Breaking News

ကိုသန်းလွင် - တရုတ်ပြည်ဝန်ကြီးချုပ်ဟောင်း လီကာချင်း (၁၉၅၅-၂၀၂၃)


ကိုသန်းလွင် - တရုတ်ပြည်ဝန်ကြီးချုပ်ဟောင်း လီကာချင်း (၁၉၅၅-၂၀၂၃)

(မိုးမခ) အောက်တိုဘာ ၃၁ ၊ ၂၀၂၃


( ၁ )

တရုတ်ပြည်၏ ဝန်ကြီးချုပ်ဟောင်း လီကာချင်း (Li Keqiang) သည် ပြင်ပ ပရိုက်ဗိတ် ကုမ္ပဏီများ ကို နိုင်ငံပိုင်ကုမ္ပဏီများသဖွယ် လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ကြွေးကြော်ခဲ့သော်လည်း သမ္မတ ရှီကျင်းဖျင့်၏ လွှမ်းမိုးမှုအောက်မှ ရုန်းမထွက်နိုင်ခဲ့ပါ။ သူသည် လွန်ခဲ့သောသောကြာနေ့ (၂၇ အောက်တိုဘာလ) က ကွယ်လွန်သွားခဲ့ပါပြီ။ သူသည် အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။

မစ္စတာလီသည် ရှန်ဟိုင်းမြို့သို့ အလည်သွားရင်း ကြာသပတေးနေ့က နှလုံးတွင် (attack) ရခဲ့ပြီး သောကြာနေ့ည သန်းခေါင်ကျော်ချိန်တွင် ကွယ်လွန်ခဲ့သည်ဟု တရုတ်ပြည် တယ်လီဗီးရှင်းက ကြေညာခဲ့ပါသည်။

မစ္စတာလီမှာ စီးပွားရေးတွင် ပီအိပ်ဒီ ဘွဲ့ရခဲ့ပြီး လီကိုနိုမစ် (Likonomic ) ခေါ် စီးပွားရေးတွင် လီဝါဒကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်ပြီး မော်စီတုံးအလွန် ပညာတတ်လူငယ်များ၏ခေတ်၌ သူတို့အရေးပါပုံကို ဖော်ဆောင်နိုင်ခဲ့သူ ဖြစ်ပါသည်။ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် စီးပွားရေးတွင် ဈေးကွက်၏ အရေးပါပုံကို သိရှိပြီး ပရိုက်ဗိတ် ကုမ္ပဏီများကို နိုင်ငံပိုင်ကုမ္ပဏီများနည်းတူ တူညီသော အခြေအနေ ဖြစ်စေရမည်ဟု အာမခံခဲ့သူ ဖြစ်ပါသည်။ နိုင်ငံတော်၏ ချေးငွေ၊ မြေနှင့် အခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများကို ပရိုက်ဗိတ်ကုမ္ပဏီများအနေဖြင့် တန်းတူအခွင့်အရေးရစေရမည်ဟု အာမခံခဲ့သူ ဖြစ်ပါသည်။

သို့သော် သူနှင့် သူ၏ အပေါင်းအပါများမှာ သြဇာလွှမ်းမိုးနိုင်မှု၌ အကန့်အသတ်များ ရှိခဲ့ပါသည်။ သမ္မတ ရှီကျင်းဖျင့် အနေဖြင့် နိုင်ငံပိုင်ကုမ္ပဏီများ၏ အရေးပါမှုကိုသာ ဦးစားပေးကာ သူနှင့်သဘောတူသူများသာ သူ့ကို ဝိုင်းရံထားကြသည်။ လွတ်လပ်သော ပရိုက်ဗိတ် ကုမ္ပဏီများအပေါ်တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့ပြီး နိုင်ငံ၏ တိုးတက်ထွန်းကားရေးထက် ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုကိုသာ ဦးစားပေးခဲ့သည်။

ဆစ်ဒနီမြို့မှ စီးပွားရေးပညာရှင်တစ်ဦးက လီကာချင်းသည် ကုန်လွန်သွားခဲ့ပြီဖြစ်သော ခေတ်တစ်ခေတ်၏ စီးပွားရေးကို ထူထောင်သူတစ်ဦး မဟုတ်ခဲ့ပါ။ သူသည် သမ္မတ ရှီကျင်းဖျင့် လွှမ်းမိုးမှုအောက်တွင် “ ထိုကဲ့သို့ စီးပွားရေးတိုးတက်အောင် လုပ်မည်ဟု အမြင်ရှိသူများမှာ ဖယ်ရှားခြင်းခံခဲ့ရသည်” ဟု သူ သေဆုံးသည့်သတင်း ကြားသည်နှင့် မှတ်ချက်ပေးသည်။

( ၂ )

လီကာချင်းမှာ သူ၏ သက်တမ်းနှစ်ခု ကုန်ပြီးသည့်နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုသည့်အတိုင်း မတ်လက အနားယူခဲ့သည်။ သူသည် အခြားဝန်ကမ်းများနည်းတူ စီနီယာနေရာများ၌ တာဝန်ပေးခြင်းကို ခံရနိုင်ပါသည်။ သို့သော် သူသည် လွန်ခဲ့သော အောက်တိုဘာလက ရာထူးမှဖယ်ရှားခံခဲ့ရပြီး ၂၄ ဦးပါ ပါတီ၏ ပေါလစ် ဗျူရိုအဖွဲ့တွင်လည်း ပါဝင်ခြင်း မရှိတော့ပေ။ ပေါလစ်ဗျူရိုအဖွဲ့ဝင်လူကြီး ဆိုသည်မှာ တိုင်းပြည်တွင် သြဇာအာဏာ ရှိသည့်နေရာ၌ ဒုတိယတန်းက ပါဝင်သည့်နေရာ ဖြစ်သည်။ သူ၏အနာဂတ်ရေးရာမှာ ထိုစဉ်က စတင်၍မသေချာ မရေရာဖြစ်နေခဲ့သည်။

လီကာချင်းကို ၁၉၅၅ ခုဇူလိုင်လတွင် အန်ဟွီနယ် (Anhui Provice) ၏ မြို့တော် ဟီဖိုင် (Hefei)  တွင် မွေးဖွားခဲ့သည်။ မိခင်နှင့် ဖခင်မှာ ဒေသဆိုင်ရာမှ ပါတီတွင် မထင်ရှားသောသူများ ဖြစ်သည်။ လီဖန်စန် (Li Feng San နှင့် သူ့မိန်းမ ကိုလီဂျွမ်း (Cao lijun) တို့မှ မွေးဖွားသည်။ သူ ကွယ်လွန်ချိန်တွင် သူ့မိန်းမ အင်္ဂလိပ်စာ ပရော်ဖက်ဆာ ဒေါက်တာချန်းဟောင် (Dr Cheng Hong) နှင့် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။

သူသည် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ဆယ်နှစ်ကျော် ပိတ်ထားခဲ့သော တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်ကာ ကျော်ကြားလှသော ပီကင်းတက္ကသိုလ်တွင်ဝင်ခွင့်ရရှိခဲ့သည်။ သူသည် ဥပဒေ သင်တန်းသားတစ်ယောက် ဖြစ်ပြီး သူ့မိတ်ဆွေအများအပြားမှာ ၁၉၈၉ ဇွန်လ တီရင်မင် (Tiananmen Square) အရေးအခင်းတွင် ပါဝင်ပြီး သူပုန်များဖြစ်ကာ နိုင်ငံခြားရောက်သူ ရောက်၊ မဟုတ်လျှင်လည်း တိုင်းပြည်တွင်းတွင် မထင်မရှား နေထိုင်ကြသူများ ဖြစ်ကုန်ကြသည်။

သူ၏ ကျောင်းသားအဖော်တစ်ယောက်ကမူ မစ္စတာလီသည် အင်္ဂလိပ်စာကို အသေအချာလေ့လာသည်၊ စကားလုံးအသစ်များကို အမြဲရွတ်ဆိုနေသည်၊ အစားအသောက်အတွက် တန်းစီနေစဉ်မှာပင် သူ စာရွတ်ဖတ်သံကို ကြားနေရသည်ဟု ရေးဖူးသည်။

သူ၏အမြင်မှာ အနောက်တိုင်းယဉ်ကျေးမှုကို ဦးစားပေးသော အမြင်ပင် ဖြစ်ပါသည်။ သူသည်လက်ရှိ လူ့အဖွဲ့အစည်းကို သည်အတိုင်းသာ မြင်လိုသော ကွန်ဆာဗေးတစ် တစ်ယောက် မဟုတ်ပါ။ သူနှင့်အတူ အင်္ဂလိပ် တရားသူကြီးတစ်ယောက် ရေးသော စာအုပ်ကို ဘာသာပြန်ဖူးသူ ယန်ဘီကွီ (Yang Buikui) ကမူ သူသည် ပါးစပ် ဟလိုက်တိုင်း မော်စီတုံး၏ ဝါဒတွေကိုသာ ပြောတတ်သူ မဟုတ်ကြောင်း ပြောဖူးသည်။ သူသည် နိုင်ငံခြားတွင် ပညာသင်ရန် လျှောက်ထားဖူးသည်။ သို့သော် တက္ကသိုလ်မှ ကျောင်းဆရာနှင့် အသိုင်းအဝိုင်းက မသွားစေချင်ကြ။ သူသည် မကြာမီမှာပင်တက္ကသိုလ်ကျောင်းသားအသင်းအဖွဲ့ (Youth Leagne) ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။

သူ၏ ကျောင်းနေဘက်အများစုမှာ ပညာရေးတွင်ဖြစ်စေ၊ ပြင်ပတရားရေးရာဌာနများမှာဖြစ်စေ၊ နိုင်ငံရေးအမြင်များမှာ အစိုးရကို ဆန့်ကျင်သောအမြင်ရှိသူများသာ ဖြစ်ကြပါသည်။ မစ္စတာလီ ကမူ ကွန်မြူ နစ်ပါတီတွင် အရာရှိတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပါသည်။ လူငယ်အဖွဲ့တွင်ပါဝင်ခဲ့သည်။ ထိုမှတဆင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ကာ ပါတီတွင် အရေးပါသော လူတစ်ယောက်ဖြစ်လာခဲ့သည်။

၁၉၉၈ ခုနှစ်မစ္စတာလီ ၄၂ နှစ်အရွယ်တွင်သူသည်ဟီနန်(Henan)နယ်၌တိုင်းပြည်၏အငယ်ဆုံးဂါဗာနာ တစ်ယောက်ဖြစ်လာခဲ့သည်။ ပါတီတွင်ခေါင်းဆောင်တယောက်ဖြစ်လာသည့် နောက်ပိုင်းတွင် တစ်နေရာပြီးတစ် နေရာအရေးကြီးသောတာဝန်များကိုယူခဲ့ရသည်။ သူဦးဆောင်နေသောကာလတွင်သူ့နယ်၌ HIV ကူးစက်တတ် သောရောဂါပိုးများ ပါဝင်သည့် သွေးများကို အရောင်းအဝယ်တခုဖြစ်ပွားခဲ့သည်။ ဟီနန်နယ်က ဆင်းရဲသားရပ်ကွက်တွင် ဖြစ်ပွားခဲ့သောအမှု ဖြစ်သည်။ ၂၀ဝ၄ ခုနှစ်ကုန်ခါနီးတွင် လီယိုနစ် (Liaoning) နယ် ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ထိုစဉ်ကထိုနယ်များမှာ တိုးတက်မှုနှေးကွေးသောနေရာများဖြစ်ကြသည်။

သူ၏ ပညာရပ်ဆိုင်ရာ မြင့်မားသောဒီဂရီ၊ သူ၏နယ်အမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံများကြောင့် ထိုစဉ်က ပါတီအထွေထွေအတွင်းရေးမှူး ဟူဂျင်တော (Hu Jintao) ၏ မျက်စေ့ကျခြင်းကိုခံခဲ့ရ ရသည်။ ပါတီတွင် အရေးကြီးဆုံးနေရာနှင့်ပါတီ၏ထိပ်တန်းအရာရှိများ၏ မျက်စိကျခြင်းကို ခံရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပါတီတွင် ဟူဂျင်တောကို ဆက်ခံမည့်သူအဖြစ် ကျော်ကြားနေခဲ့သည်။ သို့သော်  ပါတီအတွင်းတွင် Princeling ခေါ် ပါတီခေါင်းဆောင်ဟောင်းများ၏ သားသမီးများဟူ၍ ရှိကြရာ ထိုအထဲမှ တယောက်ကို ပါတီ၏ ခေါင်းဆောင်အဖြစ် ၂၀၁၂ ခုနှစ်တွင် တင်မြှောက်ခဲ့ကြပါသည်။ ဤနည်းဖြင့် ရှီကျင်းဖျင့်မှာ ပါတီခေါင်းဆောင် တိုင်းပြည်၏ သမ္မတ ဖြစ်လာခဲ့သည်။ မစ္စတာလီမှာ အမှတ်နှစ်နေရာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သော မစ္စတလီကာချင်း၏ ပထမဦးဆုံးမိန့်ခွန်းတွင် ပရိုက်ဗိတ် ကုမ္ပဏီများ၏ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသော အဟန့်အတားများကို ဖယ်ရှားရမည်ဟူ၍ ဖြစ်ပါသည်။ “ပြုပြင်ရေးလုပ်ငန်းများ၏ သဘောမှာ အစိုးရ၏ လုပ်ပိုင်ခွင့်ပါဝါများကို ကန့်သတ်ရာရောက်သည်ဟု ဖြစ်ချင်ဖြစ်ပါစေ” ဟု သူ၏ ရာထူးလက်ခံသော ပထမဆုံးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းကို တနိုင်ငံလုံး ကြားစေရန် တယ်လီဗီးရှင်းမှ လွှင့်ခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း ရှီကျင်းဖျင့်က ပေါ်လစီရေးရာ ကိစ္စများတွင် မစ္စတာလီ ကိုဘေးချိတ်ထားခဲ့သည်။ အမျိုးသားလုံခြုံရေးစီးပွားရေး၊ ဘဏ္ဍာရေးကိစ္စများနှင့် ပတ်သက်၍ ကော်မရှင်များ တခုပြီးတခု ဖွဲခဲ့ရာ ယခင်က ဝန်ကြီးဌာနများမှ တာဝန်ကို ယူခဲ့ပြီး ဝန်ကြီးချုပ်တွင် အဆုံးသတ်ရသော်လည်း ယခုမူ ဝန်ကြီးချုပ်မှာ တိုင်းပြည်၏ အရေးကိစ္စများတွင် မဆိုင်သလိုဘေးသို့ ရောက်နေခဲ့လေသည်။

လီကာချင်း မှာ သမ္မတရှီကျင့်ဖျင့်ကို ဗြောင်ကျကျ ဝေဖန်ခြင်း၊ လူသိရှင်ကြား မေးခွန်းထုတ်ခြင်းများ မပြုလုပ်ခဲ့ပေ။ သို့သော် သူကိုယ်သူကိုမူ အချက်ကျကျ ဆွေးနွေးညှိ့နှိုင်း၍ရသော သူအဖြစ် ပုံဖော်ခဲ့သည်။

( ၃ )

လွန်ခဲ့သော ဩဂုတ်လက လီသည် စက်မှုလက်မှုထွန်းကားသော ရှန်ဇန်းနယ်သို့ ခရီးထွက်ခဲ့သည်။ အမြင့် ၂၀ ပေရှိသော ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်၏ ကြေးသွန်းရုပ်တုကို အလေးပြုခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များက တရုတ်ပြည်၏ စီးပွားရေးကို ဈေးကွက်စီပွားရေးဖြစ်အောင် ပုံဖော်ခဲ့သော ခေါင်းဆောင်ကြီး ဖြစ်သည်။ ဤခရီးစဉ်မှာ အဓိပ္ပာယ် Symbolism အပြည့်ရှိသော ခရီးစဉ်ဖြစ်ခဲ့သည်။ ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် တိုင်းပြည်တွင် အခက်အခဲများ တွေ့ကြုံနေရချိန် ဖြစ်သည်။ လီကာချင်းက “ကျွန်တော်တို့ ကလေးတွေဟာ ကျွန်တော်တို့ထက် သာတဲ့ဘဝကို ရကြလိမ့်မယ်၊ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာတဲ့ခေတ်ကို ရောက်ရမှာပါ” ဟု ပြောသည်။ “မြစ်ဝါမြစ်နှင့် ယန်စီမြစ်တို့ဟာ ဘယ်တော့မှ နောက်ကို ပြန်စီးမှာ မဟုတ်ဘူး” ဟုဆိုသည်။ မစ္စတာလီ၏ရှန်ဇန်း တွင် ပြောခဲ့သောမိန့်ခွန်းမှာ နိုင်ငံတော်၏ ဆင်ဆာကြောင့် ဆိုရှယ်မီဒီယာများ တွင် မမြင်မတွေ့ခဲ့ရပေ။ တရုတ် ပြည်တွင် ဝန်ကြီးချုပ် ဟူယိုဘမ်း (Hu Yaobang) ကွယ်လွန်စဉ်က သူ့ကို လွမ်းဆွတ်သတိရပွဲများမှတဆင့် ကြီးမားသောဆန္ဒပြပွဲများ ဖြစ်ဖူးသဖြင့် အစိုးရက လီကာချင်း၏ အသုဘကို အေးအေးဆေးဆေးသာ ပြီးသွားစေလိုဟန် ရှိပါသည်။  

ကိုသန်းလွင် 

Ref: Former Chinese Primer overshadowed by Xi, By Christ Buckley, N.Y.Times October 28,2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar