Breaking News

မောင်ဘဦး - စစ်အာဏာရှင်တို့၏ အတိတ်ကတည်းက နိုင်ငံရေးခင်းကျင်းလာနေပုံ အချို့

Image- Credit

စစ်အာဏာရှင်တို့၏ အတိတ်ကတည်းက နိုင်ငံရေးခင်းကျင်းလာနေပုံ အချို့
မောင်ဘဦး
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၃

၁၉၉၀ လောက်က မှတ်သည်။ "ဆားဗစ် အနည်းဆုံး ၂- နှစ် အသက် ၄၀-အောက် လက်ထောက်ဆရာဝန်များ၊ 'အမ်အက်စီ' အထူးကုဖြေခွင့်ပြု သည်" တဲ့။ သညက္ခန္ဓာမှတ်ဉာဏ်တွေက 'အရေခွံ- သွား-ခြေသည်း လက် သည်း - အမွှေး- ဆံပင်' တွေ နှင့်အတူ လျော့တိလျော့ရဲ ဖြစ်ကုန်ပြီ။ တဖြုတ်ဖြုတ် သေနေပါကြောင်းလည်း ထင်ရှားစွာ သက်သေပြချေပြီ။ ယခုအချိန်တွင် အငြိမ်းစားရော အငြိမ်းမစားသည့် 'ဆိမ်းဘက်ခ်ျ' တွေပါ အငြိမ်းချမ်းဆုံးသောနေရာမှာ အိပ်စက်အနားယူကုန်ကြပြီလေ။

ကြိုတင်ပြောပါရစေ။ မှတ်မိသမျှ ဖောက်သည်ချခြင်းသာ ဖြစ်ပါ၏။ အတိတ်ကို တူးဆွ၊ 'နေဝင်း - စန်းယု'စစ်အစိုးရ အတင်းအဓမ္မ သိမ်းယူခဲ့သော၊ ပါလီမန်ဒီမိုခေတ်၏ လက်ကျန်လေးတွေကို 'သညာ'ဖြင့် ပြန်လည်ကာ နွှေး၊ တရေးရေးမြင်ယောင်မိခြင်းသာဖြစ်ပါ၏။ ထိုဒီမိုလက်ကျန် လေးတွေကိုပင် ပြောင်စင်သည်အထိ တဖြည်း ဖြည်း ဖျက်ဆီးခြင်းခံရသည့်အကြောင်းများကိုလည်း ပြန်လည်မြင်ယောင်မိခြင်းဖြစ်ပါ၏။ သည့် အတွက် စာဖတ်သူတို့အလိုမကျသည်များ ပါကောင်းပါသွားနိုင်သည့်အတွက် ကြိုတင်လျက် တောင်းပန်အပ်ပါ၏။

အလိုမကျသည်ကား၊ အာဏာသိမ်းစစ်အစိုးရနှင့် ပေါင်းစား,ပေးစားသူများသာ များပေမည်။ များလွန်းလှ၍ လည်း ၂၆ နှစ်၊ နောက်ထပ် ၃၃ နှစ်၊ ဟော... အခု ၃ နှစ်ကျော်လာသည်အထိ စစ်အုပ်စု၏ လက်ခုပ်တွင်းမှာသာ ရောက်ရှိရပြန်ပြီလေ။ လွန်လေပြီးသော ၂၆ နှစ်, ၃၃ နှစ်တို့တွင် ကား၊ ငွေ, သမီး, သား စသည် ပေးစားကြ, ပေါင်းစားကြရုံသာ ဖြစ်ပြီး၊ ယခု ၃ နှစ်က,မူ ပေါင်းစားရုံမျှမက၊ "နန်း-ဒလန်-ပျူ"၊ လူကိုယ်တိုင်ပါ 'လှူဒါန်း'ကြတော့သည်လေ။ မယုံချေက အန်စီအေ သွားကြည့်။ ပျူရွာတွေသွားကြည့်။ အထက ,တီတီစီ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းတွေ ကျောင်းဆင်းချိန် သွားကြည့်။ မြေစာရင်း, ကညန, လဝက, လျှပ်စစ်ရုံး သွားကြည့်။ 'ဗိုက်နာလို့ လာရပါသည်' ချည်း။ 'စားစရာမရှိလို့ လာရပါသည်' ချည်း။ နည်းနည်းလောက်ပင် မအောင့်နိုင်။ မည်သို့ပင် ဖြစ်စေ၊ 'ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်စေဖို့' ကြိုတင်လျှက် တောင်းပန်ပါ၏။
အဓိကရည်ရွယ်ရင်းကား စစ်အာဏာရှင်တို့၏ နိုင်ငံရေးအခင်းအကျင်း၊ ရည်မှန်းခြင်းကြီးလှစွာ ကြိုတင်အချိန်ယူ ပြင်ဆင်ပြောင်းလဲဲလာပုံ တစိတ်တပိုင်းကို နောင်လာနောက်သားများ သိရှိစေရန်သာ ဖြစ်ပါ၏။ ပါ့ပလစ် ပြည်သူ့စာရိတ္တကိုဖျက်၊ ဒင်းတို့၏ မစ်လ်ထရီစစ်အုပ်စုဖက်က သာ အရာရာကြီးစိုးစေချင်သည့်စိတ်က လွှမ်းမိုးနေပြီး၊ ဒင်းတို့ချည်းသာ တိုင်းပြည်အတွက် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း၊ ပြည်သူအပေါင်း စစ်တပ်ကိုသာ အထင်ကြီးအားကိုးလာစေရန်၊ စီမံကိန်းချ ကြံဆောင်နေကြခြင်းကို သိစေလိုရင်းသာ ရည်ရွယ်ပါ၏။

"... ဆရာ။ ညနေက ဆရာ့မိန်းမ ဖုန်းဆက်တယ် ဆရာ။ ဆရာ့သားလေး နေကောင်းတယ်တဲ့၊ နောက်တခေါက် ရန်ကုန်ဆင်းခါနီး ဖုန်းဆက်ပါဦးတဲ့ ...။"

ဆလိုင်းပိုက်အဟောင်းလေးများကို ညှပ်ကာဖြတ်ကာဖြင့် စက်ဘီးသော့ တွဲ ငါးရုပ်လေးထိုးနေသည့် စတပ်အစ်မကြီးလှမ်းပြောလိုက်မှ နိုက်မဝင်မီ အိမ်ရှင်မတို့ဆီ ဖုန်းဆက်ဖို့ သတိရတော့သည်။ 'စာတိုက်ကနေ ငွေလှမ်းပို့ပေးလိုက်ပါဦး' ကိုတော့ အဖေအမေတို့ဆီ ဆက်ခဲ့ပြီးသား။

ဆက်သွယ်စရာက 'ငှက်ခါးလေးတွေ အခါခါနားလို့၊ သက်ထားလေးဆီ စာလွှာပါးသည့်' စာတိုက်ခေတ်။ 'ဖုန်း'ဟူ၍ ဆေးရုံကြီး 'ဝပ်' ထဲက လက်လှည့်အထိုင်ဖုန်း အမဲကြီးတွေပဲ ရှိသည်။ နောက်ပိုင်းတော့ ဒစ်ဂျစ်တယ် ဆိုလား၊ ခလုပ်နှိပ် အဖြူအထိုင်ဖုန်းအပြားလေးတွေ ဖြစ်လာသည်။ ဆေးရုံအုပ်ကြီးရုံးခန်းထဲတွင်တော့ လက်လှည့်အထိုင်ဖုန်းအနီကြီးတစ်လုံး မြင်သည်၊ ဆက်တော့ မဆက်ဖူးပါ။ နောက်ပိုင်း အထူးကုတက်စဉ် မိဘဆီကို ပိုက်ပိုက်တောင်းဖို့၊ ယောက္ခမအိမ်ပို့ထားသည့် သားအမိနေကောင်းလား မေးဖို့၊ အိပ်ချိန်းရုံးမှာ တန်းစီပြီးသွားပြောလို့ ရလာသည်။ နက်ဖြန် 'ဒေးအော့ဖ်' ဆိုတော့ အိပ်ချိန်းရုံးကိုပဲ သွားဆက်ရပေမည်။

၈၈ နောက်ပိုင်း ဆက်သွယ်ရေးတာဝါတိုင်တွေ လုပ်လာတော့ ဗွီအိုင်ပီတွေကို ဖုန်းချပေးသည်။ သူတို့ကအပြင်မှာ ပြန်ရောင်းစားသည်။ ဒါပေမယ့် ဆင်းကတ်တစ်ခု သိန်းနှစ်ဆယ်,အစိတ်။ ဂျီပီလေးမှ ခပ်ဖျောက်ဖျောက်၊ လက်ထောက်ဆရာဝန်လစာ ဖိုးဖစ်ဖတီး အစိတ်တိုးလေးနှင့် ဘဦးတို့ မကိုင်နှိုင်။ စမ်းသပ်ခ ၂၀၀/ ခေတ်၊ စီအက်စ်လစာ နှစ်‌ထောင့်တစ်ရာ ရပြန်တော့လည်း မကိုင်နိုင်။ နောက် ၄ နှစ် စီနီယာစီအက်စ်လစာ တစ်သောင်းခွဲဖြစ်တော့လည်း မဝယ်နိုင်သေး။ ထမင်းလခက ၃၅၀၀/လေ။ ပိုက်ဆံဝါလားမိဘရဲ့ တလေတယောက်တော့ ခါးမှာချိတ်လာတာ မြင်ဖူးသည်။

စစ်အာဏာရှင်ဟူသမျှ ဒီမိုကရေစီကို သဘောမကျ။ 'ဘိုင်သယ် ပီးပဲ- ဖေါ်သယ်ပီးပဲ' ဆိုတာကြီးကို လုံးဝမလိုလား။ အာဏာရှင်၏ တသွေးတသံတမိန့်သာ ဖြစ်လိုသည်။ ထို့အတွက် ၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်း ကစတင်၍ ပါလီမန်ဒီမိုစနစ်၏ လက်ကျန်အပေါင်း၊ အကုန်ပြောင်းပစ် သည်။ မော်တော်ယာဉ်များ ယခင်လက်ဝဲကပ်မောင်းစံနစ်ကို လက်ယာကပ်မောင်းစနစ် ပြောင်းသည်။ ယခင် အင်္ဂလိပ်ရုံးသုံးကို မြန်မာစာရုံးသုံး ပြောင်းသည်။ ဆေးကျောင်း'အနာတမီ', 'မယ်မစ်လိယ ဘုန်း' ကိုပင် 'မယ်မိလအတက်'ဟုပြောင်းသည်။

မန်းဆေးကျောင်းတက်စဥ်၊ လူနာနှင့်ဆရာဝန် တဦးအပေါ်တဦး ယုံကြည်လေးစားအားကိုးသမှုအပေါင်း ရွှေထီးဆောင်းစဥ်ကာလ၊ ဟိုး အရှေ့ဖက်ဆုံးက အုတ်ကြွပ်မိုးသစ်သားနံကပ်တစ်ထပ်ဆောင် 'ချိုင်းဝပ်'၊ သူ့အနောက်ဖက် တစ်ထပ်ဆောင်က၊ အဆိုတော်ကြီး ဒေါ်မေရှင် မကြာခဏတက်သည့်၊ ဆရာကြီးဦးထွန်းသင်၏ 'အမ်ယူသရီး'၊ သူ့နောက်ကျောက နာ့စ်ကွာတား။ ဆေးရုံ-ဓမ္မာရုံဘေးက ဘုန်းကြီးရုံ၊ သူ့အနောက်ဖက်ဆက်ရလျှင်၊ 'အမ်ယူ ဝမ်း,တူး၊ အက်စ်ယူဝမ်း,တူး'၊ တတိယထပ်က 'အိုဂျီ-ဂိုင်'၊ အက်စ်ယူတူးမြောက်ဖက်ဆက်လျက် ဒုတိယထပ်က သွေးဘဏ် ဘလပ်ဘင့်, ပုလိစ်ကေ့စ်, ဖီစီအိုသရဖီ, ကက်ဆာဝပ်။ သည်ကမြောက် မော်ကျူရီ, ဘွိုင် လာနှင့်  တစ်ထပ်အလုပ်သမားတန်းလျား။ သူ့အနောက်ဖက်က ဆိုက်ကရက်ထရစ်-စိတ္တဇဆေးရုံနဲ့ ခြေတုလက်တု။ ပြီးတော့ ဟောက်ဆာဂျင်များ၏ သစ်သား၂ ထပ်ဆောင်၊ သူ့တောင်ဖက် ၇၈ လမ်းဆေးရုံထွက် ပေါက်အနီး ဘူတာကြီးအရှေ့လမ်း ၃၀ တောင်မျက်နှာလှည့်က 'အိုပီဒီ' ပြင်ပလူနာဌာန။ အပြင်ဖက်ထွက် ပေါက်နားက 'ကိုအောင်သန်း' မုန့်ဟင်း ခါးဆိုင်။ ဆရာကြီးဦးထွန်းသင်တို့ခေတ်၊ မော်ကျူတီ-ဦးချစ်လှနှင့်သူ့မိခင်ကြီးတို့ခေတ် ကိုတော့၊ ဖိုင်နယ်-ပတ်ဝမ်း,ပတ်တူး၊ မောင်ဘဦး လူလားမမြောက်ခင်ကမို့ ထားရစ်ခဲ့ပါမည်။

မဆလ ခေါ် မမဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဘယ်လိုပုဂ္ဂိုလ်မျိုးက တီထွင်ပြီး၊ ဘယ်လိုဗိုလ်ချုပ်တွေက သူတို့သားသမီးတွေကို လုပ်ပေးချင်လို့လဲတော့ မသိ။ " ဆားဗစ် အနည်းဆုံး ၂ -နှစ် အသက် ၄၀- အောက် လက် ထောက်ဆရာဝန်များ၊ 'အမ်အက်စီ' အထူးကု ဖြေခွင့်ပြုသည်" တဲ့။

၈၈ နောက်ပိုင်းတွင် ဦးနှောက်ယိုစီးခြင်း ခေါ် အတတ်ပညာရှင်တော် တော်များများ နိုင်ငံရပ်ခြားသို့ ထွက်သွားကုန်ကြသည်။ အမိနိုင်ငံအတွင်းမှာက 'ပညာရေး' ကို တန်ဖိုးထားရကောင်းမှန်း မသိ၊ လက်နက် ရှိသူတို့၏ကြီးငယ်နိုင်ညှဉ်းလုပ်လာကြခြင်း၊ လာဘ်ပေးလာဘ်ယူ အခြေ တည်လာခြင်းတို့က၊ တစတစ ဆိုးရွားလာနေချိန် ဖြစ်သည်။

အနှီနိုင်ငံမှာနေထိုင်ပါက၊ 'ရေဗူးပေါက်တာ မလို- ရေပါတာပဲလိုချင်သည့်' အဆိုအမိန့်အရ၊ လုပ်လက်စ, အရေးပေါ်လူနာကို ထားရစ်ခဲ့ပြီး၊ ခါးမှာ'ဗျောက်' ချိတ်ထားသည့် လူကိုလူလိုမမြင်ကြသော လူမဆန်, သီလပျက်အကျင့်ပျက်, သူခိုးဓားပြစစ်ခေါင်းဆောင်တွေကို လက်အုပ်ချီ ခရီးဦးကြိုပြုနေကြရသည်ဆိုတော့၊ စီနီယာရော, ဂျူနီယာရော, 'ဆိမ်းဘက်ခ်ျ' တွေရော၊ တော်တော်များများ နိုင်ငံခြားသို့ ထွက်သွားကြသည်။ ထိုသို့ ထွက်ကုန်ကြတာကိုပင် ထိန်းချင်လို့လား၊ ၎င်းတို့၏သားသမီးမြေးမြစ်တွေထဲကပဲ 'အကြီး'ဖြစ်စေချင်လို့လားတော့ မသိ။ 'အမ်အက်စီ-ပို့စ်ဂရက်' ကို ကြေညာလိုက်သည်။

'အမ်အို-ဆားဗစ်', လထဆရာဝန်လုပ်သက် တစ်နှစ်တစ်နှစ်တိုးတိုင်း အမှတ်ပေးသည့်နည်းဆိုတော့ လုပ်သက် ၁၀ နှစ်ကျော် မောင်ဘဦးကို 'အမ်အက်စီ' ဝင်ဖြေဖို့၊ ဆိမ်းဘက်သူငယ်ချင်းများက ရော၊ အမ်-အက်စ်,စီနီယာ-စီအက်စ်, ဆေးရုံအုပ်ကြီး,ဆရာကြီးတွေက ပါ အကြံပေးကြ တိုက် တွန်းကြသည်။ ထိုစဉ်က ယခုလို 'စီအက်စ်, ဒီစီအက်စ်,နှင့် အက်ဖ်အေ' ဆိုတာတွေတောင် ကောင်းကောင်းမရှိသေး။ 'စီအက်စ်-ပို့စ်' သည်ပင် 'အမ်အက်စီ-စီအက်'ဖြစ်တာက များသည်။ နောက်ပိုင်းကျမှ၊ 'အက်ဖ်အာစီပီ,အက်ဖ်အာစီအက်စ်' တို့ ရောက်လာကြငြား၊ အဆိုပါ 'စီနီယာ-အမ်အက်စီ' ဆရာကြီးများ၏ လက်ထောက်အဖြစ်သာ ရှိကြသေးသည်။ ပြောရစေတော့၊ 'ခွာရာ' မတိုင်းကြသေးပဲ 'အတွေ့အကြုံ-သဘာ'ကို လေးစားကြတုန်း။
   
ဆေးရုံလူနာများကို 'ရောင်း'လှည့်ကြည့်ချိန်က၊ တောတော မြို့မြို့၊ နံနက် ၈ နာရီဆိုလျှင် အချိန်မှန်။ ရှင်လောင်း လှည့်သလို တစုတဝေးတည်း။ အထူးကုတဦးချင်းစီ တကွဲတပြားစီ လာ၊ သူ့လူနာဆီ သူသွား၊ ကိုယ့်လူနာဆီ ကိုယ်ဝင်၊ 'ရောင်း' သည့်အစဉ်အလာမဟုတ်သေး။ မိမိတို့ပြင်ပဆေးခန်း လူနာကုန်ချိန် နေ့လည် ၁၂ နာရီ- ၁ ချက်မှ 'ရောင်း' သည်မဟုတ်။ 'ချစ်ကေ့စ်' မရှိ။ ပကတိ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ လေးလေးစား စား။ လူနာပြည်သူများအဖို့ တကယ့် ရွှေထီးဆောင်း ကာလ။ ၆၂ ခုနှစ် 'နေဝင်း' အာဏာမသိမ်းခင်က ပါလီမန်ဒီမိုကရေစီစံနစ် အတိုင်း။ နောက်ပိုင်း၊ 'သကောင့်သား'တွေ, ဒင်းတို့အနွှယ်တွေဝင်လာမှ ပျက်စီးရတော့သည်။ ဖျက်ချင်နေသည်ကိုး။

၆၂ အာဏာသိမ်းပြီး အစ,ပိုင်း၊ အလယ်ပိုင်းနီးနီးအထိ အကျင့်မပျက်သေး။ ကဗျာဆရာ မောင်စန်းသော် ခေါ် ဆာဂျင်ကြီး ကိုခင်မောင်ရီဆိုလျှင်၊ နံနက် ၈ နာရီထိုးသည်နှင့် ဆေးရုံကြီးသို့ တိုက်ပုံကြီးနှင့် ဆိုက္ကားစီး ရောက် လာပြီး၊ လူနာဆောင်ဆီသို့တန်းဝင်လေ့ရှိရာ၊ နံနက်ခင်း ဆရာကြီး 'ရောင်း'ချိန်ဆိုလျှင်၊ 'ဝပ်' ထဲက အမ်အို,စစ်စတာနှင့် နာ့စ်များခမျာ နောက်ကလိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားကြ ရသည်။ ထားပါတော့။

"... ဆားဗစ် ဒီလောက်တောင်ရှိပြီ။ 'ပရက်တီကယ် လည်း ကောင်းသား' ဆိုတော့၊ ဖြေစမ်းပါဟ။ ဟိုတုန်းကလို 'တင်းပြည့်'တွေ အရံပါတီဝင်တွေ ဆိုတာ မရှိတော့ဘူး။ ဖြေပေတော့ ကိုယ့်လူ၊ နောက်မှာ ဒို့ရှိတယ် ...။"

မြှောက်ပေး ‌ေ-ွးတက်အောင် က,တတ်သော မောင်ဘဦးလေးမှာ 'ဖောင်' တင်ပါပြီ။ 'လက်တွေ့' များရာ၊ လွယ်မည်ထင်တဲ့ ဘာသာရပ်ကိုပဲ ရွေး ချယ်လိုက်သည်။ 'သီးစစ်' တင်သည်။ မှတ်မှတ်ရရ၊ လက်ထောက် ဆရာ ဝန်ဘဝက ဆရာ့ဆရာကြီးတွေနှင့် မကြာခဏတွဲ၍လုပ်ခဲ့ဖူးသော လက် တွေ့လေးကို တင်ခဲ့သည်။ ထိုခေတ်က ဆရာ့ဆရာကြီးတွေ အလွန်တော်၊ စိတ်ရင်း အလွန်ကောင်းကြသည်၊ လက်ထောက်ဆရာဝန် ကို 'ပေး' လုပ်သည်။ "ငါမလာခင် ကြိုလုပ်ထားတာ ဘယ်ကောင်တုန်းကွ" ဟူ၍ မရှိ။ ယခုခေတ် 'ဟောက်စ်' လေးတယောက် ပြောဖူးသလို၊ "အထူးကု ၃-ယောက်မယ် ဘယ်သူ့ 'အဖေ' ခေါ်ရမှန်းကို မသိတော့ဘူး ဗျာ" ဟူ၍မရှိ။ စာချော်မည်စိုး၍ ဤမျှနှင့် ထားခဲ့ပါရစေ။

တကယ်တမ်းဖြေတော့ ဆေးခန်းလေးကို ခေတ္တ ပိတ်ထားခဲ့ရသည်။ ကလေးငယ်နှင့် ဇနီးသည်ကို ယောက္ခမတွေဆီပို့၊ လစာ'ဖိုးဖစ်ဖတီး'လေး နှင့်ခြိုးခြံချွေတာရတော့သည်။ ဖုံတက်နေသော စာအုပ်တွေကိုလှန်လှောရသည်။ စာကြည့်တိုက်က စာအုပ်ငှားရသည်။ ဆရာကြီးတွေဆီက စာ အုပ်ငှားရသည်။ 'အနာတမီ ဆင်ပို့ဆစ်' တို့ ဘာတို့ ညာတို့ကို 'ပိုတိုစတက်' ဆွဲရသည်။ ထိုစဉ်က မိတ္တူသည်ကား မှုန်သည့်စာက မှုန်၊ ဝါးသည့်စာက ဝါး၊ မထင်သည့် စာက မထင်။ စာမျက်နှာက ကျ,ကျန်ရစ်သေး။ ယခုခေတ်လို 'ဂူးဂဲ' ခေါက်လို့ မရ၊ 'ဒေါင်းလုပ်' ဆွဲစရာ မရှိ။

'ပို့စ်ဂရက်' ခေါ် အထူးကုအတွက်က ပြည်နယ်နှင့်တိုင်းမှာ တစ်ကြိမ်ဖြေရသည်။ အောင်လျှင် ရန်ကုန်သွား၍ ဒုတိယအကြိမ် ဖြေရသည်။ စာတွေ့-သီဝရီ ၂ ကြိမ်လုံး အောင်ပြန်တော့၊ လူတွေ့နှုတ်ဖြေ 'ဗိုက်ဗာ' ဝင်ရပြန်လေသည်။ စာတွေ့-သီဝရီ ၂ ချီ,၂ မောင်း ဖြေဆိုအောင်မြင်ခဲ့သော 'စပယ်ရှယ်လစ်လောင်း' တွေမှာ 'ဗိုက်ဗာ' ပါ အောင်ပါက ရန်ကုန်-ဆေး ၁ တွင် အထူးကု ၂ နှစ် တက်ကြရသည်။

သက်ဆိုင်ရာဘာသာရပ်တခု၌၊ စုစုပေါင်းဆန်ခါတင် ၆- ယောက် ၇-ယောက် တက်ခွင့်ရကြသည်တွင်၊ အကြိတ်အနှယ်မဖြေဆိုရပဲ အလိုလို တန်းစီစနစ်ဖြင့် ဝင်ရောက်လာသည့် မျက်နှာစိမ်းက ၃-ယောက်တိတိ ပါလာသည်။ ထို ၃- ယောက်မှာ တပ်ထဲတွင် တန်းစီဇယားအဖြစ်ရှိနှင့်ပြီးသော 'မိုကျရွှေကိုယ်' များ ဖြစ်ပြီး၊ သီဝရီ-ဗိုက်ဗာ ဖြေစရာမလို။ အော်တိုငုတ်တုပ်၊ တကယ့်မိုးပေါ်ကျ အဟုတ်။ ၂၀၂၁ ခု အာဏာမသိမ်းခင် ဒီမိုအစိုးရလက် ထက်က၊ တမတ်သား လွှတ်တော်ကစလတွေလိုပဲဖြစ်သည်။ တမတ်သားများမှာ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံစရာ မလို၊ မည်သည့် မြို့နယ်,ခရိုင်, ပြည်နယ်,တိုင်းကို ကိုယ်စားပြုသည် ဟူ၍မရှိ။ အော်တိုဝင်၊ အော်တိုထွက်။ ဒင်းတို့ချင်း မျက်နှာကြောမတည့်လျှင် (ဝါ) ကောင်းကောင်း 'မဂါ' လျှင် အော်တို ထွက်။ 'ကြက်-အကြီး၊ ဖဲ-အစီး'၊ လူထုအပေါ် အစစအရာရာအသာစီးယူချင်ကြသော စစ်ဗိုလ်ချုပ်ကြီးများပါပေ။ အသာစီးယူလာနေပြီ။

စာတွေ့လူတွေ့ ၃ ချီ ၃ မောင်းဖြေခဲ့ရသူ ကျန် ၄- ဦးမှာ 'ပတ်ပလစ်' ခေါ် အရပ်သားထဲက ဖြစ်သည်။ သည့်အတွက်၊ တိုင်းနှင့်ပြည်နယ်လား၊ ပြည် နယ်နှင့်တိုင်း လား၊ ၁၄- ခုထဲမှ မောင်ဘဦးဖြေဆိုသည့် ဘာသာရပ်တမျိုးအတွက် 'အမ်အက်စီ လောင်းလျာ' ဆန်ကာတင်မှာ ပြည်သူ့ဖက်က စုစုပေါင်းမှ ၄-ယောက်သာ ရသည်။
အရပ်သားခွဲတမ်း ၄- ယောက်ထဲက ကိုပင်၊ "ဘယ်သူကတော့ ဗခမောင်အေး 'ပီအေ' ၏ညီ၊ ကရင်ဂတုံးကြီး စော...၏ သား၊ တိုင်းမှူး...၏ သားမက်။" ဤသို့ဤနှယ် စွက်ဖက်သေးသည်။ သတ္ထုချသော် ... ပြည်သူလူထုအတွက်၊ ၇- ယောက်တွင် ၁-ယောက်သာ မကောင်းတတ်လို့ ပါရတော့သည်။ 'ကံကလောင်းလို့ ဖားလောင်း စပါယ်ရှယ်လစ်' ဖြစ်ခွင့်ရခဲ့သည့် မောင်ဘဦး ပါကလား။

စစ်တပ်ခွဲတမ်းအတွက် ထက်ဝက်ကျော်ယူသော ဘာသာရပ်ကား၊ စစ်သုံးအတွက် 'အော်သို, ဆာဂျရီ, မယ်ဒီကယ်'လောက်တင် မဟုတ်။ 'ချိုင်း,အိုင်း, အီးအယ်န်တီ,အိုဂျီ'၊ အွန်ကော်‌လဂျီ-ရေဒီယိုလော့ဂျစ်၊' ရှိသမျှရသမျှ အကုန်ညှစ်ယူလေသည်။
 
စပါယ်ရှယ်လစ် ဖြစ်စ,က၊ 'ပေါ်လီကလင်းနစ် စပါယ်ရှယ်လစ်' အထူးကုဆေးရုံဆေးခန်းကြီးတွေ များများစားစားမရှိသေး။ မန္တလေး ဆေးရုံကြီးမြောက်ဖက် ၂၉ လမ်းမှာ တဲတန်းရှည် ဒေါက်တာမြမြဝင်း - 'သစ္စာဓာတ်မှန်' တော့ ရှိလာပြီ။ သူမ၏အိမ်ဦးနတ်ကြီးမှာလည်း ဆေးမန်း ပါချုပ် မဖြစ်သေး။ ချင်းပြည်နယ်'ဖလမ်း'မှာ 'လိုင်မီး', ချင်းအရက်လေး နှင့် 'အိုဂျီ' ဦးဝင်းကိုတို့၊ 'ချိုင်း' ကိုအောင်ကြည်ဝင်းတို့၊ 'ဖီဆစ်ရှင်' ကိုတင်ထွဋ်တို့နှင့်အတူ 'ဆာဂျင်စပါယ်ရှယ်လစ်' ဖြစ်ကာစ, ရှိသေး။

ဟိုယခင်က၊ လ/ထဆရာဝန်,ဆရာဝန်ကြီးများအဖို့ သက်ဆိုင်ရာ လူနာများအတွက် လွယ်ကူသက်သာ စစ်မှန်သည့်ဆေးဝါး ရရှိကြစေရန် ကုန် သွယ်ဝန်ကြီးဌာနဆေးနှင့်ဆေးပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်းမှ ဆေးခွဲတမ်းစာရင်း,'ကိုတာ' များ ပေးပို့၍ထားသည်။ လူနာများအတွက် လိုအပ်ပါက အဆိုပါစာရင်းဇယားအရ ဝယ်သောက်ရန် ဆရာဝန်များက ဆေးညွှန်းရေးပေးကြသည်။ လူနာရှင်ပြည်သူများအဖို့ ဈေးနှုန်းလည်းသက်သာ ဆေးအမျိုးအစားလည်းမှန်ကန် လွယ်ကူစွာ ရရှိကြသည်။ ၈၈-နောက်ပိုင်းမှာတော့ ၎င်းဆေးခွဲတမ်းစံနစ်ကို ဖျက်ပစ်လိုက်သည်။ စစ်တပ်ထဲတွင်တော့ 'နေမြဲ' ။

၈၈ နောက်ပိုင်း 'ဘီပီအိုင်'ဆေးဝါးများကို 'ဘားမား'အစား ' မြန်မာ' 'အမ်ပီအက်ဖ်' သို့ အမည်ပြောင်းသည်။ 'ရန်းဂူး' ကို ရန်ကုန်၊ 'မော်လမင်း'ကို မော်လမြိုင်၊ 'ဘေဆင်း' ကို ပုသိမ်၊ 'အက်ခ်ကျတ်' ကို စစ်တွေ၊ ပါလီမန်ဒီမိုစနစ်ကအမည်တွေကို အကုန်ပြောင်းပစ်သည်။ ထို ဘီပီအိုင်ဆေးဝါးများမှာ စစ်တပ်အတွက် လုံးဝအသုံးမလို ပိုလျှံမှသာ လူထုဆီရောက်ရှိလာသည်။ ပြည်သူပိုင် ဆေးဝါးစက်ရုံတံဆိပ်၏ အောက်မှာပင် 'တပ်မတော်-အုန်းလီး' (စစ်တပ်သုံးရန် သီးသန့်)ဟူ၍ပင် ပိုင်စိုးပိုင်နင်း ရိုက်နှိပ်ထားလိုက်သေးသည်။ သို့သော်ငြား ဆေးရုံကြီးနားက ပြင်ပဆေးဆိုင်များထံ နောက်ဖေးပေါက်မှ ရောက်လာတာပဲ ဖြစ်သည်။

၈၈-ခုနှစ် ဒုတိယမ္ပိ စစ်အာဏာမသိမ်းခင် အထိ၊ တက္ကသိုလ်အားလုံး ညီ ညွတ်ကြသည်။ အာအိုင်တီ,စက်မှူသူငယ်ချင်းက ရထားဆင်းလျှင် လမ်း ၃၀ အတိုင်း ခြေလျင်လျှောက်၊ မင်္ဂလာဈေးဒေါင့်နားအရောက် တောင်ဖက်ဆက်သွား၊ မောင်ဘဦးတို့ ဆေး/မန်း၊ 'အောင်ဆန်း'သစ်သား ဆောင်ကြီးမှာဝင်အိပ်၊ ဗောဓိကုန်းထိပ်က 'မိန်း'ထဲ စကားသွားပြော၊ အဆင်ကို ချောလှသည်။

မိမိတို့ကလည်း ရန်ကုန်ဘူတာဆင်း၊ လမ်းမတော်ဆောင် သူငယ်ချင်းတွေဆီ ဝင်အိပ်၊ မနက်မိုးမလင်းခင် ကမ်းနားမှာ ထမင်းကြော်စား၊ ပြီးမှ ကိုယ်လိုရာသွား။ တခါတလေ 'တကောင်း,ပုဂံ' ပညာရေးတက္ကသိုလ် မြဝတီ,နဝဒေး ဘီအီးဒီ အဆောင်ကြီးတွေဆီ ပြေးနားမလား၊ သမိုင်းကျောင်း ဆောင်ကင်းပတ်စ်ထဲက 'မေခ,မေလိခ, ခပေါင်း,ဒူးယား၊ အီကိုသူငယ် ချင်းတွေဆီ သွားနားမလား။ ဒါမှမဟုတ် ခဝဲခြံ,အာအိုင်တီ 'အေ,ဘီ,စီ, ဒီ, အီး အက် နဲ့ တခုတည်းသော အမျိုးသမီးဆောင်'ဂျီ''၊ အင်/ယာ လောင်းတွေဆီ ဝင်။ ထပ်ပြီး ခြေတံရှည်ချင်သေးသပဆိုလျှင်တော့ အင်းစိန် ဘီအိုစီမှတ်တိုင်နားက တိ/ကု ဧရာဝတီဆောင်ဆီထိသွား။ ဆဲဗင်း - ဂျူလိုင် အကြောင်းလား၊ ဘာလားညာလား၊ သတင်းစကား အစုံကြား။ အချိတ် အဆက်က အလွန်ကောင်းတုန်း။ ဒါ့ကြောင့်လည်း စစ်ခေါင်းဆောင်များ အကြောက်ဆုံး။

နောက်ပိုင်း တဖြည်းဖြည်းနှင့် ဝေးလံခေါင်းပါး တောကြီးမျက်မည်းဆီတို့သို့ တက္ကသိုလ်များကို ခွဲထုတ်ပါတော့သည်။ လက်တွေ့လုပ်စရာ သင်ထောက်ကူက နတ္ထိ၊ ဆရာဆရာမက မပြည့်စုံ၊ အတင်းရောဇွတ်ရောပင် ရွှေပြောင်းခိုင်းတော့သည်။ လူစုခွဲတော့သည်။ မလိုက်ချင်လျှင် လာဘ်ထိုးပေတော့။ စစ်အာဏာရှင်တွေဆီ ကပ်ကြပေရော့။ အာဏာရှင်တွေဆိုတာက တက္ကသိုလ်တွေညီညွတ်နေသည်ကို ကြောက်ကြသည်လေ။
အရွှေ့အပြောင်း လူကြားကောင်းအောင် ယူနီဗာစီတီအဆင့်ထိ တိုးမြှင့်ပေသိ 'ယူနီဗာစီတီလယ်ဗယ်' မပြည့်စုံ။ အဆိုးဆုံးက တိုင်းပြည်အနာ ဂတ်၏အဓိက အခန်းကဏ္ဍဖြစ်သော ဘီအီးဒီပညာရေးတက္ကသိုလ်ကို 'အောက်' ပစ်လိုက်ခြင်း ဖြစ်သည်။ ပညာရေး-ဒီပလိုမာကိုသာ ပေးစေ။

ကျောင်းသားတွေ ညီညွတ်နေသည်ကို စစ်အာဏာရှင်တွေ ကြောက်ကြသည်။
 ပြည်သူတွေ ညီညွတ်နေသည်ကို စစ်အာဏာရှင်တို့ လုံးဝ ကြောက်ကြသည်။
   မညီမညွတ် နွားကွဲလေမှ ကျားဆွဲနှိုင်မည်လေ။
   ညီညွတ်ကြပါစို့၊ ညီညွတ်ကြပါစို့၊ ညီညွတ်ကြပါ ဗျို့...။

စစ်အာဏာရှင်စနစ် လုံးဝ ပျက်သုဉ်းစေရမည်။
မောင်ဘဦး
(၈၅၊ ကျွတ်ဆန်း ၅)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar