Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး 
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၃

လေလျော့နေတယ်
ဘောလဲရမယ်
ဂျွိုင်းတွေမကောင်းတော့ဘူး
ဒူးဆစ်ကအသံမြည်နေပြီ
အဝေးကိုကြည့်တော့ဝါးနေလေရဲ့
ခန္ဓာဆိုတာဝေဒနာတို့
တင်ဆောင်ရာစက်တမျိုးပဲ
ဖေါက်ပြန်ပြောင်းလွဲတတ်သောရုပ်တို့နဲ့ပြုလုပ်ထားကြောင်းသိခဲ့
စိတ်မရှိတဲ့အခါမြေဖြင့်ပြုလုပ်သော
အိုးကဲ့သို့ကွဲလွယ်ကြေမွလွယ်ကြောင်း
သိခဲ့
ကျောက်ဆောင်ကဲ့သို့စိတ်များ
အဖြူရောင်နေရာထိုင်ခင်းများဆီ
ရွေ့လျား
မက်မောတမ်းတမိသော
ငြိမ်းချမ်းခြင်းများ
ကျနသေချာစွာဆုပ်ကိုင်နိူင်ခဲ့ပါပြီလား
အဝေးမှာ
တောင်ပြိုနေသောလမ်း
ကျိုးပဲ့နေသောစပါးခင်း
သောင်ပူပူပေါ်ကျနေသော
ဖျတ်ဖျတ်လူးငါး
မောင်းခလုတ်ပေါ်မှာ
တိုက်ပွဲဝင်လက်များ
အဓမ္မနဲ့ဓမ္မဟာ
တရားတစ်ခုကိုလုနေလေရဲ့
ရွာထဲမှာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar