Breaking News

မြန်မာ့အရေးမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ဂျာကာတာမှာ သီးခြားစီဆွေးနွေးခြင်းရဲ့ ဂယက်ရိုက်နိုင်ခြေ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃


မြန်မာ့အရေးမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ဂျာကာတာမှာ သီးခြားစီဆွေးနွေးခြင်းရဲ့ ဂယက်ရိုက်နိုင်ခြေ 

နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ အာဆီယံ အသင်းရဲ့ အလှည့်ကျတာဝန်ပြီးဆုံးသွားတဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ လက်ရှိအလှည့်ကျ ဥက္ကဌ တာဝန်ယူတဲ့ လာအိုနိုင်ငံတို့က ကမကထလုပ်ကာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေးမှာ ပါဝင်နေတဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ကိုယ်စားပြုသူတွေ နဲ့ စစ်ကောင်စီဘက်က ကြားခံပြောဆို ဆွေးနွေးသူတွေ အာဆီယံ အဖွဲ့က တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံကာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခကို အဖြေရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Interlocutors ကြားခံပြောဆိုသူလို့ သုံးနှုန်းထားပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ 

အလားတူပဲ PPST လို့ခေါ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ စတင်ဖွဲ့စည်းပြီး လက်ရှိမှာ လက်မှတ်ထိုးတဲ့ အဖွဲ့အားလုံးမစုံတော့တဲ့ အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရဘက်က ကိုယ်စားလှယ် အစရှိသူတွေထဲကလည်း ဘယ်သူတွေ တက်ရောက်ကြတယ်ဆိုတာ အမည်ထုတ်ဖော်ပြောဆိုကြခြင်း မရှိပါဘူး။ အခု လတ်တလော စစ်ကောင်စီနဲ့ လက်နက်ကိုင် တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့လို၊ KNDF, KA, KNPP လို လက်နက်ကိုင် အဖွဲ့တွေတော့ အခုဆွေးနွေးပွဲမှာ ကိုယ်စားပြုပါဝင်ကြတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။ 

ဒီဆွေးနွေးပွဲဟာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ တောက်လောင်လာတာ၊ စစ်ဘေးဒုက္ခသည်တွေ စစ်အာဏာသိမ်းပြီနောက် သန်းနဲ့ချီတိုးလာတာ၊ အာဆီယံ အဖွဲ့အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုတွေအထိ သက်ရောက်လာနိုင်ခြေ စတဲ့ရှုထောင့်တွေကနေ မြန်မာ့အရေးကို ကြားဝင် စေ့စပ်ဆွေးနွေးတာ၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ကြားဝင်ဆောင်ရွက်တာလို့ ယူဆရပါတယ်။

 မြန်မာ့အရေးကို မြန်မာနိုင်ငံမှာရှိတဲ့ စစ်ရေးအဖွဲ့တွေ နိုင်ငံရေးအဖွဲ့အစည်းတွေအကြား မိမိတို့ဘာသာ အဖြေရှာလို့ မရနိင်ဘူးလားဆိုတဲ့ စောဒက မေးခွန်းတွေလည်း မေးမြန်းကြတာရှိပါတယ်။ တကယ်တော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ၊ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ လက်နက် ခဲယမ်းရောင်းချပေးမှု၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ထိစပ်တဲ့ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာရင် စစ်ဘေးဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေထံ ရောက်ရှိနိုင်ခြေ၊ တရားဥပဒေ မစိုးမိုးတဲ့ နယ်စပ်ဒေသတွေက အွန်လိုင်းငွေလိမ်ဂိုဏ်းလို၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလို ကိစ္စရပ်တွေက အိမ်နီးချင်းနိုင်ငံတွေဆီ သက်ရောက်မှု ရှိနေတာကြောင့် မြန်မာ့အရေးက မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူတွေ ဖြေရှင်းကြရမှာ မှန်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အတိုင်းအတာတခုထိ သက်ရောက်မှုရှိပြီး တစိတ်တပိုင်း သက်ဆိုင်နေတဲ့ သဘောမျိုးလို့ ဆိုနိုင်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းတဲ့ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီ အစရှိတဲ့ အဖွဲ့တွေအကြား တိုက်ရိုက်စကားပြောဖို့ ဆွေးနွေးဖလှယ်ဖို့ အခက်အခဲကို အခုလို အာဆီယံအဖွဲ့က ကြားဝင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။  

ဒီသတင်းဟာ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အကြား၊ နွေဦးတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား ဂယက်ရိုက်ခတ်စေတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက PPST က ကိုယ်စားလှယ်အချို့ သွားရောက်ခဲ့တယ်လို့ နီးစပ်တဲ့ သူတချို့က အတည်ပြုကြပါတယ်။ NUG ဘက်ကလည်း နိုင်ငံခြားရေး ဘက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတဲ့ သဘောမျိုး သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ အကြိမ်ပေါင်း ၁၈၀ ကျော်သီးခြားစီ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပြီး သက်ဆိုင်သူတွေအားလုံး ကြိုတင်သတ်မှတ်ချက်မထားတဲ့ ဆွေးနွေးမှုတရပ် ထွက်ပေါ်လာအောင် ရည်မှန်းချက်ထား ကြိုးစားနေတဲ့ သဘောလို့ မှန်းဆရပါတယ်။ 

အခု ၃ ရက်တာ အစည်းအဝေး အပြီး ထုတ်ပြန်ချက် ထုတ်ပြန်လိုက်တဲ့အခါ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ လက်ရှိ ရှမ်းမြောက်လို၊ ရခိုင်ပြည်နယ်က AA လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ အခုလို နိုင်ငံရေး အရ အဖြေရှာကြမယ့် စားပွဲဝိုင်းမှာ အဖြေရှာကြမယ့် အနေအထားမျိုးမဟုတ်သေးဘူးလို့ ယူဆကောင်း ယူဆကြလိမ့်မှာ ဖြစ်ပြီးအချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ၄င်းတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ နယ်မြေထိန်းချုပ် စိုးမိုးရေးကို စစ်ရေးအရ အခွင့်သာချိန်အားစိုက်ပြီး တိုက်ခိုက်စိုးမိုးသိမ်းပိုက်ဖို့ စိတ်အားထက်သန် နေချိန်နဲ့ အခုလို စားပွဲဝိုင်းဆွေးနွေးပွဲတွေကို စိတ်ဝင်စားကြမယ့် သဘောမရှိဘူးလို့ မှန်းဆရပါတယ်။ 


NUG လက်အောက်က လက်နက်ကိုင် တပ်ဖွဲ့တွေ၊ NUG လက်အောက်က မဟုတ်တဲ့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့  အဖွဲ့အစည်းတွေအနေနဲ့ NUG အခုလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ့် အရိပ်အယောင်တွေ ပေါ်ထွက်လာတာကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဂျာကာတာ ဆွေးနွေးပွဲကို သွားရောက်ခြင်းဟာ စစ်ကောင်စီနဲ့ အစည်းအဝေးလုပ်ခြင်း မဟုတ်ဘူးလို့ စကားလုံးအားဖြင့် ဆိုပေမယ့်လည်း ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က လက်ရှိလက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေးအကြပ်အတည်း ပြဿနာကို ဆွေးနွေးခြင်းဖြင့် အဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံကိုယ်စား ကြိုးစားခြင်း ဆိုတာက ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ 


နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့အစည်း အနေနဲ့ နိုင်ငံရေးလမ်းကြောင်း စစ်ရေး လမ်းကြောင်း နှစ်ခုလုံးကို တိုင်းပြည်ရဲ့ အကျိုး၊ ပြည်သူလူထုရဲ့ အကျိုးအလို့ငှာ ကျင့်သုံးဖို့ လိုအပ်တဲ့အချိန်မှာ ကျင့်သုံးရမယ်ဆိုတာမျိုး စဥ်းစားထားခဲ့ရင် လူထုကိုရှင်းပြဖို့ လိုအပ်ပါတယ်။ လူထုလို့ဆိုရာမှာ NUG ကို ထောက်ခံအားပေးနေကြတဲ့ သာမန်ပြည်သူတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ NUG ရဲ့ အမိန့်ပေးမှုအောက်က လက်နက်ကိုင် အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေ၊ နိုင်ငံရေး အရမဟာမိတ်အဖွဲ့အစည်းတွေ အပါအဝင်ဖြစ်ပါတယ်။ အခုလို အချိန်မှာ လူထုဆန္ဒ၊ ပြည်သူလူထုရဲ့ လိုလားချက်  ဆိုတဲ့စကားလုံးတွေကို လွယ်လွယ် သုံးနေကြပေမယ့် အမှန်တကယ် ပြည်သူလူထုက ၄င်းတို့ ယူဆချက် ခံစားချက် ထင်မြင်ယူဆချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆို နိုင်ကြလားဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာတို့ကို ရောယှက်ကာ သုံးစွဲနေကြတဲ့ ကာလ၊ စစ်ရေး လှုပ်ရှားမှုလောက် ဘယ်အရာမှ အရေးမကြီးဘူးလို့ ယူဆနေကြတဲ့ ကာလမျိုးမှာ ပြည်သူလူထုအနေနဲ့ ၄င်းတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်၊ သဘောထားကွဲလွဲခွင့်တွေ သိသာစွာကျဆင်းနေပြီး ပြည်သူလူထုရဲ့ အမြင်ကို ကိုယ်စားပြု ဖေါ်ထုတ်ပေးနိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေလို လူထုအခြေပြု အဖွဲ့တွေလည်း အားအနည်းဆုံး အနေအထားမျိုး ရောက်ရှိနေချိန်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငအနေနဲ့ အခုရောက်နေတဲ့ နေရာက သမိုင်းအလှည့်အပြောင်း တခု၊ လမ်းဆုံတခုလို ဖြစ်နေတယ်လို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ စစ်ရေးအရပဲ ဖြေရှင်းမယ်၊ အာဏာရှင်စစ်တပ်ကို အမြစ်ပြတ်သည်အထိ တနိုင်ငံလုံးမှာ လက်နက်ချသည် အထိ တိုက်ခိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် သို့မဟုတ် အဆင့်တခုမှာ တန်းတူအနေအထားနဲ့ ဆွေးနွေးကြပြီး နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဆီ ရောက်အောင် လုပ်ဆောင်သွားမယ်ဆိုတာကို ဆုံးဖြတ်ရတာမျိုး ရွေးစရာ လမ်း ၂ ခွကို ရွေးချယ်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းတွေးဆကြည့်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar