တန့်ဆည်မြို့မှာ စစ်ကောင်စီ တပ်တွေ မွှေနှောက်နေ၊ မိုးကုတ်၊ နောင်ချို ပြင်ဦးလွင်လမ်းက တိုက်ပွဲတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၃
တန့်ဆည်မြို့မှာ စစ်ကောင်စီ တပ်တွေ မွှေနှောက်နေ၊ မိုးကုတ်၊ နောင်ချို ပြင်ဦးလွင်လမ်းက တိုက်ပွဲတွေ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် အတော်များများလိုပဲ PDF လက်နက် ကိုင် တပ်ဖွဲ့တွေ လှုပ်ရှားမှုရှိတဲ့ မြို့နယ် တမြို့နယ်ဖြစ်ပြီး ကုန်လွန်ခဲ့တဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း မြို့နယ်ထဲက ကျေးရွာတွေ အားလုံးနီးပါးလည်း စစ်ကြောင်းမဝင်ဖူး ဖျက်ဆီးမခံရဖူးတဲ့ နေရာမရှိတော့လောက်အောင် အနှံ့အပြား ဝင်ရောက်ဖျက်ဆီး မီးရှို့ခံခဲ့ရတဲ့ မြို့နယ် တမြို့နယ်ဖြစ်ပါတယ်။
စစ်ကြောင်းဝင်ရောက်တာ၊ ဖြတ်သွားတာတွေနဲ့ပတ်သက်လို့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ အမြဲတမ်း နားစွင့်နေရပြီး အင်တာနက် နဲ့ ဖုန်းလိုင်းလည်း အမြဲတမ်းရရှိတာမဟုတ်လို့ စိမ်ခေါ်မှုတွေကြားထဲက အသက်ရှင်သန်အောင် ကြိုးစားနေထိုင်နေကြရတာ ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီ အနေအထားနဲ့ဆိုရင် ရေနံမှော်၊ ရွှေမှော်၊ စိုက်ပျိုးရေးနဲ့ စီးပွားရေး အတန်အသင့်ကောင်း တယ်လို့ဆိုနိုင်တဲ့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက် နေအိမ်တွေ၊ ပိုင်ဆိုင်တဲ့ရိက္ခာတွေ မီးရှို့ဖျက်ဆီး ခံရတာ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ ဒေသလုံခြုံရေး အခြေအနေမကောင်းတဲ့အတွက် အလုပ်သမားငှားရမ်းဖို့ အခက်အခဲနဲ့ ဘယ်အချိန် ထွက်ပြေးတိမ်းရှောင်ရမလဲမသိနိုင်တဲ့အခြေအနေတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးတွေ အားလုံး ထိ ခိုက်ပျက်စီးလာတဲ့ အခြေအနေဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ နေအိမ်တွေဝင်ရောက်ရှာဖွေတာ၊ ဖမ်းဆီးတာ သတ်ဖြတ်တာတွေက တန့်ဆည်မြိုနယ်ထဲက ကျေးရွာတွေမဟုတ်တော့ဘဲ မြို့ရဲ့ ရပ်ကွက်တွေ၊ မြို့ထဲက စျေးတွေလိုနေရာမျိုးတွေ ဖြစ်လာပါတယ်။ PDF တွေမြို့ထဲနဲ့ မြို့ရဲ့ အချို့နေရာတွေမှာ လှုပ်ရှားနေတယ်ဆိုတဲ့ သံသယနဲ့ မွှေနှောက်နေတဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက မြို့နယ်ရုံးစိုက်ရာနေရာတွေ၊ ခရိုင်ရုံးစိုက်ရာမြို့တွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး PDF တွေအနေနဲ့ ကျေးရွာတွေမှာ ဖွဲ့စည်းလှုပ်ရှားကြတာ၊ တမြို့နဲ့တမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်တာ၊ ကျေးရွာတွေဆီ လှည့်လည်သွားနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ ရှိတာလည်း ဖြစ်ပါတယ်။ ခုရက်ပိုင်း တန့်ဆည်မြို့ရပ်ကွက်တချို့မှာ ဖြစ်ပွားတဲ့ ဖြစ်စဥ်တွေမှာ ပစ်မှတ်ထားတဲ့ နေအိမ်၊ စျေးဆိုင်နဲ့ တည်းခိုခန်းတချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲက နောက်ထပ်အကြောင်းအရာတခုကတော့ နောင်ချို-ပြင်ဦးလွင်အကြား TNLA /PDF နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း၊ မိုးကုတ်မြို့အနီးက ကျေးရွာတချို့မှာလည်း စစ်ကောင်စီတပ်တွေကို TNLA/PDF တွေက တိုက်ခိုက်နေတဲ့ သတင်းတွေဖြစ်ပါတယ်။ မန္တလေးတိုင်းထဲက ပြင်ဦးလွင် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးလို့ ခေါ်ဆိုတဲ့ မန္တလေး လားရှိုးလမ်းနဲ့ နီးတဲ့ နေရာတချို့မှာ စစ်ကောင်စီတပ်နဲ့ TNLA/PDF တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပါတယ်။ တပြိုင်နက်ထဲမှာပဲ မန္တလေးတိုင်း မိုးကုတ်မြို့ အနီးက ညောင်ကုန်းရွာ နားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA/PDF တပ်ဖွဲ့တွေက အောက်တိုဘာ ၂၆ ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ နဲ့ မြေပြင်က လက်နက်ကြီးတွေ ပစ်ကူပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မန္တလေးတိုင်း မိုးကုတ် စတဲ့ဒေသတွေက TNLA လက်နက် ကိုင်လှုပ်ရှားရာ ဒေသတွေဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ စစ်ကောင်စီ ရင်ဆိုင်တိုက်ခိုက်နေရတာ TNLA တဖွဲ့ထည်းတင်မဟုတ်ပဲ KIA, MNDAA အဖွဲ့တွေနဲ့ပါတိုက်ခိုက်နေရတဲ့ အနေ အထားလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ဒေသတွေမှာ အခြေစိုက်လှုပ်ရှားတာ၊ လက် နက်ခဲယမ်းအတွက် တရုတ်နိုင်ငံကိုအမှီအခိုပြုနေရတာကြောင့် တရုတ်နိုင်ငံရဲ့ မူဝါဒ၊ သဘောထားတွေကိုတော့ ထည့်သွင်းစဥ်းစားရတဲ့အနေအထားလည်း ရှိနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရှမ်းမြောက်နဲ့ မြောက်ပိုင်း နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ဘယ်လောက်ထိသြဇာရှိသလဲဆိုတဲ့အချက်အပေါ်မှာတော့ နိုင်ငံရေးအကဲခတ်သူတွေအကြား အမြင်သဘောထားမတူညီကြပါဘူး။ လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း တကြိမ်တခါမျှ မှတ်ချက်ပေးတာမရှိပါဘူး။ သို့ပေမယ့် ယခင်နှစ်ကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီမံကိန်းတွေနဲ့ပတ်သက်လို့ တိုက်ခိုက်ခြင်းမပြုဖို့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အချို့က စုပေါင်းထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့တဲ့သာဓက ရှိခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီအဖို့ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီဒေသ၊ မကွေးမြောက်ပိုင်း၊ ချင်းပြည်နယ် နဲ့ ကချင်ပြည်နယ်တို့မှာ တပြိုင်နက်တည်း စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်ပြီး လက်ရှိ အနေအထားအထိတော့ နေ့ချင်းညချင်း အရှုံး အနိုင် အဖြေထွက်မယ့်အနေအထားမျိုး မဟုတ်သေးဘူးလို့ ခန့်မှန်းကြည့်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar