Breaking News

ထရန့်၊ ဘိုင်ဒင်၊ ကယ်လီဖိုးနီးယားနဲ့ သောင်းပြောင်းထွေလာ

ထရန့်၊ ဘိုင်ဒင်၊ ကယ်လီဖိုးနီးယားနဲ့ သောင်းပြောင်းထွေလာ

နိုင်ငံတကာသာဂိ၊ မိုးမခ၊ အောက်တိုဘာ ၁၆၊ ၂၀၂၃


ဒီနေ့ ထူးခြားတဲ့သတင်းကတော့ - ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးမှုနဲ့ တရားစွဲခံထားရတဲ့ သမ္မတဟောင်း ထရန့်ကို ဝါရှင်တန်မြို့တော် ပြည်ထောင်စု တရားသူကြီးက တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး အသေရေပျက်အောင် စော်ကား ပြောဆိုမှုမျိုးတွေကို ရုံးတော်၊ ခုံသမာဓိလူကြီးများ၊ အမှုနဲ့ ပတ်သက်သူများကို ပြောခွင့် မရှိဘူးလို့ တားမြစ်လိုက်ပါတယ်။ သို့သော် ယေဘုယျအားဖြင့်  လွတ်လပ်စွာ ဝေဖန်ခွင့်တော့ ရှိတယ်လို့ ခွင့်ပြုပါတယ်။ 

သဘောကတော့ ထရန့်၏ ထုံးစံအတိုင်း သူ့ကို လူတွေက မနာလိုလို့ လုပ်ကြံနေတယ်၊ အမေရိကန်သမ္မတကြီး ဘိုင်ဒင် မကောင်းဘူး၊ ဘာညာ ပြောခွင့်ရှိပေမယ့် သူတရားစွဲဆိုခံရတဲ့အမှုပေါ် မူတည်ပြီး တရားသူကြီးတွေကို အမှုနဲ့ ပတ်သက်သူတွေကို စော်ကားပုတ်ခတ်တာ ရန်လိုစကားပြောတာ အကြမ်းဖက်ဖို့ ပြောဆိုတာ လုပ်ခွင့် မရှိဘူး လို့ ဆိုလိုတာပါ။ သမ္မတဟောင်း ဖြစ်နေပြီး လက်ယာစွန်းတွေ ရှေးရိုးစွဲအကြိုက် အသည်းစွဲ အဖိုးကြီးဆိုတော့ သူပြောတာကို မြန်မာပြည်သိန်းတန် တီဗီပေါ် တက်ပြီး တောင်ပြော မြောက်ပြောပြောတာ ကြိုက်သလိုမျိုး အမေရိကန်အချို့က ကြိုက်တာကြတာကိုး။ အမေရိကန်က ဒီမိုကရေစီဆိုတော့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ဆဲဆိုခွင့် စော်ကားခွင့်ကြားက စည်းမျဉ်းကို ဥပဒေနဲ့ အတော်ကို တားယူရတာ တွေ့ရပါတယ်။

အမေရိကန်သမ္မတကြီး ဘကြီး ဘိုင်ဒင်ကတော့ အစ္စရေးကို သွားပြီး ကိုယ်တိုင် အားပေးမယ်လို့ ဆိုတယ်။ စိုးရိမ်တဲ့သူတွေက ဘကြီးဘဒင်အတွက် အသက်ဘေးဖြစ်မှာ စိုးရိမ်ကြပါတယ်။ အစ္စရေးကို ပစ်ထောက်ခံထားပေမယ့် အပြစ်မဲ့ ပါလစ္စတိုင်းပြည်သူတွေကို ဒုက္ခမရောက်အောင် သက်ညှာစွာ အကာအကွယ်ပေးရမယ်လို့လည်း ဘိုင်ဒင်က ဆိုလိုက်ပါတယ်။ အစကတော့ အစ္စရေးတွေ ကြိုက်တာလုပ် ဆိုပေမယ့် အခု ဟားမတ်စ် အကြမ်းဖက်အဖွဲ့ ခြေကုပ်ယူထားရာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးစစ်တပ်က ဝင်သိမ်းပြီး ရှင်းလင်းရင် ပါလစ္စတိုင်းပြည်သူတွေ မြေဇာပင်ဖြစ်မှာကို နိုင်ငံတကာက လူလိုသိသော လူသားဆန်သော အသိုင်းအဝိုင်းနဲ့အတူ စိုးရိမ် ပူပန်တဲ့အကြောင်း အမေရိကန်က ပြောဖော်ရတဲ့ သဘောပါပဲ။ အမေရိကန်မှာကလည်း တစိတ်ရှိ ၂ ခြမ်း ၃ ခြမ်း ကွဲချင်ကြတော့ အခု အစ္စရေး ပါလစ္စတိုင်း အရေး ဆန္ဒပြကြ ကန့်ကွက်ကြနဲ့ တခြိမ်းခြိမ်းကိုးဗျ။ အမေရိကန်မြိ့ကြီးတမြို့မှာ ပါလစ္စတိုင်းသား ကလေးငယ်တဦးကို အမေရိကန်အစွန်းရောက်တဦးက အမုန်းစိတ်နဲ့ သတ်ဖြတ်လိုက်လို့ အမှုတောင် ကြီးကုန်နေတာကိုး။ 

ကယ်လီဖိုးနီးယားကတော့ ပြည်နယ်ဝန်ကြီးချုပ် ခေါ်ခေါ် အုပ်ချုပ်ရေးမှူး ဆိုဆို နယူးဆွန်က သည်အချိန်မှာ ပြည်နယ်လွှတ်တော်က တင်သွင်းတဲ့ ဥပဒေတွေကို ပြည်နယ်အတွင်း သက်ရောက်အောင် အတည်ပြုတာ ပယ်ချတာတွေ လုပ်နေပါတယ်။ သည်တခါတော့ အစားဆိုးဆေး အနီရောင်တမျိုးကို တရားမဝင်ဘူးလို့ သတ်မှတ်လိုက်ပါတယ်။ ကလေးတွေက အဲသည်အနီဆိုးဆေးနဲ့ စားစရာတွေ စားရင် အလွန်အမင်း စိတ်တက်ကြွလှုပ်ရှားတာ ဖြစ်တဲ့ တုန့်ပြန်ချက်တွေ ခံစားရတယ်လို့ ဆိုပါတယ်။ ဒီလိုသတ်မှတ်တာက ပြည်ထောင်စုအဆင့် သတ်မှတ်ရမှာ ပြည်နယ်က ဘာလို့ သတ်မှတ်တာလဲလို့ အစားအသောက်ကုမ္မဏီတွေက စောဒက တက်ကြပါတယ်။ သို့သော် ကယ်လီဖိုးနီးယားပြည်နယ်က စီးပွားထိပ်သီးပြည်နယ်ဆိုတော့ သူပြောသမျှ တင့်တယ်လေ့ ရှိတော့ တချို့ကုမ္မဏီတွေက ဆိုရင် အဲသည်ဆိုးဆေးအနီနဲ့ အစားအသောက် မထုတ်တော့ဘို့ ပြင်ဆင်နေကြပါပြီ။ ကယ်လီဖိုးနီးယားက စလိုက်ရင် အမေရိကန်တပြည်လုံး နောက်က လိုက်လုပ်တယ်လို့ ဆိုရိုးက ရှိသကိုး။

အမေရိကန်ရောက် မြန်မာတွေကလည်း သူတို့ပြည်နယ်ကောင်းကြောင်း ဆိုရှယ်မီဒီယာမှာ တက်ကြွယ်ကြလေ့ရှိပါတယ်။ အဲသည်ထဲမှာ ပြည်နယ်၏ လူမှုရေး နိုင်ငံရေး စိတ်နေသဘောထား ဆက်ဆံရေး စတာကို ကိုယ်တိုင် သိ ကိုယ်တိုင် ခံစားပြီး ပြောကြဆိုကြတာမျိုးလေးတွေလည်း သာဂိကိုယ်တိုင်လည်း လိုက်လံ ရှာဖွေ စောင့်ဖတ်လေ့ရှိပါတယ်။ အခြားပြည်နယ်က ထူးခြားတာတွေရှိလဲ ပြောပြပါဦးမယ်။ ကယ်လီဖိုးနီးယားမကောင်းတာ အမေရိကန်မကောင်းတာလည်း ပြောပေးရမှာပေါ့ ခင်ဗျာ။ တော်ကြာ ပုဆိန်ရိုးဆိုပြီး မြန်မာပြည်ကလှမ်း ဝေဖန်နေကြပါမယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar