ကုလသမဂ္ဂရဲ့ အပစ်ရပ်ဖို့ ပန်ကြားချက်၊ အပစ်ရပ်ဖို့ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းချက်
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၃
ကုလသမဂ္ဂရဲ့ အပစ်ရပ်ဖို့ ပန်ကြားချက်၊ အပစ်ရပ်ဖို့ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းချက်
ဒီနေ့ နေ့စွဲနဲ့ ကုလသမဂ္ဂက ပန်ကြားချက် ထုတ်ပြန်ရာမှာ လက်ရှိ ကမ္ဘာမှာဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြောင်ဒေသနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အပစ်ရပ်ဖို့ ပါဝင်တာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးလ်က လေတပ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေအပြင် မြေပြင်တပ်တွေ ဝင်ရောက်ပြီး ချေမှုန်းရေး လုပ်နေရာမှာ ၁ လတာအတွင်း ပါလစ္စတိုင်းဒေသက လူ ၁ သောင်းကျော် အသက်ဆုံးရှုံးပြီး ဖြစ်သလို အစ္စရေးလ်ဘက်ကလည်း အတိုင်းအတာတခု အထိ သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းမှာ ဟားမားစ်ရဲ့ အလစ်အငိုက်တိုက်ခိုက်ခံရတာ၊ အရပ်သားတွေ ကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေကြောင့် အစ္စရေးလ် နိုင်ငံသားအများအစုနဲ့ နိုင်ငံခြားသား အချို့အပါအဝင် လူ ထောင်ဂဏန်းမျှ အသက်ဆုံးရှုံးခဲ့ကြရပြီး လက်ရှိ အစ္စရေးလ်ဘက်က ဂါဇာကမ်းမြောင် ဒေသရဲ့ မြောက်ပိုင်းကို နေ့စဥ် တိုက်ခိုက်ချေမှုန်းမှု နေအိမ်အဆောက်အဦတွေကို မြေထိုးစက်နဲ့ ထိုးချ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေသလို ဆေးရုံတွေလည်း တိုက်ခိုက်ခံနေရတာကြောင့် ကုလသမဂ္ဂအနေနဲ့ အပစ်ရပ်ဖို့ ပန်ကြားရာမှာ ကမ္ဘာ့သတင်းတွေမှာ လွှမ်းမိုးထားတဲ့ ဂါဇာကမ်းမြောင် ဒေသက တိုက်ခိုက်မှု သတင်းနဲ့အတူ မြန်မာနိုင်ငံ မြောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်းက တိုက်ခိုက်မှုတွေကြောင့် ရက်သတ္တပတ် ၂ ပတ်ကျော်အတွင်း ဒုက္ခသည် ၅ သောင်းကျော် ရှိလာနေတဲ့ အဖြစ်အပျက်ကိုပါ တတွဲထည်း ထည့်သွင်းပန်ကြားသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက အရှိန်မြင့်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကိစ္စကို အဓိကရည်ညွှန်းကာ အပစ်ရပ်ဖို့ ကုလသမဂ္ဂ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းက စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ လတ်တလော ဖြစ်ပွားလာတဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ စစ်ကောင်စီတပ်တွေရဲ့ အထိုင်စခန်းတွေ၊ အုပ်ချုပ်နေတဲ့ မြို့အချို့ကို သိမ်းယူရရှိခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အပေါ် စိတ်ဓာတ်တက်ကြွကာ စစ်ကောင်စီရဲ့ စစ်ရေး ထိန်းချုပ်မှုတွေကို ထပ်မံတိုက်ခိုက်နိုင်မယ့် မျှော်လင့်ချက်တွေ ရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယခုရက်ပိုင်း ကေအန်ယူက ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက သတင်းမီဒီယာ တခုနဲ့ အင်တာဗျူးမှာ ပြောဆိုထားသလို စစ်ပွဲတခု တိုက်ခိုက်တဲ့အခါ ပေါ်ထွက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး ရိက္ခာနဲ့ လုံခြုံမှုအကာအကွယ် အရေးကိစ္စတွေက တွဲလျှက်ပါရှိလာတာ ဖြစ်လို့ လတ်တလော မြောက်ပိုင်းက ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေး ၁၀၂၇ တိုက်ခိုက်သလို မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ကေအန်ယူအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စစ်ကောင်စီတပ်တွေ၊ စခန်းတွေကို တိုက်ခိုက်ခြင်း မပြုနိုင်သေးတဲ့အကြောင်း ရှင်းလင်းပြောဆိုသွားတာ သတိပြုမိပါတယ်။
ကေအန်ယူအနေနဲ့ ၁၉၉၀ ခုနှစ်ကာလတွေက နဝတ/ နအဖ အစိုးရနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ သိန်းဂဏန်းနဲ့ ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ထိုင်းနယ်စပ် တလျှောက်မှာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ပြီး နိုင်ငံတကာ အကူအညီပေါ် မှီခိုနေထိုင် အသက်ရှင်သန်ကြရတဲ့ အတွေ့အကြုံလည်း ရှိခဲ့တာဖြစ်ပါတယ်။ အချို့သော ဒုက္ခသည်စခန်းတွေဟာ အခုချိန်ထိ ထိုင်းနယ်စပ်ဒေသတွေမှာ ရှိနေဆဲဖြစ်ပြီး မျိုးဆက်နောက်တဆက်အထိ နေထိုင်နေကြရဆဲ အနေအထားလည်း ဖြစ်ပါတယ်။
အခု လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အရေးပေါ် အခြေအနေမှာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ထားပေးပေမယ့် ထိုင်းနိုင်ငံနဲ့ မူဝါဒ အခြေအနေ ကွာခြားတာလည်း သတိပြုစရာ တချက်ဖြစ်ပါတယ်။
စစ်ဆင်ရေး ၁၀၂၇ ဟာ တရုတ်ရဲ့ မီးစိမ်းပြမှု ပါတယ်၊ မပါဘူးဆိုတဲ့ မှန်းဆချက်၊ အကဲဖြတ်ချက်တွေ ထွက်ပေါ်နေပေမယ့် တိတိကျကျ အထောက်အထားတစုံတရာတော့ ဘယ်သူမှ ထုတ်ဖေါ်တင်ပြနိုင်ခြင်း မရှိပါဘူး။ တရုတ်နိုင်ငံက အွန်လိုင်း လောင်းကစားဂိုဏ်းတွေ နှိမ်နှင်းမှုမှာ စစ်ကောင်စီအစိုးရကို အားမရတာကြောင့် အခုလို ကိုးကန့်လက်နက်ကိုင်၊ AA နဲ့ TNLA တို့ ရဲ့ ပူးပေါင်းစစ်ဆင်ရေး ၊ နဲ့ နယ်မြေသိမ်းယူရေးကို ထောက်ခံခဲ့သလား၊ သဘောတူခဲ့သလားဆိုတဲ့ မှန်းဆက်ချက် ပေါ်ထွက်ခဲ့တာ ဖြစ်ပြီး နယ်စပ်တလျောက်က တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ ဝ၊ မိုင်းလား၊ ကိုးကန့် တို့အပြင် စစ်ကောင်စီ ခန့်ထားတဲ့ ကိုးကန့်ဒေသ ဦးစီးအဖွဲ့ကပါ အွန်လိုင်းလောင်းကစား ဂိုဏ်းတွေကို ဖမ်းဆီးနှိမ်နှင်းရေးမှာ ပါဝင်လာတဲ့ အခုအနေအထားမှာတော့ တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့ ရည်မှန်းချက်အတိုင်းအတာတခုထိ ပြည့်မြောက်သွားတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီအနေအထားကြောင့် တရုတ်နိုင်ငံအနေနဲ့ အပစ်ရပ်ရေးကို ထပ်မံတိုက်တွန်းလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့တော့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ထက်ကို မိမိတို့ရဲ့ ရည်မှန်းချက် ဘယ်လောက်ထိ ရောက်ပြီလဲ၊ နောက်ထပ် တိုက်ခိုက်နိုင်တဲ့ အခြေအနေ မိမိတို့ဘက်မှာ အဆင်သင့်ရှိ မရှိ အပေါ် မူတည်ကာ ဆုံးဖြတ်ကြရမယ့် အနေအထားလည်း ဖြစ်နိုင်ပါတယ်။
ကိုးကန့်ဒေသက မြို့သိမ်း၊ စစ်စခန်းသိမ်းတာတွေကို သီးခြားထားကာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် နဲ့ စစ်ကိုင်း အစပ်က မြို့အချို့ သိမ်းယူနိုင်တာ၊ နောက်ထပ်မြို့အချို့ကို တိုက်ခိုက်နေတာတွေကို အကဲခတ်ကြည့်ရင် NUG/ PDF တွေရဲ့ လတ်တလော စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မရောက်သေးတဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ ခုရက်ပိုင်းမှာ ကောလင်းနဲ့ ခမ်းပတ် အပြင် နောက်ထပ်မြို့တွေဖြစ်တဲ့ ပင်လည်ဘူး၊ ထီးချိုင့် မြို့တွေ့ကို တိုက်ခိုက်နေဆဲ ဖြစ်ပြီး အဆိုပါမြို့က ဒေသခံတွေလည်း တိမ်းရှောင်နေကြရတဲ့ အနေအထား ဖြစ်မယ်လို့ ယူဆရပါတယ်။ မြို့တွေ သိမ်းယူဖို့ ကြိုးစားတဲ့အခါ မြို့ပေါ်နေထိုင်တဲ့ လူထုကို အားလုံးနီးနီး တိမ်းရှောင်ခိုင်းကြရတဲ့ အနေအထားမျိုးဖြစ်ပြီး သိမ်းယူပြီးတဲ့နောက် ဘယ်လို အစီအမံနဲ့ မြို့ကို ဆက်လက် စစ်ရေးအရ၊ အုပ်ချုပ်ရေးအရ ထိန်းသိမ်းကြမလဲဆိုတဲ့ အစီအမံတွေက အရေးတကြီး လိုအပ်ချက် ဖြစ်လာပါလိမ့်မယ်။
မြို့ကို သိမ်းယူနိုင်တာ စိတ်ဓာတ်ရေးအရ၊ ထင်သာမြင်သာတဲ့ စစ်ရေး အောင်မြင်မှုတရပ် ဖြစ်သလို မြို့နေလူထုအဖို့ အသက်အန္တရာယ်နဲ့ ၄င်းတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ အားလုံးကို ထိန်းသိမ်း ကာကွယ်ပေးနိုင်သလောက် ပေးဖို့ အစီအမံတွေ လိုအပ်မယ်လို့ ယူဆမိပါတယ်။ ဒေသခံမြို့ခံလူထုတွေအနေနဲ့ ချင်းပြည်နယ်က ထန်တလန်လို ကံကြမ္မာမျိုး ကြုံချင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုမြို့ပျက်စီးသွားတဲ့ အနေအထားတွေ ဘယ်လောက်ထိ ရှောင်လွှဲနိုင်မလဲဆိုတာ စစ်ပွဲမှာ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးနဲ့လည်း သက်ဆိုင်နေလိမ့်မှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar