ဆယ်ပေါင်တူ - မြို့မေတ္တာခံယူချင်လှပါတဲ့ မေတ္တာတုံးကြင်စိုးရဲ့ နောက်ဆုံးနေ့ရက်များ
ဆယ်ပေါင်တူ - မြို့မေတ္တာခံယူချင်လှပါတဲ့ မေတ္တာတုံးကြင်စိုးရဲ့ နောက်ဆုံးနေ့ရက်များ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၃
‘ကတ်……ကတ်…..ကတ်’
စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သော ကြင်စိုး၏အသံက ရိုက်ကွင်းတခုလုံးကို ဖုံးလွှမ်းသွားသည်။
‘လိုသေးတယ်၊ လိုတာမှ တော်တော်ကြီးကို လိုသေးတယ်၊စိတ်ကြိုက်မရသေးဘူး ပြန်ရိုက်ကြမယ်’
နံမည်တူ တခြားကြင်စိုးတယောက် အကြောင်း ပြောနေတာလို့တော့ ထင်မသွားစေလိုပါ။ ကြင်စိုးမှကြင်စိုး ရေ လုံးဝ မရောသည့် တနိုင်ငံလုံး၏ မေတ္တာတုံး ကြင်စိုး စစ်စစ်သာ ဖြစ်ပါသည်။
♫ မင်းကမတိုက်ခင် ဒို့ကမင်းကိုပေးချင်တယ် ယူပါနော်
ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက်....ရော့ယူပါ
ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက်….ရော့ယူလိုက် ♪
ဟု နာမည်ကြီး ရောခ့်သီချင်းတပုဒ်ကို စာသားအနည်းငယ် ပြောင်းဆိုရလောက်အောင် ကြင်စိုး၏ နောက်လိုက် နောက်ပါများက မြန်မာပြည် အရပ်ရှစ်မျက်နှာမှာ တော်လှန်ရေးအင်အားစုများ ဝင်မတိုက်ခင်ကတည်းက အလှူ ကြီး အတန်းကြီးပေးပြီး သူ့ထက်ငါ အလုအယက် ဆုတ်ခွာပြေးနေချိန်တွင် အနှီကြင်စိုးတယောက်က ဘာတွေများ လုပ်နေပါသလဲဆိုပြီး မေးခွန်းထုတ်ချင်ကြပါလိမ့်မည်။
မျက်စိတဆုံး မကြည့်တတ်ဘဲ မျက်တောင်တဆုံးသာ ကြည့်တတ်သည့် ကြင်စိုးလို့ သူ၏အရှည်မျှော် မကြည့် တတ်ပုံအား ပြောဆိုကြခြင်းကို ကြင်စိုး ခံပြင်းလှသည်။ ထို့ကြောင့် ဒီတကြိမ်မှာတော့ မဝေးလှသော သူ၏ နောက်ဆုံးရက်များအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေခြင်းဖြစ်သည်။
တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ဘာမှသင်ခန်းစာမယူတတ်သော ကြင်စိုးလို့ အပြောခံရတာကလည်း လွတ်ပေ လိမ့်ဦးမည်။ ထိုသို့ဖြစ်စေရန် အတွက် ကြင်စိုး ဟစ်တလာကို သင်ခန်းစာယူသည်။ သို့သော် သူယူသည့် နမူနာမှာ ဟစ်တလာလို မဖြစ်အောင် မဟုတ်၊ ဟစ်တလာ သေဆုံးပြီးသည့်နောက် ရိုက်ကူးကြသော ရုပ်ရှင်များလို မဖြစ်လိုခြင်းကြောင့်သာ ဖြစ်သည်။
ဒါကလည်း ဟုတ်ပေသည်။ ဟစ်တလာအကြောင်း နောက်ပိုင်းရုပ်ရှင် ပြန်ရိုက်ကြတော့ စက်ဆုပ်မုန်းတီးစရာများ နှင့် ဆိုးကွက်များ အတိအကျ ပီပီပြင်ပြင် တွေ့မြင်ကြရသည်။ တကယ်လို့ဟစ်တလာ ရှိစဉ်ကသာ သူ့ဘာသာ ရိုက်ကူးခဲ့ရင်တော့ ဖုံးဖုံးဖိဖိ လုပ်ချင်တာလေးတွေ လုပ်နိုင်သလို၊ ညာတာပါတေးနှင့် မရှိသော ကောင်းကွက်များ မရမက ရှာကြံ ထည့်ရိုက်နိုင်မည်ဟု ကြင်စိုးစဉ်းစားမိသည်။
ဘာလုပ်လုပ် ဘာတွေးတွေး သောက်တလွဲ ဖြစ်နေကျ ကြင်စိုးသည် သူ့ဘဝ နေဝင်ချိန် နီးလာပြီ ဆိုသည့်တချက် ကိုတော့ မှန်မှန်ကန်ကန် တွေးနိုင်ခဲ့သည်။ ထို့အတွက် သူ၏နောက်ဆုံးထွက်သက် မတိုင်မီလေး လုပ်ကြံဖန်တီး ထားသည့် သူ့ဘဝဇာတ်ကြောင်း ရုပ်ရှင်ကားကြီးကို ကမန်းကတန်း ဖုတ်ပူမီးတိုက် ရိုက်ကူးနေခြင်း ဖြစ်သည်။
သမီးမှာ ရုပ်ရှင်ကုမ္ပဏီရှိသလို ‘သရဲပြတ်စုတ်မေ’(မြန်မာအစားအစာ)ကလောင်ပိုင်ရှင် ‘ကြလွှ’ကလည်း ဇာတ်လမ်း ဇာတ်ညွှန်း တာဝန်ရေးပေးမည်ဖြစ်၍ သိပ်ခေါင်းစားစရာမရှိ။ အဖြူရောင် ဘောမအနုပညာရှင်များ ကလည်း မထိတထိမရန်၊ ပုန်းလျှိုးကွယ်လျှိုးမရန်၊ အငမ်းမရမရန်၊ မရွံမရှာမရန်၊ မြိန်မြိန်ယှက်ယှက်မရန်၊ တယုတယမရန် စသဖြင့် သူ့ကဏ္ဍနှင့်သူ နေရာခွဲဝေထားကြပြီး ဖြစ်သည်။ ကြင်စိုးကတော့ သူကိုယ်တိုင် မင်းသားရော ဒါရိုက်တာပါ ဝင်လုပ်ပြီး ရိုက်ကွင်းကို ကြီးကြပ်နေခြင်းဖြစ်သည်။
ပြည်သူ့ဘဏ္ဍာ အားပါးတရ မျိုဆို့ခိုးဝှက်ထားသည့် မိသားစုက ငွေစိုက်ထုတ် ရိုက်ကူးထားသော ရုပ်ရှင်ကားကြီး ဖြစ်သော်လည်း ရှူတင်ထမင်းဟင်းက စားချင်စဖွယ်မရှိ။ နေ့တိုင်းလိုလို ထမင်းကို ဘယာကြော်နှင့် စားရပြီး အချိုပွဲအနေနှင့် ကျောက်ကျော၊ မုန့်လုံးရေပေါ်တို့ကိုသာ စားချင်ချင်၊ မစားချင်ချင် ဝင်အောင်စားကြရသည်။ ပိုဆိုးတာက သိပ်ဆာနေရင်တောင် တမျိုးကို ၃ ခုထက် ပိုမစားရသည့် စည်းကမ်းကိုလည်း ထုတ်ထားသေးသည်။
ဇာတ်လမ်းကလည်း သိပ်တော့မည်မည်ရရမရှိ၊ ဘယ်လိုဘယ်နည်းနဲ့မှ ယုံကြည်လက်ခံနိုင်စရာ မရှိလောက်အောင် ကြင်စိုးသည် အနာဂတ် မြန်မာနိုင်ငံတော်ကြီး သာယာကောင်းမွန်စေရေးအတွက် အနစ်နာခံ စွမ်းစွမ်းတမံ လုပ်ဆောင်သွားရှာသည် ဟု သရုပ်ဖော် တင်ဆက်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။
ထို့အပြင် သူသည် ရုပ်ရှင်ဇာတ်ကားထဲတွင် စည်းစိမ်ဥစ္စာများကိုလည်း လိုချင်တပ်မက်မှုမရှိသူ၊ ရှိသမျှ ငွေကြေးပစ္စည်း အားလုံးကို အကုန်ပေးဝေခဲ့သူတဦး ဖြစ်ပြန်လေသည်။ ဤအရာကလည်း သိပ်တော့ ခက်ခက်ခဲခဲ ဇာတ်လမ်းဆင်ရတာမျိုး မဟုတ်၊ အတော့်ကိုလွယ်ကူပြီး လက်တွေ့နှင့်လည်း နီးစပ်သည်။ ဘာကြောင့်လဲဆိုတော့ အပြင်မှာလည်း သူခိုးခဲ့သမျှကို သူ့မိန်းမနှင့် သားသမီးမြေးများအား အကုန်ပေးထားသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတော်ကြီး ကောင်းမွန်ရေးအတွက် လုပ်ဆောင်ခဲ့သည် ဆိုသည့် ဇာတ်ကွက်ကတော့ အတော်ခက်ခဲသည်။ ကောင်းကွက်တခုမှ မလုပ်ခဲ့လေသူ ဆိုတော့ ဖြစ်ညှစ်ပြီး ရှာကြံစဉ်းစားတာတောင် ဘာတခုမှ ထွက်မလာ။ သို့သော်လည်း နောက်ဆုံးမှာ ဝိုင်းကြဝန်းကြ အားပေးကြသော အဖြူရောင်ဘောမ ဒါရိုက်တာများ၊ ဇာတ်လမ်း ဇာတ်ညွှန်းသမားများ၏ ကလိမ်ကကျစ် လုပ်ကြံစဥ်းစားပေးမှုကြောင့် ရုပ်ရှင်ထဲတွင် ကြင်စိုးသည် မြန်မာနိုင်ငံ၏ ကယ်တင်ရှင်ကြီး တမုဟုတ်ချင်း ဖြစ်သွားပြန်သည်။
အကြောင်းမူကား အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် အဓိက အဟန့်အတား ဖြစ်သော ၂၀၀၈ ခြေဥကို မပျက်ပျက်အောင် ဖျက်ဆီးပေးနိုင်ဖို့အတွက် ကြင်စိုးက သူ့ရှေ့က ဘတ်ဘတ်ကြီးတို့၏ မျက်နှာကိုပင် မထောက်ညှာတော့ပဲ အများအကျိုးရှေးရှု အာဏာသိမ်းပေးလိုက်ခြင်း ဖြစ်လေသည်ဟု ထည့်ရိုက်ထား သောကြောင့်ပင်။
ဒါတင်ပဲလား ဆိုတော့ မကသေးဘူးဟု ဆိုရပါလိမ့်မည်။ အကြမ်းဖက်စစ်တပ်တွင်းမှ သဘောထားတင်းမာသူ စကိုင်းနှင့် စွတ်ထိုးတို့ကိုလည်း ပြည်သူ့မျက်နှာ ထောက်ထားပြီး တဖက်လှည့်နှင့် ထောင်ချအပြစ်ပေးခဲ့သေးသည် ဆိုသည်ကလည်း ပါသေးသည်။
ထို့အပြင် ဤအကြမ်းဖက်စစ်တပ်သည် ပြည်သူပြည်သားများအပေါ် နှိပ်စက်ကလူ ပြုတတ်ကြသည့်အတွက် စစ်ရေးစွမ်းရည် အလွန်အမင်း ညံ့ဖျင်းသွားရလေအောင် သူကိုယ်တိုင် ဒေါ်စိန်အေး ကျောင်းအုပ်ကြီးလုပ်ကာ အကွက်ချ စီမံဆောင်ရွက် ပေးခဲ့သည် ဆိုတာကလည်း မဆီမဆိုင် ပါလာပြန်သည်။ သူ အမှန်တကယ် အသုံးမကျခဲ့တာကိုလည်း ဖုံးကွယ်ပြီးသား ဖြစ်သွားလေသည်။
ရတောင့်ရခဲ ဖြစ်သော တိုင်းရင်းသား သွေးချင်းများ၏ စုစည်းညီညွတ်မှုကို အခုလို ရရှိစေဖို့အတွက် သူကပဲ ဗီလိန်လုပ် လူမုန်းခံ အနစ်နာခံကာ ဆောင်ကြဉ်းပေးခဲ့သည် ဆိုတာကိုလည်း မရမက ဆွဲထည့်ထားပြန်သည်။
ဇာတ်ကား၏ နောက်ဆုံးအခန်းများတွင်တော့ ပရိတ်သတ် မျက်ရည်ချူနိုင်ဖို့အတွက် ထိုရွေ့ထိုမျှ တိုင်းပြည်နှင့် ပြည်သူအပေါ် မေတ္တာထား လုပ်ဆောင်ခဲ့ပါသော်လည်း ကြင်စိုး၏ စိတ်ရင်းစေတနာမှန်ကို နားမလည်ကြလေ သောကြောင့် ပြည်သူများ၏ အချစ်ကိုမရရှိပဲ နာကျင်စွာ ခံစားခဲ့ရရှာသည်ဟုလည်း မျက်ရည်ခံထိုးဖို့ စိတ်ကူး ထားသည်။ ဇာတ်ပိုနာ သွားစေရန်အတွက် ‘အချစ်ရှုံးသမား ဘတ်ဘတ်ကြင်စိုး’ ဆိုသည့်နောက်ခံသီချင်းကို ကြင် စိုးကိုယ်တိုင် ဆွေးဆွေးမြေ့မြေ့ ကြေကြေကွဲကွဲ သီဆိုပါလိမ့်ဦးမည်။
အခက်အခဲဆုံးကတော့ ဇာတ်သိမ်းခန်းပင် ဖြစ်သည်။ ကြင်စိုးသည် မကြာမီ တော်လှန်ပြည်သူများ လက်ချက်နှင့် သူ့ဘဝနိဂုံးချုပ်ရတော့မည်ကို သိသော်လည်း ဟစ်တလာ၊ဆဒမ်ဟူစိန်၊ကဒါဖီတို့လို ပုံစံမျိုးနှင့်တော့ အဆုံးမ သတ်ချင်။ နည်းလမ်းမျိုးစုံ စဉ်းစားကြံဆပြီးသည့်နောက် သူငယ်စဉ်က ဖတ်ဖူးသည့် ကာတွန်းထဲကလို မသေမ ချင်း သားရေကွင်းဖြင့် ပစ်သတ်စေ ဆိုသည်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် ပြန်စဉ်းစားမိသည့်အခါ သူ့အပေါ် အလွန်ရွံရှာမုန်းတီးကြပြီး အမြင်မတော်သည့် တနေရာ ကွက်ကွက်တည်းကိုသာ ရွေး၍ အပစ်ခံရပါက မသေခင် မချိမဆံ့ ခံစားရမှာကို တွေးမိသည့်အတွက် လူပိုသက်သာမည့် အခြားအဆုံး စီရင်ခံရနည်းကို အသည်းငယ်သည့် ကြင်စိုး ထပ်ရှာဖွေရပြန်သည်။
ဟိုနည်းမကြိုက် ဒီနည်းပယ်လိုက်နှင့် အဆုံးမတော့ တခြားရွေးစရာ မကျန်တော့သည့်အတွက် ကြင်စိုးသိပ်သ ဘောကျလှသည် မဟုတ်သော်လည်း နောက်ဆုံးလက်ကျန်တခုကို ရွေးချယ်လိုက်သည်။ သူကိုယ်တိုင်သီဆိုမည့် ဇာတ်သိမ်းသီချင်းနှင့်လည်း လိုက်ဖက်သည်ဟု ထင်မိသည်။
နောက်ဆုံးရွေးချယ်လိုက်သည်မှာ မြန်မာပြည်သူတရပ်လုံး ဝိုင်းပန်းကြသည့် ကျင်ငယ်ရေစီးကြောင်းကြီးထဲ မျောပါသွားရင်း ဘင်္ဂလားပင်လယ်အော်ထဲသို့ နောက်ဆုံးစီးဝင်ကာ ကြင်စိုး ဇာတ်သိမ်းသွားခြင်းပင်ဖြစ်သည်။
‘သွားရတော့မယ် အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ်၊ ဒိုးရတော့မယ်အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ်’ ဆိုသည့် ကြင်စိုး သီဆိုသံ တဖြေးဖြေးတိမ်ဝင်သွားကာ ပင်လယ်ထဲသို့ ကြင်စိုးစီးပါသွားပြီး လူ့ဘဝချုပ်ငြိမ်းသွားသည်ကို ရိုက် ကူးပြသမည် ဖြစ်သည်။ ဘယ်ရုပ်ရှင်ကားတွင်မှ ထည့်ရိုက်မထားဖူးသည့် အသစ်အဆန်း ဇာတ်သိမ်းခန်းဖြစ်၍ စဥ်းစားရင်း ကြင်စိုးတယောက် ကျေနပ်နေသည်။
သူကျိတ်မနာလို ဖြစ်နေသော လွတ်မြောက်နယ်မြေရောက် အနုပညာရှင်များ ချီးမြှင့်ခံရသည့် နိုင်ငံတကာ ဆု များကိုလည်း မတန်မရာ မျက်စောင်းထိုးနေမိသည်။ ဆုမရခဲ့ရင်တောင် သူတသက်လုံး ဒုက္ခပေးခဲ့သော ပြည် သူလူထုကို သူမရှိတော့သည့်တိုင် မျက်စိဒုက္ခ နားဒုက္ခ ဆက်ပေးနိုင်မည့် ဇာတ်ကားဖြစ်လာနိုင်သည် ဟုလည်း ထင်နေမိသည်။ အစက ရုရှား၊တရုတ် နှစ်ဘာသာ စာတန်းထိုးပြသရန် ရည်ရွယ်ခဲ့သော်လည်း ညီနောင်သုံးဖေါ် ကြုံးဆော်မှုမှာ တရုတ်ကြီး၏စနက်မကင်းဟု ထင်မိ၍ စိတ်နာနာဖြင့် တရုတ်စာတမ်း ထိုးတော့မည်မဟုတ်။
ကံကောင်းရင် တချို့ယောင်နနလူများက သူလိမ်လည် ရိုက်ကူးထားသမျှကို အဟုတ်ထင်မှတ် သွားနိုင်သေး သည်။ ဟစ်တလာတောင် ကြိုမစဉ်းစားနိုင်ခဲ့သည်ကို သူလုပ်ပြနိုင်တော့မှာဖြစ်၍ ကြင်စိုးသည် ဟစ်တလာထက် သာသည်ဟုလည်း မှတ်တမ်းတင်ကောင်း တင်လာကြလိမ့်မည်ဟု သူဆက်တွေးနေမိသည်။
အခုဆိုရင်တော့ ကြင်စိုးတယောက် သူကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများစွာအတွက် အနှေးနှင့်အမြန် ပြန်ပေးဆပ် ရတော့မည် ဆိုတာကို ကြိုတွက်ထားပြီး သူဥာဏ်မီသမျှ ဘယ်လိုဘယ်ပုံ ပြင်ဆင်နေတာကို သဘောပေါက်သွားကြပြီ ထင်ပါသည်။
ကြင်စိုး၏နောက်ဆုံးဆန္ဒ ပြည့်ဝစေရေးအတွက် ပြည်သူများဘက်က ဆီးရွှင်ဆေးများ ကြိုတင် စုဆောင်းထား ကြရုံသာမက ကြင်စိုးတို့ကို မွေးထုတ်ပေးသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဘယ်တုန်းကမှ မရရှိခဲ့ ဖူးသည့် ဒီနေ့လို အချိန်အခါကောင်းမှာ ပိုပြီးညီပြ၊ ဆက်ပြီးတောင့်ထားကြဖို့သာ လိုပါတော့သည်။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar