Breaking News

စစ်ကောင်စီရဲ့ ကာ/လုံအစည်းအဝေးနဲ့ တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲနိုင်တဲ့ အနေအထား


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၃


စစ်ကောင်စီရဲ့ ကာ/လုံအစည်းအဝေးနဲ့ တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲနိုင်တဲ့ အနေအထား 

ရှမ်းပြည်နယ် မြောက်ပိုင်းက ကိုးကန့် ဒေသ၊ တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းက ဂိတ်တွေ စခန်းတွေကို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ က တိုက်ခိုက်ပြီး ၁၂ ရက်ခန့်အကြာမှာ စစ်ကောင်စီက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီး ရှမ်းမြောက်ပိုင်း အရေးနဲ့ အခြားသော ဒေသတွေမှာပါ ဖြစ်ပွားလာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ပတ်သက်လို့ နိုဝင်ဘာ ၈ ရက်နေ့ မှာကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ဆွေးနွေးတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာမြို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်စပ်မြို့တချို့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ စခန်းလက်လွှတ်ဆုံးရှုံးတာ၊ မြို့ အုပ်ချုပ်မှုနဲ့ ထိန်းချုပ်မှုတွေ လက်လွတ်ဆုံးရှုံးတာ၊ လက်နက်ခဲယမ်းတွေ လက်လွတ်ဆုံးရှုံးတာ နဲ့ စစ်ကောင်စီ တပ်သားကနေ တပ်မမှူး အဆင့်အထိ သေဆုံးကြတဲ့ အဖြစ်အပျက်တွေ ပြီးခဲ့တဲ့ ၁၂ ရက်တာကာလအတွင်း လျင်မြန်စွာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုတွေက ထင်ထားသလောက် မြန်ဆန်တာမျိုး မတွေ့ရဘဲ နိုဝင်ဘာ ၈ ရက်နေ့မှာတော့ ကာ/လုံအစည်းအဝေး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ကာ/လုံ အစည်းအဝေးတွေကို အာဏာသိမ်းပြီးပြီးချင်းရက်မှာ နဲ့ နောက် ၆ လနဲ့ တနှစ်သက်တမ်းတိုးရာမှာသာ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအစည်းအဝေးက စစ်ကောင်စီ အနေနဲ့ စစ်ရေးအခြေအနေအရ ၄င်းတို့အဖို့ အရေးပေါ် ဖြစ်တယ်လို့ ယူဆတာကြောင့် ခေါ်ယူတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒါ့အပြင် အခြားသော ဖြစ်နိုင်ခြေတွေ စဥ်းစားကြည့်ရင် မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမယ့် စစ်ဆင်ရေးတွေရဲ့ တရားဝင်မှု၊ တနည်းအားဖြင့် ကာ/လုံ ရဲ့ ဆုံးဖြတ်ချက် အတည်ပြုချက် သဘောမျိုးနဲ့ အမှုတွဲထည့်ချင်လို့ ခေါ်ယူတာလားလို့လည်း အခြားသော မှန်းဆချက် တခု အနေနဲ့ မှတ်ယူနိုင်ပါတယ်။ စစ်ကောင်စီ ဘက်က အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော် ကာလအတွင်း စစ်ရေး တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်လို့ တကြိမ်မျှ ကာ/လုံ အစည်းအဝေး ခေါ်ယူခဲ့တာ မတွေ့ရဘဲ၊ အခု အစည်းအဝေးက ပထမဆုံးအကြိမ် ခေါ်ယူတာ ဖြစ်လို့ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ခြိမ်းခြောက်ခံရတဲ့ အနေအထား၊ အရေးကြီးတဲ့ တိုက်ခိုက်ခံရမှုလို့ မှတ်ယူတဲ့ အခြေအနေလို့လည်း ယူဆနိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ ရုပ်သေး သမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက အစည်းအဝေး မပြီးဆုံးမီ ပြောဆိုရာမှာ “တပ်မတော်အနေနဲ့ ယခုလို နယ်စပ်ဒေသ သောင်းကျန်းသူအရေးမှာ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်တယ် “ လို့အခြေအနေကို အကဲဖြတ်ပြောဆိုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးက တပ်မတော်ကို အကူအညီပေး ထောက်ခံရန် လိုအပ်ကြောင်းလည်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ကာလုံအစည်းအဝေးရဲ့ ပြောဆိုမှုတွေကို ကောက်နှုတ်ပြီး စာမျက်နှာ ၁၀ မျက်နှာခန့်ရှိတဲ့ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်ကို လေ့လာကြည့်ရင် ကိုးကန့်ဒေသ အာဏာစိုးမိုးမှုကို ဖုန် မိသားစု နဲ့ ရန် မိသားစု အရေးအဖြစ် ပုံဖော်လိုပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့တဲ့ ဖုန် မိသားစုရဲ့ အဓိက စီးပွားရေးလုပ်ငန်းကို မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းအဖြစ် စွပ်စွဲသိက္ခာချလိုတာနဲ့ လတ်တလော တိုက်ခိုက်မှုမှာ ဝ နယ်ဖြစ်တဲ့ နမ့်တစ်ဒေသကနေ ကိုးကန့် လက်နက်ကိုင် တပ်တွေ ဖြတ်ဝင်လာတယ်လို့ ဖော်ပြထားပြီး ဝ လက်နက်ကိုင် အဖွဲ့ကိုပါ ပူးပေါင်းပါဝင်မှု ရှိတဲ့သဘော ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို ကာ/လုံ အစည်းအဝေးမှာ စစ်ခေါင်းဆောင် တင်ပြချက်ရဲ့ ရည်ရွယ်ချက်က ရှမ်းမြောက် ဒေသမှာ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ တိုက်ခိုက်မှုတွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်မှုနဲ့ သီးခြားဆိုတာမျိုး ခွဲထုတ်ချင်တဲ့ ရည်ရွယ်ချက် ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ၄င်းတို့အဖွဲ့တွေ အနေနဲ့ သီးခြားရည်မှန်းချက်တွေ ရှိနေမှာ သံသယဖြစ်စရာမလိုပေမယ့် ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်၊  ဆယ်စုနှစ်များစွာ ကြီးစိုး အုပ်ချုပ် စစ်အာဏာရှင်တွေကို တွန်းလှန်လိုတဲ့ ရည်ရွယ်ချက်မှာတော့ ကျန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူတူဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ရုပ်သေး သမ္မတဦးမြင့်ဆွေ ပြောသလို တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာကွဲသွားနိုင်တယ် ဆိုတဲ့အချက်က စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဦးတည်နေတဲ့ ဖြစ်နိုင်ခြေ တခုလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို အသိအမှတ်မပြုတဲ့ စစ်တပ်ရဲ့ ရပ်တည်ချက်ကြောင့်သာ ပြည်ထောင်စုက ပြိုကွဲမယ့်ဆီ ဦးတည်နေတာ လည်း ဖြစ်ပါတယ်။ 

လတ်တလော တိုက်ခိုက်မှုတွေ နယ်မြေသိမ်းယူမှုတွေထက် မြန်မာ့နိုင်ငံရေးမှာ တိုင်းပြည်အာဏာကို စစ်တပ်က တောက်လျောက် လွှမ်းမိုးချုပ်ကိုင်လာခြင်း၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို အသိအမှတ်မပြုခြင်း၊ ဖက်ဒရယ် စနစ် မဆိုထားနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ဆယ်စုနှစ်များစွာ သုံးနှုန်းပြောဆိုခွင့် ပိတ်ပင်ထားခဲ့ခြင်းတွေက ပြည်ထောင်စု ပြိုကွဲဖို့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။ 

KIA က ဒုတိယ ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က တိုင်းရင်းသားတွေ အနေနဲ့ ဖက်ဒရယ် နဲ့ ပတ်သက်တဲ့ လိုလားချက်က ဘာဖြစ်တယ်ဆိုတာကို အန်အယ်လ်ဒီ လက်ထက်ကတည်းက စစ်တပ်ဘက်ကို အသိပေးပြောကြားထားပြီး ၂၀၂၅ ခုနှစ် မတိုင်ခင်အထိတော့ ဒီလိုလားချက် အခြေအနေတွေ မပြောင်းလဲပေမယ့် ၂၀၂၅ ခုနှစ် ကျော်လွန်သွားရင်တော့ ရည်မှန်းချက်၊ လိုလားချက်တွေ ပြောင်းလဲသွားမယ့် သဘောမျိုး သတင်းမီဒီယာ တခုနဲ့ အင်တာဗျူးမှာ မကြာခင်က ပြောဆိုသွားတာ သတိပြုမိပါတယ်။ 

အခုလတ်တလော စစ်ရေး အလှည့်အပြောင်းဟာ စစ်ကောင်စီကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေတာ သံသယဖြစ်စရာ မလိုလောက်အောင် ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ စစ်အာဏာသိမ်းပြီး ၃ နှစ် မပြည့်မီကာလမှာ စစ်ရေးအရ ခြိမ်းခြောက်ခံရနေပြီလို့ ခံစားလာရတာ ကျိန်းသေတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ အောင်ပွဲဆိုတာ လက်ဝယ် ဆုပ်ကိုင်နိုင်ဖို့အတွက် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အကြား ဘယ်လောက်ထိ နိုင်ငံရေးအရ စုစည်းမှု၊ စစ်ရေးအရ စုစည်းဆောင်ရွက်မှု ရှိမလဲဆိုတဲ့ အချက်ပေါ်မူတည်မှာလည်း ဖြစ်ပါတယ်။ 

ဒီအနေအထားနဲ့ ပတ်သက်ရင် ၁၉၄၉ ကနေ ၁၉၅၁ ခုနှစ်အထိ ပြည်တွင်းစစ် အပြင်းထန်ဆုံးကာလက ဗကပ၊ ရဲဘော်ဖြူ၊ ကေအန်ဒီအို နဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေအကြားက မတူညီတဲ့ ရည်မှန်းချက်နဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အကျိုးရလဒ်တွေက သမိုင်းသင်ခန်းစာလည်း ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar