စစ်အာဏာရှင်၏ တပြည်ထောင်စု နဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ ဖယ်ဒရယ်ပြည်ထောင်စု
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၃
စစ်အာဏာရှင်၏ တပြည်ထောင်စု နဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ ဖယ်ဒရယ်ပြည်ထောင်စု
ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်အပါအဝင် နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေလည်း ပြင်းထန်လာနေပါတယ်။ စစ်ကောင်စီဟာ အကြပ်အတည်းရိုက်နေတဲ့အချိန်ကို ရောက်ရှိလာတဲ့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (ကာ/လုံ)ကို မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲသည်မှာ အဓိက သတင်းစကားကတော့ - “ပြည်ထောင်စုကြီး အစိတ်စိတ်အမွာအမွာ ပြိုကွဲတော့မယ့် ဘေးကို ရင်ဆိုင်နေရပြီ” ဆိုတဲ့ တိုင်းရင်းသားပြည်သူလူထုကြားကို သွေးခွဲ တွေဝေ စေတဲ့ မုသားစကားပဲ ဖြစ်ပါတယ်။ သည်တော့ စကစ၏ တပ်မတော်အမည်ခံ ဖက်ဆစ်စစ်တပ်က ပြည်ထောင်စုကြီး မပြိုကွဲအောင် အခုအချိန်မှာ အရေးတကြီးဆောင်ရွက်နေတယ်၊ ပြည်သူတွေ တိုင်းရင်းသားတွေက သူတို့နောက်နေ ထောက်ခံ အားပေး လိုက်ပါကြဖို့ ဆိုတဲ့ ဝါဒဖြန့် စကားပဲ ဖြစ်ပါတယ်။
စစ်ရေးအရှိန်မြင့်တက်နေတာက ရှမ်းမြောက်မှာတင်မဟုတ်ဘဲ လက်ရှိ NUG သတ်မှတ်ခေါ်ဝေါ်ထားတဲ့ စစ်ဒေသ ၁၊ ၂ နဲ့ ၃ ခု စလုံးမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ထို့အတူ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ ရခိုင်တပ်တော် AA နဲ့ စကစ စစ်တပ်တို့၏ ထိပ်တိုက်ရင်ဆိုင်လုနည်းနည်း တင်းမာမှုတွေကိုလည်း ခံစားနေရတယ်လို့ သတင်းများမှာ ဖတ်ရှုရပါတယ်။
Zalen သတင်းမှာ - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီးချောင်းဒေသတွင် ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ စစ်ရေးလှုပ်ရှားမူ ပိုမိုလုပ်ဆောင်မူအပေါ် ဒေသခံတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။ ပီချောင်းဒေသရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ယခုရက်ပိုင်းတွင် နယ်မြေလုံခြုံရေးအကြောင်းပြကာ ကျေးရွာနယ်တွေကို ဧည့်သည်အဝင်အထွက် အပြန်အလှန် စစ်ဆေးမူတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး၏ တိုက်ပွဲခေါ်သံဟာ စစ်ကိုင်း မကွေးတွေက မြန်မာလူမျိုးစုတွေ၏ ဒေသတွေကိုပါ သက်ရောက်နေပြီး NUG ၏ PDF တွေအပြင် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေကိုယ်တိုင်ကလည်း မိမိနယ်မြေကို စိုးမိုးနိုင်ရေးနဲ့ စကစ စစ်စခန်းများ ကြုံ့ဝင် ကန့်သတ်ထားနိုင်ရေးကို အရှိန်မြှင့်တင်လာကြတာကို တွေ့ရပါတယ်။ Burma VJ သတင်းဆို့စ်အရဆိုရင် အများစိတ်ဝင်စားတဲ့ ဗိုလ်နဂါး၏ တပ်ပေါင်းစုလှုပ်ရှားမှုကို တွေ့ရမှာ ဖြစ်ပါတယ်။
(Burma VJ သတင်း) စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို လက်တောင်းမြောက်ဘက်မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ ခရိုင်တပ်ရင်း၊ ဒေသခံ ပကဖများက ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ၁၄ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ထိတွေ့တိုက်ပွဲတွင် BNRA တော်ဝင်နဂါးစစ်ကြောင်းနဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၂၄၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မျး ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို စစ်မက်ပြင်းထန်ချိန်မှာ ပြည်သူတွေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ ဆက်လက်ထောက်ခံဆန္ဒပြကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ဆန္ဒပြမှုတွေ တိုးမြှင့်လုပ်လာကြတဲ့ သတင်းတွေ ဓာတ်ပုံတွေ တက်လာတာ တွေ့ရပါတယ်။ စစ်ပွဲတွေ ရပ်ဖို့ ၊ အပစ်အခတ်ရပ်ဖို့ ၊ ပြည်ထောင်စုကြီးမပြုကွဲစေဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြကြတာ မတွေ့ရပါဘူး။ ကြံ့ဖွံ့ အစိုးရလက်ထက်နဲ့ အင်န်အယ်ဒီပါတီ အစိုးရ လက်ထက်တွေမှာ ရှေ့တန်းပြန် စစ်သားတွေကို ကြိုဆိုကြတာ၊ ဧည့်ခံကြတာ၊ ဂုဏ်ပြုကြတာမျိုးတွေ လုပ်ခဲ့ကြသော်လည်း သည် အာဏာသိမ်း စစ်ကောင်စစီလက်ထက်မှာတော့ ပြည်သူလူထုဆီက လိုလိုလားလား စစ်ကောင်စီတပ်သားတွေကို ထောက်ခံကြိုဆိုဖို့ ကိုယ်ထူကိုယ်ထလုပ်ကြတာ မတွေ့ကြရတော့ပါဘူး။
ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲတော့မယ်လို့ ပြောတာဟာ သူတို့ စစ်ကောင်စီနဲ့ စစ်တပ်ကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲတော့မယ်လို့ တနည်းအားဖြင့် ဝန်ခံလိုက်တာပဲလို့လည်း ဆိုချင်ပါတယ်။ သူတို့ပြည်ထောင်စုဆိုတာ တိုင်းရင်းသားပြည်သူတွေ အားလုံးပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုမဟုတ်ဘဲ သူတို့ တပ်မတော်ကြီးနဲ့ သူတို့လက်အောက်ခံ လက်ဝေခံတွေနဲ့ တဖက်သတ် ထူထောင်ထားတဲ့ စစ်အာဏာရှင်ပြည်ထောင်စုကို ဆိုလိုတာ မြန်မာပြည်သူတွေအားလုံးက အခုလို နွေဦးတော်လှန်ရေးကနေ သဘောပေါက်ထားပြီး ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
အခုလို စကစ၏ သူတို့ပြည်ထောင်စုကြီး(နဲ့ စစ်တပ်ကိုယ်တိုင်) ပြိုကွဲတော့မယ် အရေးကို အသံပစ်လာကြတဲ့ဆီမှာ နိုင်ငံတကာက အစိုးရနဲ့ အဖွဲ့အစည်းအသီးသီးကလည်း နားစွင့် စောင့်ကြည့်လာကြတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းက ကမကထပြု စီစဥ်သည့် နိုဝင်ဘာ ၈ ရက်နေ့ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကိုယ်တိုင်က တိုင်းရင်းသားမဟာမိတ်တွေ၏ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ပြန်လှန် ဆွေးနွေး ဖြေကြားရတာကို တွေ့ရပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စုကြီးအတွက် အဖြေနဲ့ အာမခံချက်ဆိုတာ လက်ရှိ နွေဦးတော်လှန်ရေးအင်အားစုများအပါအဝင် တိုင်းရင်းသားမဟာမိတ်တွေ၊ NUG အစိုးရနဲ့ သူနဲ့ လက်တွဲထားတဲ့ ဖယ်ဒရယ် ယူနစ်တွေ၊ အတိုင်ပင်ခံကောင်စီအဖွဲ့အသီးသီး ဖြစ်တယ်ဆိုတဲ့ in solidarity ဖြစ်တဲ့ စတိတ်မင့်က တလောက NUG အစိုးရအဖွဲ့ဝင်တွေ ဝန်ကြီးတွေကိုယ်တိုင်က ဥရောပသမဂ္ဂမှာ ပရတ်ပန်ကြားချက် ၁၀ ချက်နဲ့ အကျယ်တဝင့် ပြောထားတာမို့လို့ ဒါကိုပဲ တော်လှန်ရေးခေါင်းဆောင်တွေက မီးမောင်းထိုးပြကြရမယ် ထင်ပါတယ်။
ပြန်ကောက်နုတ်ပြရရင် - ပရော့ဂ်ပန်ကြားချက်တွင် အချက် (၁၀)ချက်ပါဝင်ပြီး မြန်မာပြည်သူလူထု၏ ဆုံးဖြတ်ချက်ကိုလေးစား၍ ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းမပြုကြရန်၊ စစ်တပ်မှ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြရန်၊ နေရပ်စွန့်ခွာနေရသော ပြည်သူများအတွက် ပိုမိုထောက်ပံ့ပေးရန်၊ စစ်တပ်နှင့် ဆက်စပ်နေသည့် လုပ်ငန်းစုများနှင့် အစုအဖွဲ့များကို အရေးယူပိတ်ဆို့ရန်၊ NUGနှင့်ပြည်နယ်အစိုးရများကို အသိအမှတ်ပြုရန်၊ နိုင်ငံစုံအစည်းအဝေးများသို့ ဖိတ်ကြားရန်၊ စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး ဖော်ဆောင်လျက်ရှိနေခြင်းကို ကူညီထောက်ခံရန်၊ နိုင်ငံတကာစည်းဝေးပွဲများသို့ စစ်တပ်ကို ဖိတ်ကြားခြင်းမပြုရန်၊ စစ်တပ်အား တရားဝင် မှုဖြစ်စေသည်ဟု ယူဆနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် ထုတ်ပြန်ထားခဲ့ပါတယ်။
သည်တော့ အခု စစ်ဆင်ရေးတွေ တိုးမြှင့်လာတဲ့ကာလမှာ တိုင်ရင်းသားမဟာမိတ်တွေနဲ့ NUG အစိုးရနဲ့ ဆက်စပ်တဲ့ လူမှုရေး ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့တွေကနေ ပြည်သူတွေကို ကူညီ စောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်၊ ဒါကို သည်ဘက်က တခါးဖွင့်ထားတယ်ဆိုတာ မြင်သာလာတယ် ဆိုနိုင်ပါတယ်။ စစ်ရာဇဝတ်မှုများသာမက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ (ကျားဖြန့်လို မှောင်ခိုဂိုဏ်းကြီး) တွေကို နှီမ်နင်းနိုင်ဖို့ နွေဦးတော်လှန်ရေး အစုအဖွဲ့များ၏ စွမ်းဆောင်ရည်ကိုလည်း ပြနိုင်တယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးသာမက တရုတ် အိန္ဒိယ အိမ်နီးချင်း ဆက်ဆံရေးကလည်း ပရတ် ၁၀ ချက်ကနေ ချိန်ထိုးကြည့်လို့ ရနိုင်မယ် ထင်ပါတယ်။
အခုချိန်မှာ စစ်ကောင်စီကိုယ်တိုင်က သူတို့၏ ပြည်ထောင်စုဆိုတာကြီး ပျက်တော့မယ်ဆိုတာ ဝန်ခံထားမှတော့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုများ မဟာမိတ်များ အဖွဲ့အစည်းများ၏ ဖဒရယ်ချာတာက လမ်းပြမြေပုံ၏ အခြေခံ ၁၂ ချက်ထဲက အချက် ၆၊ ၇ နဲ့ ၈ ဖြစ်တဲ့ - ပြည်သူ့ညီလာခံတွေ ကျင်းပရင်းနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာများ ထုတ်ဖော်ခြင်း အဆင့်တွေ၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံခြေဥ ရေးဆွဲခြင်း အဆင့်တွေဆီ လှမ်းလာတော့မည်လားလို့ မေးခွန်းထုတ်ကြည့်ရမယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar