Breaking News

ရဲဘော်တေး - အလံဖြူသာ တပ်ထွက်ပေါက်

ရဲဘော်တေး - အလံဖြူသာ တပ်ထွက်ပေါက်

(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၃

လိုကေရှင်း အတိအကျနဲ့ စစ်တိုင်းဌာနချုပ်ထဲတောင် ဒရုန်းချပြီဆိုတော့ ဗိုလ်ကြီးထက်မြက် ပြောသလို တိုင်းမှူးတွေလဲ အလံဖြူထောင် ထွက်လာရမယ်ဆိုတာ ဟုတ်တာဘဲလေ။

မအလလဲ အာဏာသိမ်းမှု၊ လူအမြောက်အမြား သတ်မှု၊  စစ်သေနှုန်းများမှုအပြင် သူနဲ့ သူ့ဘော်ဘော် ပြည်သူ့စစ်တွေရဲ့ လောင်းကစားမှု၊ နိုင်ငံခြားသား လူကုန်ကူးမှု၊ ဘိန်းမှောင်ခိုမှု၊ ရာဇဝတ်ဂိုဏ်းထောင်မှုတွေနဲ့ပါ တိုင်ပတ် တရုတ်နဲ့ အာဆီယံကပါ အသကုန် ကြပ်လာပြီဆိုတော့ သူ့ခမျာ ဧည့်သည်တောင် ထွက်မတွေ့နိုင်ရှာ ဖင်ယားခွင့်မသာတော့ဘူး။

စစ်ရေးကလဲ အဲ စစ်ပြေးပဲ ပြောကြပါစို့၊ စစ်တပ်က ပြေးတာချည်းဆိုတော့။ အင်း စစ်ပြေးကိစ္စကလဲ ရဲကင်း ဝါးဂိတ်ကနေ စစ်ရုံးချုပ်ထိ ဆိုတော့ ထိအောင်မကိုင် မိအောင်လှိုင်လို့တောင် တပ်တွင်းဟာသ ပြောနေကျ။

ခုဟာက လူမလာတော့ဘူးလေ၊ ဒရုန်းပဲ မိတ်ဆက်ခိုင်းလိုက်တာ။ ပြီးမှ ဖုန်းလေး လှမ်းဆက်တယ်၊ လက်နက်ချမလား၊ လစ်မလား၊ ဖြစ်မလားပေါ့။ ဘယ်သူက ဖြစ်မလဲ၊ သူ့ဘာသာ ဖင်ယားတာ၊ ဘာကိစ္စ ကိုယ့်အသက်အသေခံမလဲ၊ ကိုယ့်မိသားစု အချောင်အသေခံမလဲ။ ကိုယ် သေရင် ကိုယ့်မိန်းမ ဘယ်အိုနာကျိုးကန်းက ဆက်ချမှာမှန်းမသိ။ တပ်ထဲမှာ မုဆိုးမ မဲဖောက်ပွဲက ပြတ်လှတယ် မရှိ။ တချို့များ နှစ်လင် သေ၊ သုံးလင်သေတောင် ပါသေး။ သူတို့လဲ အပြင်မှာ နေစရာရော စားစရာတော့ မရှိတော့ မဲဖောက်တဲ့ကိစ္စ လက်ခံရတော့တာပဲလေ။ ဟိုတုန်းက လူမဲကျွန်တွေ အရောင်းအဝယ်လုပ်တဲ့ ဈေးတန်း ရောက်နေသလိုပါဘဲ။ တကယ့် လူ့ငရဲပေါ့။ ကိုယ့်ယောက်ျား သေလို့မှ ရက်မလည်ရသေးဘူး၊ မဲကျတဲ့ နောက်ယောက်ျားနဲ့ အိပ်ရမယ့်ကိစ္စ။ တကယ့်လိင်သရဲတွေနဲ့ လိင်ငရဲတွေပါဘဲ။

ငါးမင်းဆွေ ပြောသလို မင်းအောင်လှိုင်သား အောင်ပြည့်စုံတို့၊ သန်းရွှေမြေး နေရွှေသွေးအောင်တို့၊ နေဝင်းမြေး အေးနေဝင်း ဇွဲနေဝင်းတို့က စစ်တပ် ထောက်ခံပွဲတောင် လိုက်တာမဟုတ်ဘူးလေ။ ကိုယ်က ဘာအသေခံနေစရာလိုတုန်း။ တိုင်းပြည်ဖျက်ဖို့ အသက်ပေးရတယ်ဆိုတာ ဒီတခါဘဲ ကြုံဖူးသေးတာ။ 

ပြည်သူလူထုအမြင်မှာ တပ်ဟာ လူသတ်စက်ရုပ်တွေ ထုတ်လုပ်တဲ့စက်ရုံတခု ဆိုတာထက် မပိုတော့ဘူး။ ဆက်ထုတ်လုပ်မခံနိုင်တော့သလို တကယ့် အိမ်အိုအိမ်ဆွေးကြီးမို့ ဖြိုချပစ်ရုံကလွဲလို့ ပြုပြင်စရာလဲ မလိုတော့ဘူး။ တပ်တွင်းမှာလဲ အဲဒီလိုဘဲ မြင်လာကြတော့တာ။ မဟုတ်ရင် အကုန်လုံးက ထွက်ပေါက်မရှိတော့ဘူး။ တတပ်လုံး ထွက်ပေါက်မရှိတော့ဘူး။ ထွက်ပေါက်က ဖျက်သိမ်းပစ်တာပဲ ရှိတော့တာလေ။ တတပ်လုံး အလံဖြူထောင်ရတော့မှာ။ အဲဒါကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ တိုက်နေလို့ရင်တော့ စီရင်ခံရမှာတွေအများကြီးဘဲ။ အလံဖြူကတော့ win=win ရှာလို့ ရနိုင်သေးတယ်။ ဘယ်ပြည်သူကမှလဲ လစာဆက်ပေးနေမှာလဲ မဟုတ်တော့သလို တပ်သုံးဘတ်ဂျက်ဆိုတာလဲ ရှိတော့မှာမဟုတ်ဖူး။ သီးသန့်အခွင့်ထူးခံနေတာမှန်သမျှ ဆက်ရန်မရှိတော့ဘူး။ 

ပြည်မကလူတွေက အရင်ကတော့ နိုင်ငံရေးက ထွက်သွားရင်ရပြီဆိုပေမယ့် ခု အဲဒီလောက်နဲ့မရတော့ဘူး။ တပ်ကို မမြင်ချင်တော့တာ။ လိုရင်လဲ ကိုယ့်ဘာသာဘဲဖွဲ့တော့မှာ။ တောင်ပေါ်ကလဲ သူတို့နယ်မြေထဲကနေ ထွက်သွားတော့ဘဲ။ ဘာအကြောင်းနဲ့မှ အုပ်ချုပ်စရာမရှိသလို သူတို့ကံကြမ္မာကို ကိုယ်က ဝင်စီမံနေတာမျိုးက နိုးဘဲလေ။ AA ခိုင်သုခ ပြောသလို ကျနော်တို့နယ်ထဲက ထွက်သွားရင် ဘာတိုက်ပွဲမှ ဖြစ်စရာမလိုတော့ဘူး ဆိုတာလေ။

ခု ၁၀၂၇ စစ်ဆင်ရေးဟာ အဲဒီ တောင်တန်း ပြည်မ နှစ်ရပ်လုံးက ဆန္ဒကို အကောင်အထည်ဖော်တော့တာဘဲမဟုတ်လား။

စစ်တပ်ဟာ ဘယ်နေရာမှ မရှုပ်နဲ့၊ မအုပ်နဲ့၊ မချုပ်နဲ့။ တပ်ပါ မလုပ်တော့နဲ့တဲ့။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar