Breaking News

ဟာရှိန်း - နွေဦးဆီသို့

Art by Than Htay Maung
နွေဦးဆီသို့
ဟာရှိန်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၃

အအေးဓာတ်က တရက်ပြီးတရက် ဝင်လာသည်။ ချယ်ရီပင်များသည် သူတို့၏အရွက်ရင့်များကို တရွက်ပြီးတရွက် ခြွေချလျက်။ လေထုထဲ နှင်းမြူများ ဝင်လာလိုက် ထွက်သွားလိုက်။ တောင်တန်း၏ နေရာအနှံ့ ဆောင်းခိုငှက်များ နောက်တကြိမ်ရောက်ရှိလာခဲ့ကြပေပြီ။ ဪ...ဆောင်းသည် သူ့အရိပ်အယောင်ကို ကိုယ်ထင်ပြ တဆောင်းသစ် ပြန်ပေပြီ။
ဆောင်းလရာသီ၊ သည်ဆောင်းဟေမာန် မည်သို့အမည်မှည့်ခေါ်သည်ဖြစ်စေ ဆောင်း၏သညာကား အေးမြမှုပင်။
မကြာမီ ချယ်ရီတွေ ဖွေးဖွေးလှုပ်လိုက်၊ ပန်းရောင်ခြယ်လိုက် ပွင့်တော့မည်။ တောင်ဇလပ်တွေ စွေးစွေးနီလျက် ရှိတော့မည်။ မနက်မနက်တွင် နေရောင်ကို မီးလို လှုံကြရတော့မည်။ ညနေညနေတွင် အစုလိုက်အစုလိုက် အိမ်ရှေ့မီးဖိုကလေးများ ထွက်လာကြတော့မည်။ စျေးထဲတွင် အနွေး ထည်များ အရောင်းသွက်တော့မည်။ ဆောင်း၏အအေးဒဏ်ကို နည်းပေါင်းစုံစွာ အန်တုကြရတော့မည်။
နှင်း။ ဆောင်းဟုဆိုလျှင် နှင်းနှင့် တွဲမြင်ကြရသည်။ ကျနော်တို့နိုင်ငံသည် နှင်းများဖွေးလှုပ်စွာကျတတ်သော နိုင်ငံမဟုတ်ပါ။ သို့ရာတွင် နှင်းမှုန် နှင်းမြူ ကလေးများတော့ ရှိပါသည်။ နံနက်ပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသူများ၏ မျက်ခုံးမွှေး နှုတ်ခမ်းမွှေးများသည် နှင်းများတွဲခိုလျက် ဖြူဆွတ်နေတတ်ပါသည်။ အအေးပိုသော ချင်းတောင်၊ကချင်၊ရှမ်းတောင် စသောအရပ်ဒေသများတွေ ရေခဲလွှာ အချပ်အချပ်လိုက်တွေ့ရတတ်သည်။ တံစက်မြိတ်ဆီတွင်တွဲခိုနေသော၊ မြက်ပင်ကလေးများဆီတို့တွင်တွဲခိုသော နှင်းရည်၊ နှင်းစက်များ သည် နံနက်ခင်း၏အလှကို ဖြည့်စွက်ပေးကြတော့မည်။ သစ်ပင်ကြီးငယ်တို့၏ ရွက်ဖျားဆီမှ နှင်းရည်နှင်းစက်တို့သည် နေအလာတွင် ရွှေရည်ဖိတ်ဖိတ်လက်တော့မည်။ နှင်းရည်နှင်းစက်တို့ဖြင့် ဖြစ်ထွန်းလျက်ရှိသော ရာသီပေါ်သီးနှံများသည် ကျွနု်ပ်တို့ကို အစာ အာဟာရပေးတော့မည်။

တောင်သူလယ်သမားကြီးများသည် သူတို့၏ တစ်နှစ်စာချွေးစက်များကို ရိတ်သိမ်းကြတော့မည်။ ကျနော်တို့ဆီတွင် ကောက်သစ်စားပွဲတော်များ ကျင်းပကြတော့မည်။ ချင်းတောင်ခြေတခွင်တွင် ကျနော်စားခဲ့ဖူးသော မုန့်ပေါင်းများကို သတိရမိသည်။ နံနက်စောစော ကိုယ်လက်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် လမ်း လျှောက်ထွက်ပြီး အပြန် မုန့်ပေါင်းဖို၊အကြော်ဖိုလေးများအနီးတွင် အကြမ်းရည်သောက် မုန့်ပေါင်းပူပူ အကြော်ပူပူကလေးများ သုံးဆောင်ခဲ့ရသည်ကို သတိရမိခြင်းဖြစ်ပါသည်။ ရှမ်း၊ ကချင်ဒေသများတွင်တော့ ခေါပုတ်ကြော်၊ ကောက်ညှင်းကျည်တောက်၊ ဆန်ခေါက်ဆွဲတို့ မင်းမူသော နံနက်ခင်းလှလှကလေးများဖြစ် သည်။
ဆောင်း၏ နှင်းမှုန်မှုန် ညကလေးများအလယ်တွင် ကျနော်တို့၏ စိတ်နှလုံးသားအာဟာရ စာပေဟောပြောပွဲများ၊ ခရစ်တော်၏ မွေးနေ့ပွဲ၊ နှစ်သစ်ကူးပွဲတော် စသည်တို့ဖြင့် စည်ကားသိုက်မြိုက်တော့မည်။ နှင်းရနံ့ပါသော ပွဲတော်များပင်တည်း။ အေးချမ်းမှုကိုဆောင်သော နိမိတ်များပင်တည်း။ ထိုမှသည် ချင်းတိုင်းရင်းသားတို့၏ အထင်ရှားဆုံးသော ချင်းအမျိုးသားပွဲတော်လာတော့မည်။ ထင်းရှူးရနံ့လွင်လွင်ကလေးများ၊ တောင်ဇလပ်၊ ချယ်ရီတို့၏ စစ်ချီတေးသွားများဖြင့် နှင်းတို့သည် ကခုန်လျက်ရှိကြတော့မည်။ ဒီဆောင်းဟေမာန်ကုန်သော အခါ တတောလုံးတတောင်လုံး ရွက်ရင့်ရွက်ဟောင်းများ လှုပ်ခါခြွေချပြီး ပုရစ်သရစ်ဖူးကလေးများဖြင့် နွေဦးလာတော့မည်။ ထိုသို့သောအခါ ဆောင်းနှင့်သူ၏ နှင်းစက်များကို မမေ့သင့်ပါ။ ဆောင်းနှင့်သူ၏ နှင်းစက်များ သည် နွေမဦးမီတွင် သူတို့၏အလှနှင့်သတ္တိကို အစွမ်းကုန် ဖွင့်လှစ်ပြသခဲ့ပြီး ဖြစ်သည်။ ကျနော်တို့သည် ဆောင်းအကုန် နွေအကူးဆီတွင် ကြိုးစား၍ ဆက်လက်လိုက်ပါကြရန်သာ ဖြစ်ပါသည်။

ဟာရှိန်း
နိုဗဲင်ဘာ ၊၂၀၂၃။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar