Breaking News

ကိုအောင်မှိုင်း - ကြို

ကိုအောင်မှိုင်း - ကြို

(မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၃

တမ်းရင်း

မှန်းရင်း

လွမ်းမိပါတယ်။


အချိန်ကုန်

လူအစုံကို

ပြန်ဆုံချင်ပါတယ်။


ရွာဦးထိပ်မှာ

အမေအိုကြို

သားမောင်ဗလကြီး

ဆင်စီးခဲ့ပါကွဲ့

မြင်းစီးခဲ့ပါကွဲ့

ချစ်မငြီးသမို့

တပင်တည်းလိုပ

တမာပင်ပျိုက အသွင်ဆန်း

အောင်ပွဲရှင်က သပြေပန်း။


ရွာဦးကျောင်းက

တုံးမောင်းသံ

နာခံကြ တရွာလုံး

သပြေပန်း ကိုယ်စီကိုင်လို့

လုံမေပျိုတသိုက်မှာ

မောင်ကြီးကို ကြိုဘို့အရေး

တမှေးမှအိပ်မပျော်

မိုးစင်စင်လင်းပါလို့

ဝေလီအလင်းမှာလ

အားတင်းကြတရွာလုံး

လူစုံပြန်စေဘို့အရေး

ဆုမွန်ခြွေပေးကာပ

ရွာဦးမှာ စုဝေး သပြေတေး။


ဟိုမှာလေ ဖိုးထောင်

နောက်ကဟာ ဖိုးမောင်

စဥ်ဆက်မပြတ် ရွတ်ရင်း

နောက်ဆုံးတယောက်

ကျော်ကာသွားခဲ့

ဖိုးမှိန်ကို မမြင်

သူ ရေတိမ်နစ်ရှာပြီ

အသိတရားက မျက်ရည်

ဖိုးမှိန်များစွာ ပြန်မလာတော့

ရွာမှာ လူမစုံခဲ့တာကြာပေါ့။


နက်ဖန်မှာ နှုတ်ဆက်

သူတို့ စစ်ထွက်ကြဦးမယ်

နောက်ဆုံး သွေးတစက်

ကျန်သည်အထိပေါ့

သပြေပင်ကြီး ရှိနေသမျှ

အောင်ပွဲရှိနေမှာပဲ။


ဒို့ ရွာအဓိဋ္ဌာန် သောသောညံ

အောင်လံတလူလူ လွှင့်ကြပြန်

ပျိုတို့မောင် အညာချည်စောင်ပတ်


တရစပ် ပစ်ခတ်သံ 

တက်ခေါက်သံများ

သောင်းထိုက်က ကြားစေသား။

ကိုအောင်မှိုင်း

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar