စစ်မြေပြင် ကျယ်ပြန့်လာတဲ့ မြန်မာပြည်နဲ့ စစ်ပွဲရဲ့ ဒုက္ခပေါင်းစုံ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၃
စစ်မြေပြင် ကျယ်ပြန့်လာတဲ့ မြန်မာပြည်နဲ့ စစ်ပွဲရဲ့ ဒုက္ခပေါင်းစုံ
ကမ္ဘာမှာ သက်တမ်းအကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နိုင်ငံ၊ စစ်ပွဲတွေအနက် သက်တမ်းအရှည်ဆုံး စစ်ပွဲ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်သည့်တိုင် စစ်ပွဲတွေ အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်ဖြစ်ပွားရာ မြန်မာနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲကို လေ့လာသူတွေ၊ သတင်းမီဒီယာတွေက မှတ်တမ်းတင်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ယူကရိန်းလို၊ အစ္စရေးလ်-ပါလက်စတိုင်းလို ပြင်းထန်မှု ပျက်စီးမှု၊ သေဆုံးမှု မရှိသော်လည်း ကာလသက်တမ်းအားဖြင့် ရှည်ကြာတဲ့ စစ်ပွဲဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုနဲ့ တုံ့ပြန်လက်စားချေ ပြစ်ဒဏ်ခတ်တဲ့ လတ်တလော စစ်ပွဲက ရက်သတ္တပတ် ၄ ပတ်ကျော်ကြာအတွင်းမှာ အသက်ဆုံးရှုံးသူ ၁ သောင်းကျော်သွားခဲ့တာ ဖြစ်သလို ၁ နှစ်ခွဲကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲအတွင်းလည်း လက်နက်ကိုင် တပ်ဖွဲ့နဲ့ အရပ်သား အသက်ဆုံးရှုံးမှုတွေက တဖက်စီမှာ သောင်းဂဏန်းတွေနဲ့ ချီရှိနေကြတာ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ လက်နက်တွေအတွက် ငွေကြေးကုန်ကျမှု ထည့်မပြောခင် အသက်ဆုံးရှုံးမှုနဲ့ စစ်ဘေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေ အရေအတွက်တွေက အရေးကြီးတာကြောင့် ဘယ်လောက် အသက်ဆုံးရှုံးကြရပြီး ဘယ်လောက် စစ်ဘေးတိမ်းရှောင်ကြရသလဲ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။ စစ်ပွဲမှာ ကုန်ကျတဲ့ စစ်စရိတ်တွေက လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေ၊ ကြားခံပွဲစားလုပ်တဲ့ ကုမ္ပဏီတွေ၊ လက်နက်မှောင်ခိုလုပ်သူတွေ အဆင့်ဆင့် အကျိုးခံစားကြရပြီး လက်နက်တွေကြောင့် ထိခိုက် သေဆုံးရသူတွေ အနေနဲ့တော့ မိမိတို့ လုပ်အားနဲ့ လုပ်ကိုင် ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးမရှိမဲ့ ရှိမဲ့ငွေကြေးနဲ့ စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေကို တတ်နိုင်သမျှ ကာကွယ်ပြီး အသက်ရှင်သန် ကျန်ရစ်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဥ် ဖြစ်ပွားနေတဲ့ သတင်းတွေဖတ်ရှုကြည့်တဲ့ အခါမှာ စစ်ပွဲထဲ ပါဝင်တိုက်ခိုက်နေတဲ့ နှစ်ဘက်လုံးက လက်နက်ကိုင် အဖွဲ့ဝင်တွေရဲ့ အသက်ဆုံးရှုံးမှုတွေ ကို ခဏဘေးဖယ်ထားပြီး အရပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုတွေက နေ့စဥ် ဒါဇင်နဲ့ချီ ရှိနေသလို စစ်ပွဲနဲ့ ဆက်စပ်လို့ အရပ်သားတွေ သတ်ဖြတ်ခံနေရတာလည်း နေ့စဥ်လိုလို ရှိနေတာဖြစ်ပါတယ်။ သတင်းဖေါ်ပြမှုတွေမှာ အရပ်သားတဦး နှစ်ဦး လောက်သေဆုံးတဲ့ သတင်းက သတင်းဖတ်သူရဲ့ စိတ်ကို မဆွဲဆောင်နိုင်တော့လောက်အောင် မထူးဆန်းတဲ့ သတင်းတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။ ဘယ်အရပ်ဒေသ၊ ဘယ်မြို့၊ ဘယ်ကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား ၁ ဦးသေ၊ ၂ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေက သတင်းအနေနဲ့ ဖေါ်ပြနေကြပေမယ့် ဖတ်ရှုနားဆင်သူတွေက ထူးခြားတဲ့ အဖြစ်အပျက်ရယ်လို့ကို မမှတ်ယူကြတော့တဲ့ အနေအထားဖြစ်လာပြီး အရပ်သား ၁၀၊ ၂၀ နဲ့ အထက်သေဆုံးတဲ့ ဖြစ်ရပ်မျိုးမှသာ ထူးခြားတဲ့ သတင်းရယ်လို့ ယူဆကြတဲ့ အနေအထားမျိုးဖြစ်လာနေတာပါ။
လတ်တလော မြန်မာနိုင်ငံက စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ သတင်းတွေထဲ မြို့တွေကို ပိတ်ဆို့ထားလို့ မြို့တွေမှာ နေ့စဥ်စားစရာ ဆန်စျေး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်စျေး အဆမတန်မြင့်တက်နေတဲ့ သတင်း၊ စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေတဲ့ သတင်း၊ ဒုက္ခသည်စခန်းလို့ အမည်တပ်ခေါ်ဝေါ်ပေမယ့် စခန်းအင်္ဂါရပ်နဲ့ ညီလောက်အောင် အမိုးအကာ ကောင်းကောင်းမွန်မွန်မရှိတဲ့ နေရာတွေမှာ လူရာထောင်ချီ မှီခိုပြီး အသက်ဘေးလွတ်အောင် နေကြရတဲ့ သတင်းတွေ၊ မြို့တွေကို ပိတ်ဆို့ပြီးစစ်ရေးအရ အသာစီးရအောင် လက်နက်ကိုင် အဖွဲ့တွေက လုပ်ဆောင်နေကြတဲ့ သတင်းတွေက အရှေ့အလယ်ပိုင်းက ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းဒေသ သတင်းတွေနဲ့ အလားသဏ္ဍာန်တူနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ် တခုလုံးကို ဝင်ပေါက် ထွက်ပေါက် ဂိတ်တွေမှာ စစ်တပ်နဲ့ ပိတ်ဆို့ပြီး ရိက္ခာဖြတ်၊ အသက်မွေးဝမ်းကျောင်း အလုပ်မလုပ်နိုင်အောင် ပင်လယ်ထွက်ငါးဖမ်းတာတွေပါ ပိတ်ဆို့တာတွေက ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်ရဲ့ ပိတ်ဆို့မှုတွေနဲ့ နှိုင်းယှဥ်စရာ အဖြစ်အပျက်တွေ ဖြစ်နေပါတယ်။ အလားတူပဲ လောက်ကိုင်မြို့ကိုတော့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေ အထူးသဖြင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့က ပိတ်ဆို့ထားပြီး စက်သုံးဆီ၊ ဆန်၊ စားစရာတွေ ရဲ့ စျေးနှုန်းက မယုံကြည်နိုင်လောက်တဲ့ စျေးနှုန်းတွေ ဖြစ်လာနေတဲ့ အကြောင်း သတင်းတွေထဲ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ပုံမှန်အနေအထားမှာ ကျပ် ၂ထောင်ကျော် ၃ ထောင်လောက်သာရှိတဲ့ ဓါတ်ဆီ တလီတာကို ကျပ် ၈ သောင်းအထိ ပေးပြီး ဝယ်ယူနေကြရတာ၊ ဆန်တပြည်ကို ကျပ် ၁ သောင်း၊ ကြက်ဥတလုံးကို ကျပ် ၄ ထောင်ကျော် ဆိုတဲ့ သတင်းတွေကို ကြည့်ရင် လောက်ကိုင်မြို့ထဲမှာ နေထိုင်နေကြတဲ့ သူတွေအနေနဲ့ ပိတ်ဆို့ခံထားရတဲ့ အခြေအနေရဲ့ ပြင်းထန်ကျပ်တည်းမှုကို သိရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ပိတ်သလို လောက်ကိုင်ကိုတော့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ နဂိုအနေအထားအရ ဖွံ့ဖြိုးမှု နောက်ကျဆုံး ပြည်နယ်တပြည်နယ်၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလို့ ပြည်နယ်ပြင်ပမှာ နိုင်ငံပြင်ပကို ထွက်ပြီး အလုပ်လုပ်ကာ မိသားစုတွေထံ ပြန်လည်ထောက်ပံ့ကြရတဲ့ ရခိုင်ပြည်နယ်အဖို့ အခုလို ပိတ်ဆို့မှုနဲ့ စစ်ဘေးဒဏ်ကို ခံစားကြရတဲ့ အခြေအနေက ဘယ်လောက်ထိ ဆိုးရွားမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ မြို့တမြို့ကို ပိတ်ဆို့တာထက်ပိုပြီး အဆများစွာ သက်ရောက်မှုကြီးတဲ့ ရခိုင်ပြည်နယ်တခုလုံးကို ပိတ်ဆို့ထားခြင်းဟာ အစိုးရ တရပ်အနေနဲ့ လုပ်ဆောင်သင့်တဲ့ လုပ်ရပ်မဟုတ်တာ အထင်အရှားဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ တိုက်ခိုက်ရာမှာ တဖက်ရန်သူရဲ့ နယ်မြေ၊ လမ်းကြောင်းတွေကို ထိန်းချုပ်ထားတာ ဖျက်ဆီးတာ ဖြတ်တောက်တာ စစ်ရေးလုပ်ဆောင်မှုအနေနဲ့ လုပ်ဆောင်ကြတာ သဘာဝပေမယ့် နယ်မြေတခုလုံး အရပ်သား သိန်းနဲ့ သန်းနဲ့ချီ နေထိုင်နေတဲ့ မြို့၊ ပြည်နယ်တခုလုံးကို ပိတ်ဆို့ ဖြတ်တောက်တဲ့ လုပ်ဆောင်မှုက စစ်ရာဇဝတ်မှု၊ နောက်ရှုထောင့်တခုက ဆိုရရင် “လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု”လည်း ဖြစ်ပါလိမ့်မယ်။ ဂါဇာကမ်းမြောင်ကို ပိတ်ဆို့မှုနဲ့ အတိုင်းအတာ ထပ်တူမကျသော်လည်း အနှစ်သာရအားဖြင့် သဘောသဘာဝအားဖြင့် အတူတူလို့ ဆိုနိုင်ပါတယ်။ လောင်စာဆီ သယ်ဆောင်ဖြန့်ချိမှုတွေ ပိတ်ပင်တာ၊ ရိက္ခာဆေးဝါး သယ်ဆောင်ဖြန့်ချိမှုတွေ ပိတ်ပင်တာရက်ကြာလာတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ စစ်ဘေးအန္တရာယ်အပြင် အစားအသောက်၊ ဆေးဝါးကုသမှုနဲ့ အခြားသော အထွေထွေ အခက်အခဲတွေ တရစ်ပြီးတရစ် မြင့်တက်လာနိုင်တာ ဖြစ်ပါတယ်။ မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့က ပိတ်ဆို့ထားတဲ့ လောက်ကိုင်မြို့ကတော့ သီတင်း ၃ ပတ်ကျော်အကြာ လက်ရှိ အနေအထားမှာတင် အသက်ရှင်ဖို့ အခက်အခဲကြုံနေရသူတွေ ရာထောင်ချီရှိလာနေတဲ့ သတင်းတွေလည်း ဖတ်ရှုတွေ့မြင်နေရတာ ဖြစ်ပါတယ်။
စစ်ရေးမှာ အောင်နိုင်ဖို့အတွက် ဘယ်အရာမှ မတရားတာမရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့်လည်း စစ်ပွဲအတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ကာလတိုအတွင်း မှတ်တမ်းတင်တဲ့ သမိုင်း၊ အချိန်ကာလတခုအရောက် မှာ မှတ်တမ်းတင်တဲ့ သမိုင်းတွေမှာ ဖော်ပြခံရမှာ မလွဲပါဘူး။ ကာလတိုအတွင်း စစ်ရှုံးတဲ့ သူတွေအဖို့ သမိုင်းအကြွေးကို ချက်ချင်းပြန်ဆပ်ကြရပေမယ့် အာဏာရသူတွေအဖို့တော့ တချိန်ကျမှ သမိုင်းမှာ အမည်ဆိုးနဲ့ မှတ်တမ်းတင်ခံကြရတဲ့ အဖြစ်မျိုးလည်း ရှိတတ်တာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar