Breaking News

နှင်းခါးမိုး၊ မောင်သော်တာ၊ နီမင်းထက် တို့ ၏ အောင်သပြေကဗျာများ

Image- Credit
အောင်သပြေကဗျာများ
(မိုးမခ)၁၁. ၁၁.၂၀၂၃

အောင်သပြေ
နှင်းခါးမိုး

တခက်ပြီးတခက်ဝေမယ်
တလှိုင်းပြီးတလှိုင်းလာမယ်
တောင်ပေါ်မြေပြန့် သွေးမကန့်ဘူး
မွှေးပျံ့လန်းဝေ အောင်သပြေ
ဘုရားပန်းအိုးထဲမှာ 
ဧည့်ခန်းထဲမှာ
စာရေးစားပွဲပေါ်မှာ
အမေ့ရဲ့ပက်ကြားအက်နေတဲ့ ပါးကွက်လေးပေါ်မှာ။

-
သပြေတေး
မောင်သော်တာ

အောင်ပွဲကိုကြို....၊
သပြေညို ဆိုတဲ့ပန်း
လန်းလျက်ပါကို....။

ပွင့်သစ်ပေါ့ အရုဏ်ပျို
ပြည်ဗဟိုရ် ဘယ်မဝေး

အမေ့သားတွေ အောင်မြေနင်းလို့
အောင်သတင်းတွေမွှေး။။     ။

၁၁၊ ၁၁၊ ၂၀၂၃
12:02 PM
-
အောင်သပြေ
နီမင်းထက်

ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းရဲ့ သင်္ကေတပဲ
ပွင့်တဲ့အကြောင်း မွှေးတဲ့အကြောင်း မပြောဘူး
ဥတုသုံးပါးလုံး အညွန့်တလူလူဟာ နိမိတ်ပုံပဲ
ရိုကျိုး ပူဇော် ဧည့်ခံ ကြိုဆိုမှာ တာဝန်ယူရတဲ့ခေတ်ပြိုင်ပါဒပေါ့
ပန်းလို့ပဲအားလုံးက ခေါ်ကြတယ်။ ။

၁၁ လ ၁၁ ရက် 
၁၁နာရီ၁၁မိနစ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar