Breaking News

လင်းလက်နွေဦး - အလံနီချိုးခံခဲ့ရတဲ့ ဘူတာ

အလံနီချိုးခံခဲ့ရတဲ့ ဘူတာ 
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၃

ရူပဘုံရောက်သွားတဲ့
ဘူတာရုံလေး
တခါကဘီးကြိတ်သံကို
သန်းခေါင်အိပ်မက် နက်နက်ထိအောင်
တူးဆွနေရဲ့။ 

ခုံတန်းလျားပေါ်
မှီနွဲ့နေတတ်တဲ့ ညဉ့်ငှက်မလေး
မီးခိုးတလူလူ သင်္ဘောနား
လူးလာဝဲပျံနေတဲ့ ဇင်ယော်
ဖြစ်သွားပေါ့။ 

မျှော်မဆုံးသံလမ်းလည်း
ခြုံနွယ်ပိတ်ပေါင်းထဲ ပြေးဝင်ပျောက်ကွယ်
အချင်းချင်းတီးတိုးသံများသာ
နားစွင့်နေရ။ 

သားငယ်လေးက
ဘူတာရုံမှာ သရဲခြောက်သလားတဲ့
သရဲဟာ
ဘူတာရုံကို ကြောက်နေရပေါ့။ 

29.10.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar