှန်တရားဆိုတာကို ဘေးချထားလိုက်ကြပြီး ဘာမဆို လိမ်လည်ရဲ မှ၊ ဟုတ်တာကို မဟုတ်တဲ့အကြောင်း ပြောရဲမှ၊ မဟုတ်တာကို ဟုတ်တယ်လို့ဆိုရဲမှ စစ်ပွဲမှာ အနိုင်ရမယ်လို့ ခံယူထားကြတာ ဖြစ်ပါတယ်။ 

အခု ဆေးရုံတိုက်ခိုက်ခံရပြီး လူ ၅၀၀ ကျော် သေဆုံးမှုနဲ့ ပတ်သက်လို့ လူအများလက်ခံတဲ့ အမှန်တရားက ပေါ်ထွက်လာနိုင်ဖို့ မရှိတော့ဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ပွဲတပွဲကို ဆက်လက်တိုက်ခိုက်နိုင်ဖို့ရာ လူအင်အား၊ လက်နက် နဲ့ ငွေကြေးတို့ လိုအပ်သလို နာကျည်းမှု၊ မကျေနပ်မှု၊ ယုံကြည်မှု၊ ခံစားချက်တွေလည်း လိုအပ်တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ဆယ်စုနှစ်နဲ့ချီတဲ့ စစ်ပွဲတွေ အုပ်ချုပ်သူအဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ စစ်ပွဲတွေ ရှိခဲ့ကြရာမှာ ယုံကြည်မှု၊ နာကျည်းမှု၊ မကျေနပ်မှုစတဲ့ ခံစားချက်တွေကို အခြားသော ရုပ်ဝတ္တု၊ နယ်မြေတွေနဲ့အတူ လက်ဆင့်ကမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ အောင်ပွဲရတဲ့ ဘက်၊ အသာစီးရတဲ့ဘက်ကတော့ နယ်မြေတွေ ၊ ပိုင်ဆိုင်မှုတွေ၊ အရင်းအမြစ်တွေ လက်ဆင့်ကမ်းကြသလို ရှုံးတဲ့ဘက်ကလည်း နာကျည်းမှုတွေ၊ လက်တုံ့ပြန်ဖို့ ခံစားချက်တွေ၊ ဒဏ်ရာတွေကို လက်ဆင့်ကမ်းခဲ့ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကမ္ဘာမှာ ဖြစ်ပျက်နေသလို မြန်မာနိုင်ငံမှာလည်း ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်းစစ် အမွေကို ဆက်ခံခဲ့ကြပြီး အခုမကြာသေးခင် စစ်အာဏာသိမ်းမှု အပြီးမှာတော့ လက်ဆင့်ကမ်းယူဆောင်လာတဲ့ ပြည်တွင်းစစ်မီးက ပိုပြီးအရှိန်အဟုန်နဲ့ ပြန်လည် တောက်လောင်လာတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တာ၊ အနိုင်ကျင့်ခဲ့တာ၊ အဓမ္မစေခိုင်းခဲ့တာ ၊ သယံဇာတ၊ ခံစားခွင့်တွေ ခွဲဝေမှု မညီမျှခဲ့တာတွေက ပြည်တွင်းစစ်ပွဲရဲ့ လက်ဆင့်ကမ်း မောင်းနှင်အားတွေ ဖြစ်ပြီး ခုအချိန်မှာ နိုင်ငံရဲ့ နေရာအနှံ့တောက်လောင် နေတာလည်း ဖြစ်ပါတယ်။ 

ဂါဇာက ဆေးရုံပေါက်ကွဲမှု သို့မဟုတ် တိုက်ခိုက်ခံရမှုမှာ အစ္စရေးလ် လေတပ်က ၄င်းတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုသလိုပဲ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းက လိုင်ဇာမြို့အပြင်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာ မုန်လိုင်ခတ် ကျေးရွာမှာလည်း မကြာသေးခင်ရက်ပိုင်းက ပေါက်ကွဲမှု သို့မဟုတ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အရပ်သား ၃၀ နီးပါး မိနစ်ပိုင်း နာရီပိုင်းအတွင်း သေဆုံးကြရသလို အခြားဒါဇင်နဲ့ချီတဲ့ အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လက်နက်ကိုင် အဖွဲ့တွေကို ဒုက္ခသည်စခန်းတွေကို လက်နက်ကြီးနဲ့ လေယာဥ်နဲ့ တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ရဲ့ တိုက်ခိုက်မှုကို အဲဒီဒုက္ခသည်စခန်းမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ သိုလှောင်ထားရာက ပေါက်ကွဲမှုဖြစ်ပွားလို့ အသက်ဆုံးရှုံးကြရတဲ့ သဘော ပြောဆိုခဲ့ပါတယ်။ စစ်ပွဲ တပွဲဖြစ်ပွားလာရင် အမှန်တရားက ပျောက်ဆုံးသွားပြီး စစ်ပွဲမှာ လူ့အသက်တွေ သတ်ဖြတ်ဖို့တောင် ဝန်မလေးကြတော့ပဲ အခုလို ဖြစ်ရပ်တွေရဲ့ အချက်အလက်အမှန်တရားဟာလည်း ပေါ်ထွက်လာဖို့ မရှိတော့တဲ့ သဘောလို့ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ပွဲတပွဲမှာ စစ်ပွဲကို ဆက်လက်ရှည်ကြာအောင် မကျေနပ်မှုတွေ၊ နာကျည်းမှုတွေနဲ့ လက်နက်၊ ငွေကြေး အင်အားတွေ ဖြည့်ဆည်းပေးရတာ ဖြစ်ပြီး ရုပ်ဝတ္တုနဲ့ စိတ်ပိုင်းဆိုင်ရာ ၂ မျိုးစလုံး အင်အားရှိနေဖို့ ဝါဒဖြန့်ချိရေးကိုလည်း လျစ်လျူရှုလို့ မရတဲ့ သဘောလည်းဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar