Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၃ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၃ )

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၃

20/11/23

Diary in the darkness


စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို အဆက်မပြတ်ဗုံးကြဲနေတယ်။ မြို့ထဲမှာ လူသူမရှိသလောက် ဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရေ၊ လေ၊ ကြည်းတပ်တွေနဲ့ အဆက်မပြတ်တိုက်နေတယ်။ မြို့လူထု အထိအခိုက်များတယ်။ တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရတယ်။ 

ရန်ကုန်က သူငယ်ချင်းတွေက စစ်ကောင်စီတပ်က ဗုံးကြဲရင် ဘယ်လိုနေထိုင်ကြမလဲ၊ ဓာတ်ငွေ့ဗုံးတွေရန်က ဘယ်လို ကာကွယ်ရမလဲ ၊ တော်လှန်ရေးတပ်တွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာ တိုင်ပင်နေကြတယ်။ စစ်မြေပြင်ဖြစ်မှာကို စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ထက် စစ်ကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေကြတယ်။ စစ်ကို ရှောင်လွှဲလို့ မရ၊ ရင်ဆိုင်တိုက်ခိုက် အောင်ပွဲခံနိုင်မှသာ စစ်ကိုအဆုံးသတ်နိုင်မယ်လို့ သူတို့ ယုံကြည်သွားပုံရတယ်။ 

ဒါဟာ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်တွေလို ထင်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဟာ တိုက်ပွဲစစ်မျက်နှာ‌ တွေမှာသာမက  စည်းရုံးရေးနဲ့ သံတမန်စစ်မျက်နှာတွေမှာပါ အောင်မြင်စေခဲ့တယ်။ နှစ် နှစ်ကျော် ရေးဆွဲခဲ့တဲ့စစ်ဆင်ရေးရဲ့ အသီးအပွင့်ဖြစ်တယ်လို့ မြင်ပါတယ်။ အောက်မှ အထက်သို့ နည်းလမ်းကို သုံးတယ်။ တိုက်ရိုက်ချုပ်ကိုင်အမိန့်ပေးစနစ်ထက် ချိတ်ဆက် အမိန့်ပေးစနစ်တရပ်ကို ထူထောင်နိုင်ခဲ့တယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။ သူ့အဆိုအရ ဒီစံနစ်ဟာ တပ်ပေါင်းစုဖွဲ့ပြီး တိုက်ခိုက်တဲ့အခါ၊ အဲဒီကတဆင့် ဖက်ဒရယ်တပ်မတော် ထူထောင်တဲ့အခါမှာပါ အလွန်အရေးပါတယ်လို့ ပြောပါတယ်။ ကျနော်ကတော့ ကောင်းကောင်းနားမလည်ပါဘူး။ အမိန့်ပေးစနစ်တွေအကြောင်း ကျနော် တခါမှ မလေ့လာဖူးပါဘူး။ 

သူငယ်ချင်းတစ်ယောက်ကတော့ ဒီအောင်ပွဲဟာ တရုတ်ရဲ့ နှုတ်ဆိတ် သံတမန်နည်းဗျူဟာကြောင့်လို့ ဆိုပါတယ်။ ဒီနည်းဗျူဟာကို တရုတ်နဲ့ အမေရိကန် သံတမန်ဆက်ဆံရေး ကောင်းမွန်မှုက ရခဲ့တဲ့ ရလဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူငယ်ချင်းတချို့ကတော့ CDM တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတွေ၊ တိုင်ရင်းသားလက်နက်ကိုင်တွေ၊ ပြည်ပရောက်မြန်မာပြည်သူတွေ၊ ဖရဲသီးတွေ၊ လူငယ်တွေနဲ့ အဖိနှိပ်ခံပြည်သူ‌တွေ အားလုံးစည်းလုံးပြီး တိုက်ပွဲဝင်ခဲ့တာကြောင့် ခုလိုအောင်ပွဲတွေရတာလို့ ဆိုတယ်။ ခုအချိန်ဟာ စစ်ကောင်စီရဲ့ အားအနည်းဆုံးအချိန် ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ထိပ်ဆုံးရောက်နေချိန် ဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေဟာ ထိုးစစ်နောက်တဆင့် တက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ စစ်‌မျက်နှာတွေက တနိုင်ငံလုံးအနှံ့ ဖြစ်နေတယ်။ ညီနောင်သုံးဖွဲ့ က မြန်မာပြည်ကို ဓားလွယ်ခုတ် စစ်မျက်နှာဖွင့်ထားတယ်။ အရှေ့မြောက်မှ အနောက်တောင်အထိ။

ကျနော်တို့ ရပ်ကွက်ထဲက စာသင်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေ ညက တပ်စွဲလိုက်တယ်။ အရပ်ဝတ်နဲ့ စစ်သားတွေ စက်ဘီး၊ ဆိုင်ကယ်တွေသုံးပြီး အရပ်ထဲမှာ ကင်းလှည့်နေတာ တွေ့ရတယ်။ ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမလွှတ်တော့ပါ။ 

ရပ်ကွက်ထဲက Kpay ထုတ်ပေးတဲ့ ကုန်စုံဆိုင်ကလည်း တနေ့ကို ငွေဆယ်သိန်းထက် ပိုထုတ်ပေးခွင့်မရဘူးလို့ ပြောပါတယ်။ ကံကောင်းသွားတယ်။ ကျနော့်ကို ငွေဆယ်သိန်းပြည့်အောင် လွှဲပေးမယ့်သူမရှိတာ။ 

ဘာမှန်းမသိတဲ့ အခြေအနေမှာ ဘာမှမရှိတာလဲ ကံကောင်းခြင်းတမျိုးပါပဲ။ 


အန်ကယ် တူမီး

20/11/23


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar