Breaking News

ဝင်းမင်းခိုင် - အစိမ်းရောင်ရဲ့ဈာပန

အစိမ်းရောင်ရဲ့ဈာပန
ဝင်းမင်းခိုင်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၃

နံရံလေးဘက်ကြားကိုရောက်သွားလို့
အစိမ်းရောင်ငတ်ခဲ့ကြတဲ့အထဲမှာ ကဗျာဆရာတွေလဲပါတယ်

ဆရာဒဂုန်တာရာက
သူ့ရဲ့အမြင်အာရုံခံစားမှုမှာ လအစိမ်းကိုရှာတွေ့သွားခဲ့တယ်

ကဗျာဆရာမောင်သင်းခိုင်ကတော့
အိုင်ယာလန်အစိမ်းနဲ့ ရိုးမနှစ်ခုကြားကပျဉ်းမနားအစိမ်းကို
သူသိပ်ချစ်တဲ့အကြောင်း
တခုတ်တရ ကဗျာထဲမှာ ထည့်ရေးတယ်

ငါကတော့
အစိမ်းရဲ့ဈာပနကို နဖူးတွေ့ဒူးတွေ့ကြုံရတဲ့သူပေါ့
ငါ့ရှေ့မှာတင်ပဲ
အစိမ်းပုတ်တွေ တတောလုံးတတောင်လုံးမြေခနေပုံများ
ဘယ်လိုတင်စားဖွဲ့နွဲ့ရမှန်းတောင် မသိတော့လောက်အောင်
"ကြွေ"

၁၃.၁၁.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar