Breaking News

နေသွင်ညိဏ်း - ဟာကူနာ မာဒါဒါ

Image- Credit
ဟာကူနာ မာဒါဒါ
နေသွင်ညိဏ်း
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၃

မနေ့တုန်းက ဒစ္စနေရဲ့ lion king  ကာတွန်းကားကို ကြည့်ဖြစ်တယ်။ ကျနော့်ဘဝမှာ ကြည့်ခဲ့တဲ့ ကာတွန်းကားဆိုလို့ လက်ချိုးရေတွက်ရင် ၁၀ -ချောင်း ပြည့်ပါ့မလား။ 
တကယ်က lion king ကို အရင်က ကြည့်ဖူးပါလိမ့်မယ်။ နောက်ဆုံး ဗားရှင်းကတော့ အတန် အဆင့်မြင့်သွားပါပြီ။ 3D - 4D ရုပ်ရှင် animation တွေဟာ အသက်ဝင်လွန်းလှတယ်။ ဂျိမ်းကင်မရွန်းရဲ့ avatar ရုပ်ရှင်ကစလို့ ဒီလို ဖန်တီးချက်တွေဟာ ခုန်ပျံ ရှေ့ဆက်နေပါပြီ။ အနာဂတ်မှာ ကျနော်တို့ ကြည့်ရမယ့် ရုပ်ရှင်မှာ လူတွေ ပါခွင့်ရပါတော့မလား။ AI နဲ့ algorithm တွေဟာ လူသား သရုပ်ဆောင်တွေနေရာကို ဝင်ယူတော့မလား။ ဒီနှစ်တွေ အတွင်းမှာပဲ  transformer လို ရုပ်ရှင်တွေဟာ လူသားသရုပ်ဆောင်တွေပါဝင်တဲ့ တချို့ရုပ်ရှင်တွေထက် ဝင်ငွေကောင်းနေပြီ မဟုတ်လား။ 
နေပါဦး။ ကျနော်က animation ရုပ်ရှင်တွေ အကြောင်း ပြောစရာအကြောင်းမရှိပါဘူး။ ပြောရလောက်အောင်လည်း နားလည်သူမဟုတ်ပါဘူး။ ဒါပေမယ့် lion king ရုပ်ရှင်ထဲက အတွေးအခေါ်ကို ကျနော်က စိတ်ဝင်စားမိတယ်ဆိုပါတော့။ 
ဇာတ်လမ်းအကျဉ်းကို လိုရင်းရောက်လွယ်အောင်ဆိုရရင် ခြင်္သေ့ဘုရင်ဟာ သူ့သား အရွယ်မရောက်ခင်မှာပဲ အကောက်ကြံတဲ့ ညီအရင်းက လုပ်ကြံတာ ခံလိုက်ရတယ်။ ခြင်္သေ့က​လေးဟာလည်း သူ့ဦးလေးရဲ့အသက်လုပ်ကြံတဲ့ ဘေးကနေ ကံကောင်းလို့ လွှတ်မြောက်ပြီး ခြေဦးတည့်ရာ လျောက်သွားနေတယ်။ 
အကိုဘုရင်ကိုလျှို့ဝှက်လုပ်ကြံတဲ့ ညီခြင်္သေ့ဟာ ဘုရင်အရာကို သူ့သဘောနဲ့သူ လုယူထားပြီး တခြားတိရစ္ဆာန်တွေက ပုန်ကန်မှာကို စိုးရိမ်တာနဲ့ ခွေးအ တွေကို လက်ရုံးတပ်ထားတယ်။ ဂျော့ချ်အိုဝဲ ရဲ့ animals farm ထဲက လက်သပ်မွေးထားတဲ့ ခွေးတွေအားကိုးနဲ့ ဘုရင်လုပ်နေတဲ့ ဝက်ဘုရင်လိုပါပဲ။ 
ခြင်္သေ့ပေါက်ကလေးကတော့ ခြေဦးတည့်ရာလျှောက်သွားရင် တောဝက်၊ မြွေပါ တို့နဲ့ မိတ်ဖွဲ့ရင်း အပူပင်ကင်တဲ့ ဘဝသစ်တခုမှ လေလွင့်နေခဲ့တယ်။ ဒါပေမယ့် ခြသ်ေ့ကလေးဟာ အရွယ်ရောက်လာတဲ့ အခါ သူ့ကိုယ့်သူ ပြန်တွေ့သွားပြီး သူ့အဖေရဲ့ ထီးနန်းကို ပြန်လုယူပြီး ဘုရင်အတုနဲ့ခွေးအတွေ ထင်တိုင်းကျဲလို့ ပျက်စီးနေတဲ့ နိုင်ငံတော်ကို ပြန်လည်စည်ပင်လာအောင် ထူထောင်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ ခြင်္သေ့ဘုရင် ဇာတ်လမ်းဟာ ပုံပြင်တပုဒ် ဖြစ်လို့ ဓမ္မက အဓမ္မကို အနိုင်ရခြင်းနဲ့ ဆုံးထားပါတယ်။ 
ပုဂံရာဇဝင်မှာ သားက အဖေကို လုပ်ကြံ၊ ညီက အကိုကို လုပ်ကြံ၊ ဒီလို အဖြစ်တွေ အများကြီးရှိခဲ့ပါတယ်။ တခါတလေ မင်းဆိုးမင်းညစ်ဟာ သာသနာ့ ဒါယကာဘွဲ့ခံပြီး နှစ်အတန်ကြာ အုပ်ချုပ်ခဲ့တာတောင်ရှိခဲ့ပါတယ်။ ငရမန်ရဲ့ လက်ထဲက ပုဂံထီးနန်းကို ကျန်စစ်သားကပြန်ရယူတာမျိုးကိုတော့ ပုံပြင်ဆန်တော့ လူတွေက သဘော ကျကြတယ်။ တကယ် အဖြစ်အပျက်တိုင်းမှာ စင်ဒရဲလား ပုံပြင်လို အမြဲတမ်း အဆုံးသတ်တာမဟုတ်ပါဘူး။ 
ကျနော်တို့ဟာ တီ​ကောင်တွေကို တူးပြီး ငါးမျှားခဲ့ဖူးကြတယ်။ မိုးစဲခါစ ညနေတွေမှာ ရုတ်တရတ် အလု အယက်ထွက်လာတဲ့ ပလူကောင်တွေကို ငှက်နက်နက်တွေက ထိုးဆိတ်ဖမ်းစားနေတာကို ခံစားချက်မဲ့စွာ ထိုင်ကြည့်ခဲ့ကြဖူးတယ်။ ဒါဟာ သဘာဝပဲလို့ နားလည်ထားခဲ့ကြတယ်မဟုတ်လား။ငါးကြီးကြီးတွေက ငါးသေးသေးတွေကို စားပြီး၊ မြွေက ဖားကို မြိုတဲ့အခါမျိုးမှာ ဘယ်သူက ထူးပြီး ဝမ်းနည်းခဲ့ဖူးပါသလဲ။ ဘယ်သူက တာဝန်တခုလို့ ခံစားဖူးပါသလဲ။ 
တာဝန်ဆိုတာ ဘာပါလိမ့်။ ဗညားဒလရဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းနဲ့ မင်းသုဝဏ်ရဲ့ ဖိုးမောင်းတို့ တာဝန်တွေကို ဘယ်လိုခံယူခဲ့ကြပါသလဲ။ နိုင်ငံကို ကာကွယ်သူနဲ့ ရွာကလေးကို ကာကွယ်သူတို့ရဲ့ တာဝန်ကိုယ်စီပဲမဟုတ်ပေဘူးလား။ 
နေပါဦး။ ကျနော် ပြောနေတာက lion king ထဲက အတွေးအခေါ်ပါ။ လူမပြောနဲ့ ခြင်္သေ့ပင်လျှင် who am I ? ကို နောက်ဆုံးမှာတော့ ပြန်မေး၊ ပြန်ရှာဖွေ တွေ့ရတယ်မဟုတ်လား။ ပြီးတော့ သူလုပ်ရမယ့် တာဝန်ကို သူလုပ်ရတယ်မဟုတ်လား။  ဒီလိုမှ မဟုတ်ရင် ကျနော်တို့ဟာ တီကောင်တွေ၊ ဖားသူငယ်တွေနဲ့ ဘာများ ခြားနားဦးမှာလဲ။ ကျနော်တို့ရဲ့ နာကျင်မှုတွေ၊ သေရေးရှင်ရေးတွေကို ဘယ်သူတွေက ရေးကြီးခွင်ကျယ် ခံစားကြဦးမှာလဲ။

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar