Breaking News

ရခိုင်ပြည်နယ် ပေါက်တောမှာ တိုက်ပွဲဖြစ်ပွားနေဆဲ၊ အရပ်သားတွေ ပိတ်မိနေ၊ ရခိုင်မှာ ဆက်သွယ်ရေး တစတစပြတ်တောက်လာ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၃


ရခိုင်ပြည်နယ် ပေါက်တောမှာ တိုက်ပွဲဖြစ်ပွားနေဆဲ၊ အရပ်သားတွေ ပိတ်မိနေ၊ ရခိုင်မှာ ဆက်သွယ်ရေး တစတစပြတ်တောက်လာ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ တပ်နဲ့ ရခိုင့်တပ်တော် AA အကြား ၁ နှစ်တာနီးပါး နှုတ်အားဖြင့် သဘောတူအပစ်ရပ်ခဲ့ထားရာက ယခုလ ၁၃ ရက်နေ့မှာတော့  ပြန်လည်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ AA လက်နက်ကိုင် အဖွဲ့က ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီနဲ့ ဒုံးပိုက် နယ်ခြားစောင့်ကင်းစခန်း တွေကို တိုက်ခိုက်သိမ်းယူရာက စလို့ တနှစ်နီးပါး အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး ရခိုင်ပြည်နယ်ကို စစ်ကောင်စီဘက်က အဝင်အထွက် ပိတ်ဆို့ထားကာ ဖြတ် ၄ ဖြတ်ထက် ဆိုးရွားတဲ့ ပိတ်ဆို့မှုမျိုး တဖက်မှာ လုပ်ဆောင်ရင်း AA က တိုက်ခိုက်လာနိုင်တဲ့ အခြေအနေကို ကာကွယ်ဖို့ ပြင်ဆင်နေတာလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

ယခု တကြိမ် ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာတဲ့အခါ ၂၀၁၈-၂၀၁၉ ခုနှစ် တိုက်ပွဲ၊ ၂၀၂၂ခုနှစ် တိုက်ပွဲတွေနဲ့ မတူတဲ့ စစ်ရေးဗျူဟာမျိုး ချမှတ်ထားပြီး နယ်ခြားစောင့် ကင်းစခန်းတွေကို သိမ်းယူဖို့ တိုက်ခိုက်မှုတွေ အပြင် မြို့အချို့ကိုပါ သိမ်းယူဖို့ ရည်ရွယ်ချက်ထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားတဲ့ မြို့ကတော့ ပေါက်တောမြို့ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ မင်းပြားမြို့တွေ နဲ့ နီးကပ်စွာတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေနဲ့လည်း ၁၆ မိုင်အကွာအဝေးသာရှိတဲ့ မြို့ဖြစ်ပြီး လူဦးရေ ၁ သောင်းခွဲသာသာ ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီး ၂ ရက်အကြာ ၁၅ ရက်နေ့ ညမှာ AAက ပေါက်တောမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက် ၁၆ ရက်နေ့မှာ မြို့မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေကိုပါ ထိန်းချုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ရေလမ်းကရော မြေပြင်ကပါ ပြန်လည်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်မှာ ပြန်လည် နေရာယူကာ ဘုရားဝင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ မြို့ခံအချို့ကို ပိတ်ဆို့ထားပြီး မြို့ကို သိမ်းယူထားတဲ့ AA လက်နက်ကိုင် အဖွဲ့တွေကို ပြန်လည် တိုက်ထုတ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ 

AA နဲ့ စစ်ကောင်စီ တပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရက်အတန်ကြာခဲ့ပြီး ယခုရက်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ပိတ်မိနေတဲ့ ၄၀၀ ခန့်အရေအတွက်ရှိတဲ့ မြို့ခံတွေကို AA အဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။ 

ပေါက်တောမြို့မှာ ရှိတဲ့ ဘုန်းတော်ကြီးတပါး ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်တခုမှာတော့ စစ်ဘေးရှောင်ဖို့ အတွက် မလွယ်ကူတဲ့ သက်ကြီးရွယ်အိုတချို့၊ စိတ်ကျန်းမာရေး မကောင်းသူ တချို့၊ အိပ်ယာပေါ် လဲနေတဲ့ သက်ကြီးရွယ်အို တချို့ကို ဘုန်းတော်ကြီးကျောင်းမှာ စောင့်ရှောက်ထားတဲ့ ဓါတ်ပုံတွေတွေ့ရသလို ၊ ပို့စ်တခုမှာတော့ မြို့ထဲ ကျန်ရစ်ခဲ့တဲ့ အိပ်ရာထဲ လဲနေသူ သက်ကြီးရွယ်အို တယောက်ကို ဘုန်းတော်ကြီးက ရေတိုက်နေတဲ့ ဗီဒီယိုတခုလည်း တွေ့ရပါတယ်။ 

မြို့ခံ သောင်းဂဏန်းကျော် တိုက်ပွဲဘေးအန္တရာယ်ကို တိမ်းရှောင်ခဲ့ကြပေမယ့် အခုလို အိပ်ယာက မထနိုင်သူ အသက်အရွယ်၊ ကျန်းမာရေး မကောင်းလို့ စစ်ဘေးမရှောင်နိုင်သူတွေလည်း ရှိနေတဲ့ သဘောဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းလိုမျိုးက စောင့်ရှောက်ထားတယ်လို့ သဘောပေါက် ယူဆရပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်ခန့်က တင်ထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ထဲမှာ အိပ်ရာထဲ လဲနေတဲ့ အဘွားအိုတဦး၊ အသက် ၈၀ ဝန်းကျင် အဘိုးအိုတွေ၊ စိတ်ကျန်းမာရေး မကောင်းသူလို့ယူဆရတဲ့ သူတွေကို ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဒီဓာတ်ပုံတွေကို ကြည့်ရှုရသူတိုင်း စိတ်မချမ်းမြေ့စရာ ဖြစ်ရတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ဘေးနဲ့အတူ ရခိုင်ပြည်နယ်ကို ရိက္ခာ၊ လောင်စာ စက်သုံးဆီ၊ ဆေးဝါး၊ ကုန်းလမ်း၊ ရေလမ်း လူအဝင်အထွက်ပါ ပိတ်ဆို့ထားတာကြောင့် အချိန်ကြာလာသည်နှင့်အမျှ တဖက်မှာ စားသောက်ဖို့ ရိက္ခာ၊ အသက်ရှင် နေထိုင်ဖို့ ဆက်သွယ်ပြောဆိုဖို့ လျှပ်စစ်မီး၊ တယ်လီဖုန်း အဆက်အသွယ် ၊ ထိခိုက်ဒဏ်ရာရတာ၊ နာမကျန်းဖြစ်တဲ့အခါ ကုသဖို့ ဆေးရုံ၊ ဆေးဝါး စတာတွေလည်း တစတစ ခက်ခဲလာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ခု ရက်ပိုင်းမှာတင် ရခိုင်ပြည်နယ်ရဲ့ အချို့ဒေသတွေမှာ ဖုန်းလိုင်းတွေ စတင်ပြတ်တောက်လာနေပြီလို့ ဆိုပါတယ်။ ဖုန်းဆက်သွယ်ရေးလမ်းကြောင်း ကွန်ရက်တာဝါတိုင်တွေက လျှပ်စစ်မီး မရတာကြောင့် လောင်စာဆီဖြည့်တင်းပြီး မီးစက်နဲ့ လည်ပတ်နေတဲ့ တာဝါတိုင်တွေကို လောင်စာဆီ ရှားပါးပြီး ဆက်မဖြည့်နိုင်ရာကနေ ဖုန်းဆက်သွယ်ရေးတွေ ပြတ်တောက်လာတာလို့ ဆိုကြပါတယ်။ ခုချိန်ထိတော့ ဖုန်းအော်ပရေတာ အားလုံး ပြတ်တောက်တာမျိုးမဟုတ်သေးသော်လည်း မကြာခင်မှာ အော်ပရေတာ အများစု ပြတ်တောက်သွားမယ့် အနေအထားမျိုးလည်း ဖြစ်ပြီး၊ အစားအသောက် ရိက္ခာ စျေးကြီးတဲ့ဒဏ်ကိုလည်း စစ်ဘေးဒဏ်ခံနေရတဲ့ ရခိုင်ပြည်နယ်က လူထုအနေနဲ့ ခါးစည်းခံကြရဦးမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ စစ်ပွဲကို လက်နက်ကိုင် တိုက်ပွဲအဖြစ်နဲ့ သာ တိုက်ခိုက်တာမျိုးမဟုတ်ပဲ လူဦးရေ ၃ သန်းကျော်ရှိတဲ့ ပြည်နယ်တခုလုံးကို ကုန်သွယ်မှု၊ လူအဝင်အထွက်တွေ ပိတ်ဆို့လိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ လုပ်ကိုင်ဖို့ မလွယ်ကူတော့တဲ့ အနေအထားမျိုး ရောက်အောင် ဖြတ်တောက်ပြီး အကြပ်ကိုင်တဲ့ နည်းလမ်း၊ တနည်းအားဖြင့် လူထုကို ဓါးစားခံ အဖြစ်နဲ့ ဒုက္ခရောက်အောင် လုပ်ဆောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်မလုပ်နိုင်အောင် အကြပ်ကိုင်တာမျိုး စစ်ကောင်စီက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက AA တင်မက ရခိုင်နေလူထုကိုပါ အခုလို ပိတ်ဆို့အရေးယူပြီး စစ်ရေး လှုပ်ရှားမှု အားပျော့အောင်၊ အရပ်သား ထိခိုက်နစ်နာမှုကို အကြောင်းပြုပြီး စစ်ရေး တိုက်ခိုက်မှုတွေ ရပ်နားဖို့ ဖိအားပေးတာတွေကို AA ဘက်က ဘယ်လို တုံ့ပြန်မလဲတော့ လောလောဆယ်မှာ မသိရှိနိုင်သေးပါဘူး။ စစ်ကောင်စီဘက်က ပိတ်ဆို့ဒဏ်ခတ်မှုကို တုံ့ပြန်နိုင်မယ့် နည်းလမ်း၊ တခြားသော ကုန်သွယ်ရေး လမ်းကြောင်းမျိုးက တဆင့်တင်သွင်းတာမျိုး နည်းလမ်းရှာ ပြင်ဆင်ထားတာ ရှိ/ မရှိ မသိရှိရပါဘူး။ ဘယ်လို ဖြစ်ပေါ်လာမလဲဆိုတာကို ခုအချိန်က စလို့ စစ်ရေး တိုက်ပွဲရော မြို့ရွာတွေက လူထုရဲ့ ရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရတဲ့ အနေအထားတွေကို အနီးကပ် စောင့်ကြည့်လေ့လာရမယ့် သဘောလည်းဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar